တစ်နှစ်ကြာ ပျောက်ဆုံးနေသည့် အာဂျင်တီးနား ပျောက်ဆုံးရေငုပ်သင်္ဘောအား ပြန်လည်တွေ့ရှိ

တစ်နှစ်ကြာ ပျောက်ဆုံးနေသည့် အာဂျင်တီးနား ပျောက်ဆုံးရေငုပ်သင်္ဘောအား ပြန်လည်တွေ့ရှိ

ဗျူနိုအေရိစ်၊ နိုဝင်ဘာ ၁၇  ။        ။ အတ္တလန္တိတ်သမုဒ္ဒရာအတွင်း သင်္ဘောအမှုထမ်း ၄၄ ဦးနဲ့အတူ ပျောက်ဆုံးသွားခဲ့တာ တစ်နှစ်ရှိပြီဖြစ်တဲ့ အာဂျင်တီးနားပိုင် ARA San Juan ရေငုပ်သင်္ဘောကို အမေရိကန်အခြေစိုက် ကုမ္ပဏီတစ်ခုက တွေ့ရှိကြောင်း အာဂျင်တီးနား ကာကွယ်ရေးဝန်ကြီးဌာနနဲ့ ရေတပ်တို့ဟာ စနေနေ့မှာ ထုတ်ပြန်ပါတယ်။

Ocean Infinity ကုမ္ပဏီက အဝေးထိန်းချုပ်ယာဉ်ငယ်နဲ့ ရှာဖွေရာမှာ ရေအောက် မီတာ ၈၀၀ အနက်မှာ အဲဒီ ရေငုပ်သင်္ဘောကို တွေ့ရှိခဲ့တာဖြစ်တယ်လို့ အာဂျင်တီးနားရေတပ်က ဆိုပါတယ်။

ခုလို ရှာဖွေနိုင်တာအတွက် အမေရိကန်ဒေါ်လာ ၇ ဒဿမ ၅ သန်း ရရှိမှာဖြစ်တဲ့ Ocean Infinity ကုမ္ပဏီက ဒီရေငုပ်သင်္ဘောကို ရှာဖွေမှုလုပ်ငန်းဗဟိုမှတ်က ကီလိုမီတာ ၆၀၀ ခန့်မှာ တွေ့ရှိတာလို့ ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ ၁၅ ရက်မှာ ဒီရေငုပ်သင်္ဘော San Juan ဟာ မာဒဲလ်ပလက်တာ အခြေစိုက်စခန်းဆီ ဦးတည်မောင်းနှင်လာချိန်မှာ ပျောက်ဆုံးသွားခဲ့တာ ဖြစ်ပါတယ်။

ရေငုပ်သင်္ဘောကပ္ပတိန်က ယာဉ်ရဲ့ ရေရှုပေါက်ကနေပြီး ရေတွေ ဝင်လို့ ဘတ္တရီပျက်စီးမှု ဖြစ်နေကြောင်း သတင်းလှမ်းပေးပို့အပြီး အဆက်အသွယ်ပြတ် ပျောက်ဆုံးသွားခဲ့ရတာ ဖြစ်ပါတယ်။

ရေငုပ်သင်္ဘော ပျောက်ဆုံးမှုဖြစ်ပြီး နာရီပိုင်းအတွင်းမှာ အဆက်အသွယ်စ ပြတ်တောက်တဲ့ နေရာအနီး ပေါက်ကွဲမှု ဖြစ်ခဲ့တယ်လို့ နိုင်ငံတကာအေဂျင်စီတွေက သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဒီရေငုပ်သင်္ဘော ပျောက်ဆုံးမှုကို ငါးလကြာ ရှာဖွေမှုလုပ်ငန်းစဉ်မှာ နိုင်ငံအချို့ပါဝင်ခဲ့ပြီး ကီလိုမီတာ ၄၃၀ ပတ်လည်ကို ရှာဖွေခဲ့ကြတာ ဖြစ်ပါတယ်။

နောက်ဆုံးမှာ အာဂျင်တီးနားအစိုးရဟာ ရေငုပ်သင်္ဘော ရှာဖွေရေးအတွက် စက်တင်ဘာ အစောပိုင်းမှာ Ocean Infinity ကုမ္ပဏီကို ငှားရမ်းခဲ့တာဖြစ်ပြီး ခုလို ရှာဖွေတွေ့ရှိတာ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required