လူငယ်များ အနာဂတ်အတွက် အလေးထားဆောင်ရွက်မည်ဟု မွန်နယ်လုံဝန်ကြီးသစ်ပြော

လူငယ်များ အနာဂတ်အတွက် အလေးထားဆောင်ရွက်မည်ဟု မွန်နယ်လုံဝန်ကြီးသစ်ပြော

မော်လမြိုင် ၊ နိုဝင်ဘာ ၊ ၁၇။             ။ မွန်ပြည်နယ်အတွင်းရှိ လူငယ်များနှင့် ပတ်သက်ပြီး အနာဂတ်ကောင်းစားရေးအတွက် အလေးထားဆောင်ရွက်သွားမည်ဖြစ်ကြောင်း မွန်ပြည်နယ်လွှတ်တော်မှ ပြောင်းလဲခန့်အပ်လိုက်သည့် မွန်ပြည်နယ်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေထွဋ်ဦးက  ပြောဆိုလိုက်သည်။

ယမန်နေ့ နိုဝင်ဘာ ၁၆ ရက်နေ့က မွန်ပြည်နယ်လွှတ်တော်တွင် ပြုလုပ်သော အရေးပေါ်အစည်းအဝေးအပြီးတွင် သတင်းထောက်များ၏ မေးမြန်းမှုများအား နယ်လုံဝန်ကြီးက ပြောဆိုခဲ့ခြင်းဖြစ်သည်။

“ကျွန်တော် ရောက်ရောက်ချင်းတွေ့နေရတာက လူငယ်တော်တော်များများက မူးယစ်ဆေးဝါးနဲ့ပတ်သက်ပြီး သုံးစွဲမှုက အရမ်းများနေတာတွေ့နေရတယ်။နိုင်ငံတာဝန်ကို လက်ဆင့်ကမ်းမယ့်လူငယ်တွေက ဒီလိုဖြစ်နေတယ်ဆိုတော့ မူးယစ် ဆေးဝါးနဲ့ပတ်သက်ပြီး ကျွန်တော်တို့နိုင်ငံမှ မဟုတ်ဘူး။ တစ်ကမ္ဘာလုံးက နှိမ်နင်းဖို့လုပ်နေတာ ။ ဥပဒေနဲ့ညှိစွန်းတာ မှန်သမျှ နှိမ်နင်းမှာပဲ ။ အဓိက ပြည်သူတွေပါဝင်မှ ဖြစ်မှာပါ။ မူးယစ်ဆေးဝါးမကောင်းဘူးဆိုတာ၊ မသုံးစွဲသင့်ဘူးဆိုတာ လူငယ်တွေကြားမှာ သိအောင် ကျယ်ကျယ်ပြန့်ပြန့် ပညာပေးဖို့လိုပါတယ်။ နောက်တစ်ခုက ယာဉ်စည်းကမ်၊ လမ်းစည်းကမ်းနဲ့ ပတ်သက်ပြီး လူငယ်တွေက လိုက်နာမှုနည်းပါးနေတဲ့အတွက် အသက်မရှုံးဆုံးသင့်ဘဲ ဆုံးရှုံးနေရတယ်၊ မီးနီးနေတာကို လမ်းဖြတ်ကူးတဲ့သူကဖြတ်ကူးနဲ့ ညဘက်လမ်းရှင်းနေတယ်၊ မီးနေလည်း ကူးတာပဲ။ အဲဒါတွေကို ကျယ်ကျယ်ပြန့်ပြန့် ပညာပေးဖို့ လိုအပ်နေပါတယ်” ဟု ဗိုလ်မှူးကြီး နေထွဋ်ဦး က ပြောသည်။

လက်နက်ကိုင်အဖွဲ့နှင့်ပတ်သက်ပြီး NCA ထိုးထားသည့်အတိုင်း ဆက်လက်ရပ်တည်သွားမည် ဟု  ၄င်းက ဆက်ပြောသည်။

အဆိုပါနေ့တွင် မွန်ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးနှင့် တပ်မတော်သားကိုယ်စားလှယ်ဗိုလ်မှူး နေမျိုးထွန်းတို့အား မွန်ပြည်နယ်လွှတ်တော်မှ အရေးပေါ်အစည်းအဝေးခေါ်ယူကာ အတည်ပြုခန့်အပ်ခဲ့ကြောင်း သိရသည်။

ယခုခန့်အပ်သော  မွန်ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေထွဋ်ဦးသည် ယခင် မွန်ပြည်နယ် နယ်/လုံဝန်ကြီး ဗိုလ်မှူးကြီး ဝင်းနိုင်ဦးနေရာတွင် အစားထိုး ခန့်အပ်ခြင်းဖြစ်သည်။

ဗိုလ်မှူးကြီး ဝင်းနိုင်ဦးသည် ၂၀၁၅ ခုနှစ် သြဂုတ်လအတွင်း ပထမအကြိမ် မွန်လွှတ်တော်တွင် ခန့်အပ်ခဲ့ဖြစ်ပြီး ယခုတွင် သက်ပြည့်ပင်စင် ယူသွားခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly