အမျိုးသမီးအမတ်လောင်း အချို့ မက်တဲ့ အနာဂတ် နိုင်ငံရေးအိမ်မက်များ

အမျိုးသမီးအမတ်လောင်း အချို့ မက်တဲ့ အနာဂတ် နိုင်ငံရေးအိမ်မက်များ
အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ၏ လက်ရှိအမျိုးသမီးအမတ်တစ်ဦးဖြစ်သူ ဒေါ်တင်နွယ်ဦးကို စက်တင်ဘာ ၈ ရက် ဒဂုန်မြို့သစ် မြောက်ပိုင်း ၄၇ ရပ်ကွက် ဗညာဒလလမ်း ဓမ္မနီတိဓမ္မာရုံ မဲဆွယ်စည်းရုံးမှုအတွင်း တွေ့ရစဉ်။ (ဓာတ်ပုံ - သက်ကို)

ရန်ကုန်၊ စက်တင်ဘာ ၂၆။                ။ လာမယ့်ရွေးကောက်ပွဲမှာ အမျိုးသမီး လွှတ်တော်အမတ်လောင်းများအဖြစ် အင်အားကြီးပါတီနှစ်ခုဖြစ်တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ၁၅ ရာခိုင်နှုန်းနဲ့ ကြံ့ခိုင်ရေးပါတီကတော့ အမျိုးသမီး လွှတ်တော်အမတ်လောင်း ၇ ရာခိုင်နှုန်းကို ရွေးချယ်ထားတာတွေ့ရပါတယ်။ အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီကတော့ ရာခိုင်နှုန်း အများဆုံး ရွေးချယ်ထားပြီး ၂၀ ရာခိုင်နှုန်း ရွေးချယ်ထားတာ တွေ့ရပါတယ်။

လာမယ့် ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် ပါတီပေါင်းစုံက ကိုယ်စားလှယ်လောင်း ၆,၀၀၀ ကျော်ရှိတဲ့အထဲမှာတော့ အမျိုးသမီး လွှတ်တော်အမတ်လောင်း ၁၄ ရာခိုင်နှုန်း ပါဝင် ယှဉ်ပြိုင်ကြမှာပါ။ အရေအတွက် အားဖြင့်တော အမျိုးသမီး အမတ်လောင်း ၈၀၀ ကျော်ရှိပါတယ်။

လက်ရှိလွှတ်တော်အတွင်းမှာတော့ အမျိုးသမီးလွှတ်တော်အမတ် ရာခိုင်နှုန်း ၄ ရာခိုင်နှုန်းသာ ရှိနေပါတယ်။ မြန်မာ့နိုင်ငံရဲ့ လူဦးရေ ထက်ဝက်ကျော်ဟာ အမျိုးသမီးများ ဖြစ်နေပါလျက်နဲ့ မြန်မာ့ နိုင်ငံရေး ဦးဆောင်ကဏ္ဍမှာ အမျိုးသမီးဦးရေ ပါဝင်မှုရာခိုင်နှုန်း ဘာ့ကြောင့် နည်းနေရပါသလဲ။

ဒီနေ့မှာတော့ ကရင်ပြည်သူ့ပါတီက လွှတ်တော်အမတ်လောင်း နော်မာမာချို၊ ဒီမိုကရက်တစ်ပါတီ(မြန်မာ) ရဲ့ အမတ်လောင်းတွေဖြစ်တဲ့ ဒေါ်ကြည်ကြည်မော်၊ ဒေါ်ကေသီထွန်းတို့ကို ရွေးကောက်ပွဲ ဝင်ရတဲ့ ရည်ရွယ်ချက်နဲ့၊ အနာဂတ် မျှော်မှန်းချက်တွေကို မေးကြည့်ပါမယ်။

ကရင်ပြည်သူ့ပါတီ ကိုယ်စားပြု ကျုံပျော်မြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်အတွက် ဝင်ရောက် ယှဉ်ပြိုင်မယ့် နော်မာမာချိုကတော့ မြန်မာ့နိုင်ငံရေး ဦးဆောင်ကဏ္ဍ အပါအဝင် ဆုံးဖြတ်ချက်ချနိုင်တဲ့ နေရာတွေမှာ အမျိုးသမီးတွေ ပါဝင်မှု အားနည်းနေတာကြောင့် ဝင်ရောက်ယှဉ်ပြိုင်တာလို့ ဆိုပါတယ်။

“လွှတ်တော်အပိုင်းမှာ ခေါင်းဆောင်တဲ့အပိုင်းမှာ ဆုံးဖြတ်ချက်ချတဲ့နေရာမှာ အမျိုးသမီးတွေ များများပါမှ ကျွန်မတို့က ဥပဒေပြုတဲ့နေရာမှာ အမျိုးသမီးတွေ အတွက်သော်လည်းကောင်း၊ ပြည်သူအတွက် သော်လည်းကောင်း၊ ပိုပြီးတော့ အမျိုးသမီးတွေ ပါဝင်ခြင်းအားဖြင့် တိုင်းပြည် ဖွံ့ဖြိုးတိုးတက်တဲ့နေရာမှာ ပိုပြီးတော့ ထိရောက်မယ်ဆိုတာ ကျွန်မတို့ယုံကြည်တယ်ပေါ့နော် ဒါ့ကြောင့်မို့လို့ ဝင်ရောက်ယှဉ်ပြိုင်တာ ဖြစ်တယ်” လို့ဆိုပါတယ်။

World vision မှာ ၁၀နှစ် တာဝန်ထမ်းဆောင်ခဲ့ပြီး အမျိုးသမီးအခွင့်အရေးတွေ လုပ်ငန်းစဉ်တွေ လုပ်ဆောင်ခဲ့တဲ့ နော်ချိုချိုမာရဲ့ ရွေးကောက်ပွဲ ရည်မှန်းချက်ကတော့ ပညာရေး နောက်ကျကျန်နေခဲ့တဲ့ မြန်မာ့ပညာရေးစနစ်ကို ပြန်လည် မြင့်တင်လိုပြီး လမ်းပန်းဆက်သွယ်ရေး ခက်ခဲတဲ့ အခြေအနေတွေကို အတတ်နိုင်ဆုံး ကူညီသွားမယ်လို့ ဆိုပါတယ်။

တောင်ဒဂုံ မဲဆန္ဒနယ် အမှတ် ၁ ကနေ ဒီမိုကရက်တစ်ပါတီကိုယ်စားပြု တိုင်းလွှတ်တော် အမတ်လောင်း ဒေါ်ကြည်ကြည်မော်ကကတော့ လူဦးရေရဲ့ ထက်ဝက်ကျော်ရှိတဲ့ အမျိုးသမီးထုရဲ့ လိုအပ်ချက်ကို အမျိုးသမီးတွေသာ အသိဆုံးမို့ ရွေးကော်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ဖြစ်တယ်လို့ ဆိုပါတယ်။

“ကျွန်မတို့ အမျိုးသမီးထုရဲ့ အင်အားက မြန်မာပြည် လူဦးရေရဲ့ တစ်ဝက်ဖြစ်နေတယ်လေ။  အမျိုးသမီးထုရဲ့ လိုအပ်ချက်ကို အမျိုးသမီးချင်းက ပိုနားလည်တယ် အမျိုးသမီးထုရဲ့ အားတွေကို လိုချင်တဲ့အတွက် ကျွန်မက အမျိုးသမီးထုရဲ့ ခေါင်းဆောင် တစ်ယောက်အနေနဲ့ပေါ့ ဝင်ရောက်ယှဉ်ပြိုင်ခြင်းဖြစ်ပါတယ်” လို့ဆိုပါတယ်။

အသက် ၄၇ နှစ်ရှိပြီဖြစ်တဲ့ ဒေါ်ကြည်ကြည်မော်ရဲ့ ရွေးကောက်ပွဲ ဝင်ရခြင်းရည်ရွယ်ချက်ကတော့ အခြေခံ လူတန်းစားတွေရဲ့ ဘဝကို မြင်တင်ပေးဖို့ ရည်ရွယ်တယ်လို့ဆိုပါတယ်။ “ဆင်ခြေဖုံး ရပ်ကွက်တွေမှာက ပြည်သူလူထုရဲ့ ဘဝတွေအရမ်းကို ကွာဟနေတာတွေ အများကြီးရှိပါတယ်။ သူတို့ရဲ့ ဘဝတွေ မြင့်မားလာစေဖို့အတွက် သူတို့ရဲ့ အခွင့်အရေးတွေကို သူတို့ကိုယ်တိုင် သိလာစေနိုင်ဖို့ ကျွန်မတို့က ဦးဆောင်ပေးချင်တယ်။ သူတို့နဲ့ လက်တွဲပြီးတော့ ပူးပေါင်းပြီးတော့ သူတို့ရဲ့ အခွင့်အရေးတွေကို ရလာစေချင်တဲ့အတွက်ကြောင့် ရွေးကောက်ပွဲကို ဝင်တာလည်း ဖြစ်တယ်” လို့ဆိုပါတယ်။

ဟိန္ဒူဗုဒ္ဓဘာသာဝင် တစ်ဦးဖြစ်တဲ့ ဒေါ်ကေသီထွန်းကတော့ ဒီမိုကရက်တစ်ပါတီ (မြန်မာ) ရဲ့ တောင်ဒဂုံ မဲဆန္ဒနယ် အမှတ် ၂ ကိုယ်စားလှယ်လောင်း တစ်ဦးဖြစ်ပါတယ်။ နိုင်ငံသား တစ်ယောက်အနေနဲ့ ဘေးထွက် ရပ်နေမယ့်အစား တတ်နိုင်တဲ့ဘက်က အကျိုးပြုမယ်လို့ ဆိုပါတယ်။

နိုင်ငံသား တစ်ယောက်အနေနဲ့ ဒီတိုင်းပြည်မှာ ဘေးထွက်ပြီး ရပ်နေမဲ့အတူတူ ဒီနိုင်ငံရဲ့ အကျိုး ပြည်သူလူထုရဲ့အကျိုး အုတ်တစ်ချပ် သဲတစ်ပွင့်ပေါ့နော်။ ပညာတွေသင်ထားတယ် Political Management တွေကို MA တန်းအထိ တက်ထားတယ်။ ကိုယ်တတ်သိထားတဲ့ ပညာတွေနဲ့ လူထုကို တတ်နိုင်တဲ့ နေရာလေးကနေ အကျိုးပြုမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဝင်ရောက်လာတာပါ” လို့ ရွေးကောက်ပွဲ ဝင်ရခြင်းရဲ့ ရည်ရွယ်ချက်ကို ပြောခဲ့ပါတယ်။

အမျိုးသမီး လွှတ်တော်အမတ်လောင်းအချို့ရဲ့ ရွေးကောက်ပွဲ ဝင်ရခြင်းရဲ့ ရည်ရွယ်ချက်နဲ့ သူတို့ဖြစ်ချင်တဲ့ မြန်မာ့အနာဂတ် တစ်စိတ်တစ်ပိုင်းကို တင်ပြခဲ့တာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required