ကုလညီလာခံတွင် OIC နှင့် EU တို့ကတင်သွင်းသည့် ဆုံးဖြတ်ချက်(မူကြမ်း) ကို မြန်မာကန့်ကွက်

By စိုးသူအောင်
17 November 2018
ကုလညီလာခံတွင် OIC နှင့် EU တို့ကတင်သွင်းသည့် ဆုံးဖြတ်ချက်(မူကြမ်း) ကို မြန်မာကန့်ကွက်
Photo-Ministry of Foreign Affairs Myanmar

ရန်ကုန်၊ နိုဝင်ဘာ ၁၇ ။          ။ လူ့အခွင့်အရေးချိုးဖောက်မှုများကို သိမ်းကျုံးဖော်ပြထားသည်ဟုဆိုကာ ကုလသမဂ္ဂအထွေထွေညီလာခံ တတိယကော်မတီတွင် အိုအိုင်စီနှင့် အီးယူက ဦးဆောင်တင်သွင်းသည့် မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက် (မူကြမ်း) ကို မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးဟောက်ဒိုဆွမ်းက ကန့်ကွက်ခဲ့သည်။

နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်တွင် ကျင်းပလျက်ရှိသည့် (၇၃) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေ ညီလာခံ တတိယကော်မတီတွင် မြန်မာနိုင်ငံလူ့အခွင့်အရေးအခြေအနေဆိုင်ရာ ဆုံးဖြတ်ချက်မူကြမ်းကို အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (အိုအိုင်စီ) နှင့် ဥရောပသမဂ္ဂ (အီးယူ) တို့က ပူးတွဲ တင်သွင်း ခဲ့ခြင်းလည်းဖြစ်သည်။

“ မူကြမ်းတွင် မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံတကာ အချက်အလက်ရှာဖွေရေးအဖွဲ့ (FFM) ၏ အထောက်အထား ခိုင်လုံမှုမရှိသည့် အစီရင်ခံစာပါ လူ့အခွင့်အရေးချိုးဖောက်မှုများကို သိမ်းကျုံးဖော်ပြထားသည်” ဟု သံအမတ်ကြီး ဦးဟောက်ဒိုဆွမ်းကပြောသည်။

ထို့ကြောင့် မြန်မာဘက်မှ ကန့်ကွက်ကြောင်းနှင့် မဲခွဲဆုံးဖြတ်ခွင့်တောင်းခဲ့ရာ ထောက်ခံမဲအများစုဖြင့် အဆိုပါ မူကြမ်းကို အတည်ပြုခဲ့ကြောင်း လည်းသိရသည်။လူ့အခွင့်အရေးကိစ္စထက် ကျော်လွန်သော ကိစ္စရပ်များ ပါဝင် သည့် စာမျက်နှာ (၈) မျက်နှာရှိသော ယင်းဆုံးဖြတ်ချက်မူကြမ်းသည် ပုံမှန်ထက် သာလွန်ထူးကဲလျက် နိဒါန်း ပျိုး စာပိုဒ် (Preamble) ၂၈ ပိုဒ်နှင့် ဆောင်ရွက်မှုဆိုင်ရာ (Operative) စာပိုဒ် ၂ဝပါဝင်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနက နိုဝင်ဘာ ၁၇ ရက်စွဲဖြင့်ထုတ်ပြန်ခဲ့သည်။

သို့သော်လည်း ရခိုင်ပြည်နယ်အရေးကိစ္စအတွက် ရေရှည်တည်တံ့မည့် ဖြေရှင်းမှုများ ရရှိရန် မြန်မာအစိုးရ၏ ကြိုးပမ်းမှုများကို ကြိုဆို၊ အသိအမှတ်ပြု သည့် စာပိုဒ်တစ်ပိုဒ်မျှ ပါဝင်သည်ကို မတွေ့ရှိရကြောင်းလည်း အဆိုပါထုတ်ပြန်ချက်တွင်ရေးသားထားသည်။

“ ဆုံးဖြတ်ချက်မူကြမ်းသည် မြန်မာနိုင်ငံအပေါ် နိုင်ငံတကာဖိအားများ ပိုမိုကျရောက်ရန် ရည်ရွယ်ပုံရကြောင်း၊ ရခိုင်ပြည်နယ်ရှိ မတူညီသည့် အသိုက် အဝန်းများအကြား သာမက မြန်မာနိုင်ငံနှင့် အပြည်ပြည်ဆိုင်ရာ အသိုက်အဝန်းတို့အကြား အယုံအကြည်ကင်းမဲ့မှုနှင့် စိတ်ဝမ်းကွဲမှုကို ပိုမိုဖြစ်ပေါ် စေကြောင်း၊ ပဋိပက္ခအတွက် အဖြေ၊ နားလည်မှုနှင့် ပြန်လည်သင့်မြတ်မှုတို့ကို ရှာဖွေရမည့်အစား ဒဏ်ခတ်လိုမှုနှင့် အပြစ်ပေးလိုမှုတို့နှင့်သာ ပြည့်နှက်နေကြောင်း”  ဦးဟောက်ဒိုဆွမ်းက ကုလအစည်းအဝေးတွင် ပြောကြားခဲ့သည်။

၂၀၁၇ ခုနှစ်၊ သြဂုတ်လတွင် အာဆာအကြမ်းဖက် တိုက်ခိုက်မှုများ ဖြစ်ပွားပြီးနောက် လုံခြုံရေးကောင်စီ၌ ရခိုင်ပြည်နယ်အခြေအနေနှင့် ပတ်သက်၍ အစည်းအဝေး (၁၅) ကြိမ်ပြုလုပ်ခဲ့ပြီး လူ့အခွင့်အရေးကောင်စီ၌ ဘင်္ဂါလီများ၏အခွင့်အရေးနှင့် ပတ်သက်၍ အစည်းအဝေး (၇) ကြိမ် ကျင်းပခဲ့ကာ ဆုံးဖြတ်ချက် (၃)ခုကို အတည်ပြုခဲ့ကြောင်းကြောင်းလည်း အစိုးရထုတ်ပြန်ချက်များအရသိရသည်။

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံတကာ အချက်အလက်ရှာဖွေရေးအဖွဲ့ (FFM) နှင့် လက်ရှိဖော်ဆောင် ဆဲ လွတ်လပ်သောယန္တရားစသည့် ယန္တရား (၄) ခုအတွက် ၂၀၁၈-၂၀၂၀ ခုနှစ် ကုလသမဂ္ဂ၏ အသုံးစရိတ် ခွဲဝေချထားမှုသည် အမေရိကန်ဒေါ်လာ ၂၈,၆၀၈,၆၀၀ ရှိပြီး ကုလသမဂ္ဂ၏ ရှားပါးသည့် ငွေကြေး အရင်းအမြစ် များကို ကမ္ဘာတစ်ဝန်း အကူအညီအလိုအပ်ဆုံးဖြစ်သည့် ဆင်းရဲနွမ်းပါးသူများ၊ ထိခိုက်လွယ်သည့်သူများအား အကူအညီပေးရာတွင် အသုံးပြုသွားသင့်ကြောင်းလည်း မြန်မာနိုင်ငံဆိုင်ရာ သံအမတ်က ထောက်ပြပြောကြား ခဲ့ကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly