ပွင့်တောက်ရွာကလေး ပြန်လည်ကျန်းမာလာပါစေ

ပွင့်တောက်ရွာကလေး ပြန်လည်ကျန်းမာလာပါစေ

ဒီကနေ့တော့ ပွင့်တောက်ရွာကလေးအကြောင်း နိဂုံးပိုင်းသဘောတင်ပေးလိုက်ပါတယ်။

ပွင့်တောက်ရွာကလေး ရေဘေးဒဏ်ကြောင့် ရွာလုံးကျွတ်တောင်ပေါ်တက် ပြေးခဲ့ကြရပုံတွေ၊ ရွာနေရာသစ်ရှာကြဖွေကြရတာတွေနဲ့ လတ်တလော စားဝတ်နေရေးပြဿနာ ဖြေရှင်းကြရပုံတွေကို ကျနော်ပြောပြခဲ့ပါတယ်။ တကယ်တော့ ပွင့်တောက်ရွာကလေးအဖို့ ကြုံတွေ့ရတဲ့အခက်အခဲတွေကို ဖြေရှင်းကြတဲ့အခါ ဝန်နဲ့အား ဘယ်လိုမှမကာမိအောင် အခက်အခဲတွေက ကြီးမားကြရတာကိုလည်း ကျနော်ပြောပြခဲ့ပါတယ်။

ဒီကြားထဲကပဲ မုန်းချောင်းရေးကြီးရခြင်းအကြောင်းရင်းနဲ့ ဆည်များဆောက်လုပ်ခဲ့ကြခြင်းကိစ္စမှာ မုန်းချောင်းဘေးနေထိုင်ကြတဲ့ကျေးရွာတွေဟာ ကံဆိုးမိုးမှောင်ကျသလို အဖြစ်ဆိုးခဲ့ကြတာကိုလည်း ကျနော်ပြောခဲ့ပါတယ်။

၂၀၁၅ ခု မုန်းချောင်းရေကြီးတဲ့အခါ ရွာလုံးကျွတ်ပျက်စီးပြီး ရွာလုံးကျွတ်ပြောင်းကြရွှေ့ကြရတဲ့ရွာ သုံးရွာရှိခဲ့တဲ့အနက် မြို့နဲ့အဝေးဆုံးလည်းဖြစ် လမ်းပန်းဆက်သွယ်ရေးအခက်အခဲဆုံးဖြစ်တဲ့ ပွင့်တောက်ရွာအနေနဲ့ အကူအညီအနည်းဆုံးရခဲ့တဲ့ရွာဖြစ်ခဲ့တာကိုလည်း ကျနော်ပြောပြခဲ့ပါတယ်။

ကဲ အခု ကူညီကယ်ဆယ်ရေးတချို့တော့ ပွင့်တောက်ရွာကလေးဆီ တစတစရောက်လာနေကြပြီဖြစ်ပါတယ်။ သုံးလေးရက်စာ ချက်စားစရာဆန်တောင်မှ အပိုအလျှံမရှိတတ်တဲ့ မိသားစုများက အများစုဖြစ်တဲ့ပွင့်တောက်ရွာကလေး ပြန်လည်ထူထောင်ရေးအလုပ်ဟာ သူ့သာဖါသာသူ ကိုယ့်အားကိုယ်ကိုးတစ်ခုတည်းနဲ့တော့ ဖန်တီးယူလို့ လွယ်ကူတဲ့ကိစ္စမဟုတ်ပါဘူး။ ဒါ့အပြင် စေတနာရှင်တွေဆီက လက်ခံရရှိတဲ့ အကူအညီလောက်နဲ့လည်း ဖူလုံစရာအကြောင်း လုံးဝမရှိပါဘူး။ တကယ်တန်း ရေဘေးအထိနာရတဲ့ အဲဒီ ကျေးရွာသုံးရွာ ပြန်လည်ထူထောင်ရေးကိစ္စဟာ တိုင်းပြည်သက်ဆိုင်ရာ တာဝန်ရှိသူများကိုယ်တိုင်က ဦးစီးဦးရွက်ပြုပြီး ရွာနေရာသစ်ရှာဖွေရေးနဲ့ ပြန်လည်ထူထောင်ရေး စီမံချက််ရေးဆွဲဆောင်ရွက်သင့်တဲ့ကိစ္စပါ။ ပြန်လည်ထူထောင်ရေးလုပ်ငန်း အဓိကတာဝန်ယူကြရမှာနဲ့ အဓိကတာဝန်ရှိသူဟာ သက်ဆိုင်ရာဝန်ကြီးဌာန တာဝန်ရှိသူများနဲ့ အုပ်ချုပ်ရေးစီမံခန့်ခွဲရေးတာဝန်ရှိသူများဖြစ်ပါတယ်။ ကျနော်တို့ စေတနာအလျောက် လာရောက်ကူညီတဲ့ ကူညီကယ်ဆယ်ရေးတွေ ပွင့်တောက်ရွာကလေး ရောက်ခဲ့စဉ်အချိန်အထိတော့ ဘယ်တာဝန်ရှိသူတစ်ဦးတစ်ယောက်မှ လာရောက်ကြည့်ရှုခြင်းနဲ့ ကူညီခြင်း မပြုနိုင်သေးဘူးလို့သိခဲ့ရပါတယ်။

မန္တလေးမြို့ကရောက်လာတဲ့ပန်းချီဆရာအဖွဲ့က မိသားစုတအိမ်ထောင်ကို အလှူငွေ သုံးသိန်းစီ လှူဒါန်းမှာဖြစ်ကြောင်း ပြောကြားလိုက်တဲ့အခါ စာသင်ကျောင်းမှာလာရောက်စုဝေးကြတဲ့ ပွင့်တောက်ရွာသားတွေ အိန္ဒြေမဆည်နိုင်အောင် ပျော်ရွင်သွားကြတာကိုကြည့်ပြီး ဝမ်းသာဝမ်းနည်းဖြစ်ကြရပါတယ်။

အခုဆိုရင် အနည်းငယ်အလှမ်းဝေးတဲ့ မုန်းချောင်းကတဆင့် ရေတင်စက်နဲ့ စတင်ရေစုတ်ယူတင်လို့တော့ရလာပြီဖြစ်ပေမယ့် ရေလှောင်ကန်မရှိသေးပြန်ပါဘူး။ ရေတင်စက် တစ်လုံးတည်းနဲ့လည်း တရွာလုံးရေလောက်ငအောင် စုတ်ယူအသုံးပြုလို့ကလည်း မနိုင်ပြန်ပါဘူး။ ဒီလို ရေစုတ်စက်နဲ့ ပိုက်သွယ်ပြီး ချောင်းထဲကရေကို တောင်ကုန်းပေါ်နေ့စဉ်ရေတင်ပြီး တရွာလုံးရဲ့ရေအခက်အခဲကို ဖြေရှင်းဖို့စဉ်းစားတဲ့နည်းကလည်း ဆေးမြိီးတိုနည်းသာဖြစ်ပြီး ရေရှည်ဆက်သွားနိုင်ဖို့ဆိုတာ မဖြစ်နိုင်ပြန်ပါဘူး။ လတ်တလောအခက်အခဲကို ယာယီဖြေရှင်းတဲ့သဘောပါပဲ။

သေသေချာချာစဉ်းစားကြည့်မယ်ဆိုရင် ဆရာတော်ဘုရားအပါအဝင် ရာအိမ်မှူးကအစ ရွာရဲ့သာရေးနာရေးအသင်းအဆုံး လတ်တလောဖြေရှင်းနေရတဲ့ပြဿနာက စားရေးပြဿနာဖြစ်နေပါသေးတယ်။ လုပ်ကိုင်စားဖို့ လယ်တွေကိုင်းတွေ ပျက်ဆီးကုန်ပြီဖြစ်လို့ ဒီတနွေဒီတမိုး စိုက်ပျိုးစားသောက်ဖို့ကတော့ စဉ်းစားဖို့မလိုလောက်အောင်ကိုပဲ အားကိုးလို့မရတော့ပြီ။ ချောင်းထဲ ငါးရှာဖါးရှာစားတဲ့နည်းနဲ့ တောတောင်ထဲ အမဲလိုက်ရှာကြံစားတဲ့နည်းကိုပဲ လတ်တလော အားကိုးကြရတော့မှာပါ။ ဒီကြားထဲ ရွာနေရာသစ်မှာ စနစ်တကျအိမ်ခြံကွက်တွေချပြီး အိုးအိမ်တွေပြန်လည်ဆောက်လုပ်ကြရမှာကလည်း မဖြစ်မနေလုပ်ကိုင်ကြရမယ့် စိန်ခေါ်မှုကြီးဖြစ်နေပါသေးတယ်။ တောင်ပေါ်တက် သစ်ခုတ်ဝါးခုတ်ရပါမယ်။ အိမ်ဆောက်ပစ္စည်းတွေစုရပါမယ်။ ငွေကြေးတစ်စုံတရာ လိုပါတယ်။

အံ့သြဖို့ကောင်းတဲ့အချက်က ရွာရဲ့မူလတန်းကျောင်းကလေးက ကျောင်းတက်မပျက် စာသင်မပျက်ရှိနေသေးတာတွေ့ရပါတယ်။ ကျောင်းဆရာမသုံးဦးစလုံးက ရေကြီးလို့တောင်ပေါ်တက်ပြေးကြရတဲ့အချိန် လေးရက်ပဲ ကျောင်းပိတ်ထားခဲ့ရပြီး ရေပြန်ကျလို့ ယာယီစာသင်ကျောင်းလေးဖြစ်လာတဲ့အခါ ကျောင်းတက်မပျက်စာသင်မပျက်အောင် လိုက်လံစည်းရုံးဆော်သြခဲ့ကြလို့ ကျောင်းကလေးကတော့ စာအံသံတွေ ပြန်ကြားလာကြရပါတယ်။

အခုဆိုရင် မိုးတဖြေးဖြေးပါးသွားတာနဲ့အမျှ ပွင့်တောက်ရွာကလေး ရွာသစ်ပြန်လည်တည်ထောင်ရေးနဲ့ အသက််မွေးဝမ်းကျောင်းလုပ်ငန်းတွေ ပြန်လည်စတင်နိုင်တော့မှာဖြစ်ပါတယ်။ ကျနော်တို့ရောက်နေတဲ့အချိန်မှာပဲ ဆန်နဲ့ အခြားစားစရာ ကုန်ခြောက်တချို့ စက်လှေတွေနဲ့ရောက်လာတာကို တွေ့ခဲ့ရပါတယ်။

မကြာတော့သောအချိန်မှာတော့ ပွင့်တောက်ရွာကလေး စနစ်တကျ ရွာသစ်ပြန်တည်နိုင်ရေး၊ စားဝတ်နေရေးနဲ့ ပညာရေးကျန်းမာရေးများ ပြန်လည်ကုစားလို့ အဆင်ပြေလာနိုင်ပါစေလို့ပဲ ဆုတောင်းပေးလိုက်ရပါတယ်။

လူငယ်များ ခရီးများများထွက်နိုင်ကြပါစေ။ ဒေသန္တရဗဟုသုတ ရှာဖွေစုဆောင်းနိုင်ကြပါစေ။
 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly