တပ်မတော်နှင့် AA တို့ ကုလားတန်မြစ်ပတ်ဝန်းကျင်တွင် တိုက်ပွဲများဆက်တိုက်ဖြစ်ပွား

တပ်မတော်နှင့် AA တို့ ကုလားတန်မြစ်ပတ်ဝန်းကျင်တွင် တိုက်ပွဲများဆက်တိုက်ဖြစ်ပွား

ရန်ကုန်၊ နိုဝင်ဘာ ၁၇ ။            ။ တပ်မတော်နှင့် ရက္ခိုင့်တပ် (AA) တို့သည် အောက်တိုဘာနှင့်နိုဝင်ဘာလဆန်းအတွင်း ကုလားတန်မြစ် ပတ်ဝန်းကျင်တွင် တိုက်ပွဲများဆက်တိုက် ဖြစ်ပွားနေကြာင်း ရက္ခိုင့်တပ် (AA) ဘက်မှ ထုတ်ပြန်ချက်များ အရသိရသည်။

နိုဝင်ဘာ ၁၅ နှင့် ၁၆ ရက်များတွင် "ကုလားတန်မြစ်" နှင့်"ပီချောင်း" အကြား"နတ်ချောင်းဝရွာ"အနောက်ဘက် ၌ တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ရေးသားထားသည်။ တိုက်ပွဲဖြစ်ပွားရခြင်းမှာ တပ်မတော် ဘက်မှ အင်အားဖြင့် ထိုးစစ်ဆင်လာသောကြောင့်ဟုလည်း ရက္ခိုင့်တပ် (AA) ဘက်မှ ပြောဆိုထားသည်။

အလားတူ နိုဝင်ဘာ ၁၃ ရက်နေ့ကလည်း အိန္ဒိယ-မြန်မာနယ်စပ်အနီး၊ "ရွှေလိပ်ဝကျေးရွာ" အနီးတွင် မိနစ် ၅၀ ကြာတိုက်ပွဲဖြစ်ပွားခဲ့ပြီး ရက္ခိုင့်တပ် (AA) ဘက်မှ တစ်ဦးကျဆုံးကာ ဒဏ်ရာရသူများလည်းရှိခဲ့ကြောင်း သိရသည်။ အဆိုပါတိုက်ပွဲများတွင် တပ်မတော်ဘက်မှလည်း အကျအဆုံးများရှိသည်လည်း ရက္ခိုင့်တပ် (AA) ဘက်မှထုတ်ပြန်ခဲ့သည်။

အဆိုပါဖြစ်စဉ်များအတွက်  ရခိုင်ပြည်နယ် နယ်/လုံ ဝန်ကြီးနှင့် ရက္ခိုင့်တပ် (AA) ဘက်မှ ပြောခွင့်ရပုဂ္ဂိုလ် များထံ ဆက်သွယ်ခဲ့သော်လည်း ဖုန်းအဆက်အသွယ်မရခဲ့ပေ။တိုက်ပွဲဖြစ်ပွားမှုအခြေအနေများနှင့် ပတ်သက်၍ တပ်မတော်ဘက်မှလည်း သတင်းထုတ်ပြန်ထားမှု မရှိသေးပေ။

အောက်တိုဘာ (၁၄/၁၅/၁၇/၂၃/၂၈) ရက်နေ့များတွင်လည်း တပ်မတော်နှင့် ရက္ခိုင့်တပ် (AA) တို့ တိုက်ပွဲများ ခပ်စိပ်စိပ်ဖြစ်ပွားခဲ့ဖူးကြောင်း တိုက်ပွဲသတင်းများအရ သိရသည်။ ရက္ခိုင့်တပ် (AA) သည် အစိုးရနှင့် NCA ရေးထိုးထားခြင်းမရှိသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်ပြီး  “ ဝ” အဖွဲ့ဦးဆောင်သည့် FPNCC အဖွဲ့ဝင်လည်းဖြစ်သည်။
    

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required