လက်ထိုးရုပ်သေးအက ပျောက်ပျက်မသွားအောင် ဆက်လက်ထိန်းသိမ်းသွားမယ့် ထိုင်ဝမ်ရုပ်သေးပညာရှင်

လက်ထိုးရုပ်သေးအက ပျောက်ပျက်မသွားအောင် ဆက်လက်ထိန်းသိမ်းသွားမယ့် ထိုင်ဝမ်ရုပ်သေးပညာရှင်

နိုဝင်ဘာ ၁၆ ။           ။ အသက် ၈၇ နှစ်ရှိပြီဖြစ်တဲ့ ထိုင်ဝမ် လက်ထိုးရုပ်သေးပညာရှင် ချန်စီဟွမ်ဟာ ထိုင်ပေမြို့မှာ လက်ထိုး ရုပ်သေးသင်တန်းကို ပို့ချပေးလျက်ရှိတယ်လို့ သိရပါတယ်။

ပျောက်ကွယ်လုနီးပါးဖြစ်နေတဲ့ ဘူတိုင်ရှီ ခေါ် လက်ထိုးရုပ်သေးပညာကို ပြန်လည်အသက်ဝင်လာအောင် သင်တန်း ပြန်ဖွင့်ပေးနေတာဖြစ်ကြောင်း ရုပ်သေးပညာရှင် ချန်စီဟွမ်က ပြောပါတယ်။

ချန်စီဟွမ်ဟာ ၎င်းရဲ့ရုပ်သေးအဖွဲ့ကို အသက် ၂၃ နှစ်မှာ စတင်တည်ထောင်ခဲ့တာဖြစ်ပြီး စီးပွားရေးအခြေအနေကြောင့် အသက် ၄၀ မှာရပ်နားခဲ့တာဖြစ်ပါတယ်။ ဆက်လက်ပြီး ချန်စီဟွမ်ဟာ ထိုင်ဝမ်နဲ့ နိုင်ငံခြားမှာရှိတဲ့ တခြားရုပ်သေးအဖွဲ့တွေနဲ့ အတူ ရုပ်သေးကပြခဲ့ကြောင်း သိရှိရပါတယ်။

အသက် ၇၉ နှစ်ရောက်လာတဲ့အခါမှာတော့ ရုပ်သေးပညာပျောက်ဆုံးသွားမှာကို မလိုလားတဲ့ ချန်စီဟွမ်ဟာ ရုပ်သေးအဖွဲ့သစ် ထပ်ထူထောင်ပြီး ရုပ်သေးပညာသင်တန်းကို ပို့ချလာခဲ့တာဖြစ်ပါတယ်။

“ရှေးဟောင်းရုပ်သေးကနေတဲ့ အဖွဲ့က နှစ်ဖွဲ့၊ သုံးဖွဲ့လောက်ပဲ ကျန်တော့တယ်။ ရှေးဟောင်းလက်မှုပညာကို မှေးမှိန်မသွားစေချင်လို့ ရုပ်သေးအဖွဲ့သစ်ကိုလည်း ကျွန်တော့်နာမည်နဲ့ပဲ ထောင်ထားတယ်။”လို့ လက်ထိုးရုပ်သေးပညာရှင် ချန်စီဟွမ်က ပြောပါတယ်။

 ချန်စီဟွမ်ရဲ့ တပည့်တစ်ယောက်ဖြစ်တဲ့ ချန်ဝေရိုဆိုရင်လည်း တစ်နှစ်မှာ ရုပ်သေးအကကို ၁၅၀ ကြိမ်နီးပါးကပြဖျော်ဖြေခဲ့တဲ့ မိသားစုအသိုင်းအဝိုင်းက ဆင်းသက်လာတာဖြစ်ပါတယ်။

“ကျွန်တော့်အဖိုးက ဒီထက်ကောင်းတဲ့ အလုပ်ရှာခိုင်းတယ်။ ဒါပေမယ့် ဒီအလုပ်ကို စိတ်ဝင်စားလို့ ဒါကိုပဲလုပ်ဖြစ်တယ်။”လို့ အသက် ၃၂ နှစ်ရှိပြီဖြစ်တဲ့ ချန်ဝေရိုက ပြောပါတယ်။

လက်ရှိအချိန်မှာတော့ ရုပ်သေးအနုပညာစင်တာမှာ စနေနေ့တိုင်း သင်ကြားပေးနေတဲ့ ၀ါရင့် ရုပ်သေး ပညာရှင် ချန်စီဟွမ်ရဲ့ သင်တန်းမှာ လူကြီးလူငယ်မရွေး စိတ်ဝင်တစား လာရောက်လေ့လာ သင်ယူနေကြတယ်လို့ သိရပါတယ်။

၀ါရင့်ရုပ်သေးပညာရှင်ကြီး ချန်စီဟွမ်ကတော့ ၎င်းကျန်းမာနေသေးသရွေ့ လက်ထိုးရုပ်သေးပညာရပ်ကို ဆက်လက်သင်ကြားပေးနေဦးမယ်လို့ ပြောပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required