ကမ္ဘာ့အမြင့်ဆုံး ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ တာဂျစ်ကစ္စတန် ဖွင့်လှစ်

ကမ္ဘာ့အမြင့်ဆုံး ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ တာဂျစ်ကစ္စတန် ဖွင့်လှစ်
Photo: AFP

ဒတ်ရှန်ဘီ၊ နိုဝင်ဘာ ၁၇ ။       ။ တာဂျစ်ကစ္စတန်နိုင်ငံ သမ္မတ အမ်မိုမာလီရက်ရှ်မွန်ဟာ ကမ္ဘာ့အမြင့်ဆုံးဖြစ်လာနိုင်ဖွယ် ရှိတဲ့ ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံကို သောကြာနေ့မှာ တက်ရောက်ဖွင့်လှစ်ပါတယ်။

အမေရိကန်ဒေါ်လာ ၃ ဒဿမ ၉ ဘီလီယံ အကုန်အကျခံ တည်ဆောက်ထားတဲ့ ဒီစက်ရုံဟာ ဆင်းရဲသော အာဏာရှင်နိုင်ငံ တာဂျစ်ကစ္စတန်ကို ဗဟိုအာရှမာ အဓိကလျှပ်စစ်ဓာတ်အား ထုတ်လုပ်တဲ့ နိုင်ငံအဖြစ််သို့ ရောက်ရှိစေနိုင်မှာ ဖြစ်ပါတယ်။

ပါမားတောင်တန်းတွေမှာ ရိုဂန်ဆည်ကြီးကို တည်ဆောက်ပြီး ရေအားနဲ့ လျှပ်စစ်ထုတ်လုပ်တဲ့ ဒီစက်ရုံကို သမ္မတ ရက်ရှ်မွန်က စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးလိုက်ရာမှာ တက်ရောက်လာကြသူတွေက လက်ခုပ်တီး သြဘာပေးကြပါတယ်။

“ကျွန်တော်တို့တွေရဲ့ ရေရှည်အိပ်မက်ဟာ အစစ်အမှန်ဖြစ်လာပါပြီ။”လို့ ၁၉၉၂ ခုနှစ်ကတည်းက နိုင်ငံကို အုပ်ချုပ်လာခဲ့သူ သမ္မတ ရက်ရှ်မွန်က ဆိုလိုက်ပြီးနောက်မှာတော့ မီးရှုးမီးပန်းတွေ ပစ်လွှတ်ဖောက်ခွဲကြပါတယ်။

ဒါအပြင် ဦးထုပ်မာတွေ ဆောင်းထားကြတဲ့ အမျိုးသားတွေက နိုင်ငံတော် အလံကို ဝှေ့ယမ်းရင်း ရိုဂန်ဆည်ကြီးအကြောင်း သီချင်းလုပ်သီဆိုကာ ကကြပါတယ်။

“ရိုဂန်ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံဟာ တာဂျစ်ကစ္စတန်ရဲ့ စီးပွားရေးကို အသွင်ပြောင်းလဲစေမှာ ဖြစ်ပါတယ်။ အနာဂတ်ချမ်းသာဝပြောရေးအတွက် အုတ်မြစ်ချလိုက်တာပဲ ဖြစ်ပါတယ်။”လို့ ကမ္ဘာ့ဘဏ်မှဥရောပနှင့် ဗဟိုအာရှရေးရာ ဒုတိယဥက္ကဌက ဆိုခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required