ကုန်စျေးနှုန်းတက်၍ ရေသန့်ဘူးစျေးများ တက်နိုင်ဟု ရေသန့်လုပ်ငန်းရှင်များဆို

ကုန်စျေးနှုန်းတက်၍ ရေသန့်ဘူးစျေးများ တက်နိုင်ဟု ရေသန့်လုပ်ငန်းရှင်များဆို

နေပြည်တော်၊ နိုဝင်ဘာ ၁၉ ။                  ။ တစ်နေ့လျှင် ကျပ် ၄၈၀၀ ပေးရသည့်အလုပ်သမားခအပါအဝင် အထွေထွေကုန်စျေးနှုန်းများ မြင့်တက်လာသည့်အတွက် ရေသန့်စျေးနှုန်းများ မြင့်တက်လာနိုင်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာရေသန့်လုပ်ငန်းရှင်များ​​​အသင်းဥက္ကဋ္ဌ ဦးရဲထွဋ်​က ပြောသည်။

“ရေသန့်စျေးနှုန်းမြင့်တက်လာမယ့် အလားအလာရှိပါတယ်ဗျ။ ဘာဖြစ်လို့လဲဆိုတော့ အထွေထွေ ကုန်ကျစရိတ်တွေ မြင့်တက်လာတယ်။ နောက်တစ်ခုက နိုင်ငံတော်က သတ်မှတ်ထားပေးတဲ့ အလုပ်သမားရဲ့ Labour Charges ပေါ့ ။ တစ်ရက်ကို ၄၈ဝဝဆိုတဲ့ နှုန်းထားတစ်ခုကို ကျွန်တော်တို့က ရောက်အောင်ပေးရမယ်လေ။ မပေးနိုင်လို့ရှိရင် အလုပ်သမားဥပဒေနဲ့ လာငြိမှာကိုး။ အဲ့ဒီလိုမျိုး အထွေထွေက အကုန်စျေးတက်တယ်”ဟု ၄င်းကပြောသည်။

ရေသန့်ဘူး ထုတ်လုပ်ကုန်ကျစရိတ်များ ပိုမိုမြင့်တက်လာ၍ လာမည့်နွေရာသီကာလတွင် ရေသန့်ဘူး (၂၀ လီတာဆန့်) စျေးများ မြင့်တက်နိုင်ဖွယ်ရာရှိသည်ဟု ပြောဆိုလိုက်ခြင်းလည်း ဖြစ်သည်။

လက်ရှိတွင် စက်ရုံများအနေဖြင့် ၂၀ လီတာဆန့် ဘူးကြီးများအတွက် ဝယ်ယူရသည့်ကုန်ကျစရိတ်သည် ကျပ် ၃၁၀၀ ခန့်ရှိရာမှ ကျပ် ၃၅၀၀ နှုန်းအထိ မြင့်တက်သွားကြောင်း ရေသန့်လုပ်ငန်းရှင်များအသင်းထံမှ သိရသည်။

မြင့်တက်လာမည့် နှုန်းထားအရ စက်ရုံများမှ ထုတ်လုပ်သည့်စျေးနှုန်းသည် ဘူးကြီးတစ်ဘူးလျှင် ငွေကျပ် ၅၀၀ ခန့်အထိသာ ရှိမည်ဖြစ်ပြီး ကိုယ်စားလှယ်များထံမှ တစ်ဆင့်ခံ ဝယ်ယူရမည့် ပြည်သူများအနေဖြင့် ရေဘူးကြီးတစ်ဘူး (၂၀ လီတာ) လျှင် ကျပ် ရဝဝနှင့် ၈၀၀ အကြားရောက်ရှိသွားမည်ဖြစ်သည်ဟု သိရသည်။

“သောက်သုံးသူတွေ အနေနဲ့ စျေးပေါတဲ့ ရေသန့်ကို စျေးပေါတိုင်း မသောက်ဘဲနဲ့ ခုနကကျွန်တော်ပြောတဲ့ အချက်အလက်လေးတွေကိုကြည့်ပြီးတော့မှ သောက်သုံးပါ။ ရေသန့်တွေက ဒီကရောင်းတဲ့ ဒီတံဆိပ် ရေသန့်တွေက FDA တံဆိပ်ပါရဲ့လား။ တံဆိပ်တွေ အားလုံးတူညီရဲ့လား ။ နောက်ပြီးတော့ နေပူထဲမှာ ပုံထားတဲ့ ရေသန့်တွေလား၊ မြောင်းတွေ အမှိုက်ပုံတွေနားမှာ ချပြီး ပုံထားတဲ့ ရေသန့်တွေလားဆိုတာကို ရွေးချယ်ပြီးတော့ သောက်သုံးစေချင်ပါတယ်”ဟု ဦးရဲထွဋ်က ဆိုသည်။

ယနေ့ နိုဝင်ဘာ ၁၈ ရက်၊ နေပြည်တော်ရှိ Mandalay Paradise Food Corner တွင် ကျင်းပပြုလုပ်သည့် နေပြည်တော်ရေသန့်လုပ်ငန်းရှင်များ အသင်း စတုတ္ထအကြိမ်မြောက် အသင်းသားစုံညီအစည်းဝေး ခေတ္တရပ်နားချိန်တွင် ပြောခဲ့ခြင်းဖြစ်သည်။

ထို့အပြင် ဝယ်ယူသောက်သုံးသည့် ပြည်သူများအနေဖြင့် ဘူးတွင် ပါဝင်သည့် FDA အမှတ်တံဆိပ်၊ ရေသန့်ဘူးတွင် ကပ်ထားသည့် တံဆိပ်နှင့် ရေသန့်ဘူး အဖွင့်အပိတ် ဘုံဘိုင်ခေါင်းတွင် ကပ်ထားသည့် တံဆိပ်များ တူညီမှသာလျှင် ဝယ်ယူသောက်သုံးသင့်ကြောင်း ရေသန့်လုပ်ငန်းရှင်များဥက္ကဋ္ဌက ပြောသည်။

လက်ရှိတွင် တစ်နိုင်ငံလုံးအတိုင်းအတာ အနေဖြင့် တရားဝင် မှတ်ပုံတင်ထားသော ရေသန့်လုပ်ငန်း ၂၀၀၀ ကျော်ရှိနေသည်။

နယ်များတွင် ရေသန့် ဘူးကြီး ၂ဝလီတာ တစ်ဘူး၊ လဲလှယ်နှုန်းသည် ကျပ် ၄၀၀ ခန့်ထိရှိနေပြီး၊ ရန်ကုန်မြို့တွင် ယာဉ်ကြောရှုပ်ထွေးမှုများကြောင့် ယာဉ်ကြောရှင်းသည့်အချိန်တွင် ပို့ရသည့်အတွက် အလုပ်သမားခ အိုဗာတိုင်များပေးရသည့်အတွက် ၇၀၀ ကျပ်ခန့်ထိ ပေးဝယ်နေရကြောင်း ၄င်းအသင်းမှ ဥက္ကဋ္ဌက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly