စစ်တွေမြို့ ဗုံး၃လုံးပေါက်ကွဲခဲ့မှုအတွက်  စွပ်စွဲဖမ်းဆီးခံထားရသူတစ်ဦးကို ထောင်နှစ်၃၀ ချမှတ်

စစ်တွေမြို့ ဗုံး၃လုံးပေါက်ကွဲခဲ့မှုအတွက်  စွပ်စွဲဖမ်းဆီးခံထားရသူတစ်ဦးကို ထောင်နှစ်၃၀ ချမှတ်
Photo-EPA

ရန်ကုန်၊ နိုဝင်ဘာ ၁၇ ။            ။ ရခိုင်ပြည်နယ် ၊စစ်တွေမြို့တွင် ၂၀၁၈ခုနှစ် ဖေဖော်ဝါရီလအတွင်းက ဖြစ်ပွားခဲ့သော ဗုံး ၃ လုံးပေါက်ကွဲခဲ့မှု ဖြစ်စဉ်အတွက် စွပ်စွဲဖမ်းဆီးခံထားရသော ဦးအေးဝင်းကို နိုဝင်ဘာလ ၁၆ရက်နေ့တွင် စစ်တွေခရိုင်တရားရုံးက ထောင်ဒဏ်အနှစ် ၃၀ ချမှတ်လိုက်ကြောင်း သတင်းရရှိသည်။

“၃ မူနဲ့ စွဲပြီးတော့ ၃ မှုနဲ့ ချလိုက်တယ်ဗျာ။ နှစ် ၃၀ ချတယ်။ ကျွန်တော်ပြောချင်တာက ကျွန်တော်ဟာ ဘယ်ပေါက်ကွဲမှုမှာမှ ဘယ်ဟာမှာမှ မပါခဲ့ဘူး။ ပါဝင်ခဲ့ခြင်းလည်း မရှိဘူး။ ကူညီခဲ့တာလည်း မရှိဘူး။ အဲဒီလို ဖြစ်ပွားတဲ့နေ့က ကျွန်တော် ဘူးသီးတောင်၊ မောင်တောဖက်ကို ကယ်ဆယ်ရေး ပေးဖို့အတွက် သွားနေခဲ့တာပါ။ ရခိုင်လူမှုကူညီစောက်ရှောက်ရေးဖောင်ဒေးရှင်းလည်း ပါတယ်။”ဟု တရားခွင်မှ အမိန့်ချမှတ်၍ အပြီးတွင် ဦးအေးဝင်း က မီဒီယာများသို့ ပြောဆိုခဲ့သည်။

ထိုဖြစ်စဉ်နှင့် ပတ်သက်၍ သံသယရှိသူ ၉ ဦးထက်မနည်းကိုဖမ်းဆီးခဲ့ပြီး အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀ (က) ၊ (စျ) ဖြင့် တရားရုံးတင်စစ်ဆေးခဲ့ရပြီး ၅ ဦးကို စစ်တွေမြို့မရဲစခန်းမှ အာမခံဖြင့် လွှတ်ပေးခဲ့ သည်။ နှစ်ဦးကိုမူ တရားမဝင် နယ်စပ်ဖြတ်ကျော်မှု ၁၃ (၁) ဖြင့် ထောင်ဒဏ် ၆ လစီကျခံရန် အမိန့်ချမှတ်ခဲ့ပြီး တစ်ဦးကို အမှုမှကွင်းလုံးကျွတ်လွတ်မြောက်ခွင့်ပေးခဲ့သည်။ ထိုလူများထဲမှ ကျန်ရှိနေသော ဦးအေးဝင်း ကို နိုဝင်ဘာလ ၁၆ ရက်နေ့တွင် ထောင်ဒဏ် နှစ်သုံးဆယ် ကျခံစေရန် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။

"ဒီအမှုနဲ့ ပတ်သက်ပြီးတော့ ဆက်ပြီး ပြည်နယ်အယူခံတက်မယ်။ စစ်တွေဗုံးပေါက်ခွဲမှုကို ဖမ်းတာတော့ အများကြီး ဖမ်းတယ်။ တချို့ကို တခြားပုဒ်မနဲ့ စွဲတယ်၊တချို့ကို ပြန်လွှတ်ပေးလိုက်တယ်။" ဟု ပြစ်ဒဏ် ချမှတ်ခံခဲ့ရသူ ဘက်မှ လိုက်ပါခဲ့သော တရားလွှတ်တော်ရှေ့နေ ဒေါ်အေးနုစိန်က မဇ္စျိမသို့ ပြောသည်။

ရခိုင်ပြည်နယ်၊စစ်တွေမြို့ရှိ အစိုးရအဖွဲ့အဆောက်အဦများဖြစ်သော တရားလွှတ်တော်ရုံးနှင့် ပြည်နယ် မြေ စာရင်းဦးစီးဌာနအပါအဝင် ပြည်နယ်အစိုးရအဖွဲ့၏ အတွင်းရေးမှူးဟောင်း ဦးတင်မောင်ဆွေ၏ နေအိမ်တို့ကို ဗုံးဖြင့်တိုက်ခိုက်ခဲ့သည့် ဖြစ်စဉ်တစ်ခု ဖေဖော်ဝါရီလအတွင်း ဖြစ်ပွားခဲ့ပြီး ရဲတပ်သားတစ်ဦး အပါအဝင် လူ နှစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟု တပ်မတော်က သတင်းထုတ်ပြန်ခဲ့သည်။

ဦးအေးဝင်းကို အကြမ်းဖက်တိုက်ဖျက်ရေးပုဒ်မများဖြစ်သည့် အမှုတ်အမှတ် ၂၉/၂၀၁၈ ရာဇ သတ်ကြီးပုဒ်မ (က)/(ဈ)၊ အမှုအမှတ် ၃၀/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၅၀ (ဈ) နှင့် အမှုအမှတ် ၃၁/ ၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၅၀ (ဈ) တို့ဖြင့် တရားစွဲဆိုခဲ့ပြီး နိုဝင်ဘာလ ၁၆ ရက်နေ့မှာ စစ်တွေခရိုင်တရားရုံးက အမိန့်ချမှတ်လိုက်ခြင်း ဖြစ်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly