အလှူအိမ်မှ လူ ၈၀ ကျော် အစာအဆိပ်သင့်မှုသည် ချက်ပြုတ်သူများ၏ တစ်ကိုယ်ရည်မသန့်ရှင်းမှုကြောင့်ဟု ဆို

အလှူအိမ်မှ လူ ၈၀ ကျော် အစာအဆိပ်သင့်မှုသည် ချက်ပြုတ်သူများ၏ တစ်ကိုယ်ရည်မသန့်ရှင်းမှုကြောင့်ဟု ဆို

သထုံ၊  နိုဝင်ဘာ၊၁၇ ။           ။ ပြီးခဲ့သည့် နိုဝင်ဘာလ ၂ ရက်က မွေးနေ့အလှူအိမ်တွင်  ဖြစ်ပွားခဲ့သော လူ ၈၆ ဦး အစာအဆိပ်သင့် ၊ ဆေးရုံတက် ကုသခံခဲ့ရမှုသည် ချက်ပြုတ်ကြော်လှော်သူများ၏ တစ်ကိုယ်ရည် မသန့်ရှင်းမှုကြောင့် ဖြစ်ပွားခဲ့ရကြောင်း သထုံခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

  "အော့အန်၊ ဝမ်းသွား ၊ ကိုယ်ပူနဲ့ အစာအဆိပ်သင့် လူနာတွေက တစ်သုတ်သုတ်နဲ့ ဆေးရုံကို ရောက်လာကြတာပေါ့။ ကျွန်မတို့လည်း အရေးပေါ် ကုသ စောင့်ကြည့်မှုတွေ လုပ်ပေးသလို အလှူအိမ်က ခေါက်ဆွဲကြော်၊ ရေခဲမုန့်၊ ပဲသုပ်စတဲ့ အစားအသောက်အားလုံးနဲ့ လူနာတွေရဲ့ အန်ဖတ်တွေကို ဓါတ်ခွဲစစ်ဆေးဖို့ ရန်ကုန်ကိုအားချင်း ပို့ခဲ့ပါတယ်။ အခု အဖြေ ထွက်လာပါပြီ။ ချက်ပြုတ်ပေးသူတွေရဲ့ တကိုယ်ရည် မသန့်ရှင်းမှု၊ ချက်ပြုတ်ပေးသူတွေရဲ့ ကိုယ်က ဘက်တီးရီးယားပိုးတွေက ကိုင်မိတဲ့ ခေါက်ဆွဲကနေ ပွားပြီး အဆိပ်ဖြစ်သွားတာ"ဟု သထုံခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဒေါ်သင်းသင်းအိက ပြောသည်။

ဖြစ်ပွားပုံမှာ  နိုဝင်ဘာလ ၂ ရက်နေ့က မွန်ပြည်နယ် ၊ သထုံမြို့နယ် ၊ သုဝဏ္ဏဝတီမြို့ ၊ သိမ်ဆိပ်၊ မင်းလမ်း ကျောက်စရစ်စုရှိ KG ကျောင်းသားတစ်ဦး၏ ၆ နှစ်မြောက် မွေးနေ့အလှူတွင် အစာအဆိပ်သင့်ပြီး လူ ၈၆ ဦး အော့အန် ဝမ်းသွား ကိုယ်ပူပြီး သိမ်ဆိမ်တိုက်နယ် ဆေးရုံနှင့် သထုံခရိုင် ပြည်သူ့ဆေးရုံတို့သို့ အရေးပေါ် တက်ရောက်ကုသမှု ခံယူခဲ့ကြရသည်။

  "ကျွန်မတို့ကလည်း ရွာဆင်းပြီး ကျန်းမာရေး အသိပညာပေး ဟောပြောပွဲတွေ လှည့်ဟောပြောနေတာပဲ။ ကျန်းမာရေး အသိပညာပေ လက်ကမ်းစာစောင်တွေလည်း လှည့်ဖြန့်နေတာပါပဲ။ လူတွေက အရေးမကြီးဘူး ထင်နေကြတာပဲလား မပြောတတ်ဘူး။ အခု အလှူအိမ်ကဖြစ်တဲ့ အစာအဆိပ်သင့်မှုဟာ တချို့ကပြောကြတယ်ပေါ့။ ထိုင်းက ဝင်လာတဲ့ ခေါက်ဆွဲတွေ၊ အေးခဲ ကြက်သားတွေကြောင့်ပေါ့။ မဟုတ်ဘူးရှင့်။ အလှူရှင်ကလည်း ပြောတယ်။ ထိုင်းက မမှာနိုင်ပါဘူးတဲ့။ ဒီ ဈေးထဲကပဲ ဝယ်တာပါတဲ့။ ဓါတ်ခွဲ စစ်ဆေး တွေ့ရှိမှုအရတော့ ချက်ပြုတ်ပေးသူတွေရဲ့ တကိုယ်ရည် မသန့်ရှင်းမှုကပါရှင့်။ သူတို့ ချက်ပြုတ်ပေးရင်း နှာခေါင်း၊ ပြန်နှိိုက်မယ်။ ပါးစပ်သုတ်မယ်။ နှပ်ချေပြီး ညှစ်မယ်။ ပြီးတော့ဖြစ်သလို ပြန်သုတ်မယ်။ အဲဒီကနေ သူတို့ရဲ့ ဘက်တီးရီးယားပိုးတွေက ခေါက်ဆွဲမှာပွားပြီး အဆိပ်ဖြစ်သွားတာပါရှင့်"ဟုသိမ်ဆိပ်တိုက်နယ်ဆေးရုံအုပ် ဒေါက်တာသာယာသန့်က ပြောသည်။

အဆိုပါ အစာအဆိပ်သင့်မှုများ နောက်နောင် မဖြစ်စေရန် ယခု ကထိန်ဘုရားပွဲ မွေးနေ့ ရှင်ပြုရဟန်းခံ ရာသီတွင် အိုးသူကြီးများထံ အတင်းတိုးဝှေ့၍ ကျန်းမာရေး အသိအမြင်ဖွင့်လုပ်ငန်းများ ပညာပေးလုပ်ဆောင်နေပါကြောင်း ၊ အာဏာပိုင်အဖွဲ့အစည်း အားလည်း လိုအပ်သည့်အတွက် နိုဝင်ဘာလ ၁၃ ရက် အင်္ဂါနေ့တွင် မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနသို့ တင်ပြထားပြီ ဖြစ်ကြောင်း၊ ခရိုင်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာဒေါ်သင်းသင်းအိထံမှ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly