ရှေးဟောင်းကိုလိုနီခေတ် အဆောက်အဦများကို ပုံဖော်ထားတဲ့ ရေဆေး ပန်းချီပြပွဲပြုလုပ်

ရှေးဟောင်းကိုလိုနီခေတ် အဆောက်အဦများကို ပုံဖော်ထားတဲ့ ရေဆေး ပန်းချီပြပွဲပြုလုပ်

ရန်ကုန်၊နိုဝင်ဘာ ၁၆ ။         ။ ရန်ကုန်ရဲ့ မြို့ပြအလှတွေအပါအဝင် ရှေးဟောင်း ကိုလိုနီခေတ်အဆောက်အဦအလှတွေကို အများဆုံး ရေးဆွဲပုံဖော်ထားတဲ့ ရေဆေးသီးသန့် ပန်းချီပြပွဲတစ်ခုကို  ရန်ကုန်မြို့မှာ ပြုလုပ်နေပါတယ်။

ဒီပြပွဲကို Mr.Water လို့ အမည်ပေးထားပြီး  ရန်ကုန်မြို့၊ဗိုလ်တထောင်မြို့နယ် ၄၃ လမ်း အလယ်ဘလောက်ရှိ ၄၃ အနုပညာပြခန်းမှာ နိုဝင်ဘာ ၁၅ရက်ကနေ ၁၉ရက်အထိ ပြုလုပ်နေတာ ဖြစ်ပါတယ်။ အဲဒီပြပွဲမှာ ရေဆေး ပန်းချီကား ၅၀ ကိုပြသထားတာ ဖြစ်ပါတယ်။

ပြပွဲမှာ ပြသထားတဲ့ ရေဆေးပန်းချီကား ၅၀ ကို ပန်းချီဆရာ အောင်ထက်လွင် တစ်ဦးတည်းရေးဆွဲခဲ့တာ ဖြစ်ပြီး အခု ပန်းချီပြပွဲဟာ သူရဲ့ ပဥ္စမအကြိမ်မြောက် ပွဲလည်း ဖြစ်ပါတယ်။

" ကျွန်တော်ရေးထားတဲ့ကားတွေကတော့ အမျိုးအစားတော်တော် စုံတယ်၊ဒီရန်ကုန်မြို့ရဲ့ မြို့ပြ အလှတွေ၊ ပြီးတော့၊ တောတောင်ရေမြေသဘာဝတွေကို ခံစားပြီးရေးထားတာ။ ကျွန်တော်က ရေဆေးပိုအားသာတယ် ပိုပြီးစိတ်ဝင်စားတော့ ရေဆေးပဲ ဆွဲဖြစ်တာပါ။" လို့ ပန်းချီဆရာ အောင်ထက်လွင်ကဆိုပါတယ်။

အဲဒီ ရေဆေးပန်းချီကားတွေကို ၂၀၁၅ခုနှစ်လောက်ကတည်းက  စတင်ရေးဆွဲခဲ့တာဖြစ်ပြီး လက်ရှိပြသထားတဲ့ ပန်းချီကားတွေကို စျေးနှုန်းအနေနဲ့ အနည်းဆုံး အမေရိကန် ဒေါ်လာ ၅၀ ကနေ အများဆုံး အမေရိကန်ဒေါ်လာ ၁၂၀ အထိ ရောင်းချပေးနေတယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly