ရှမ်းပြည်ကိုးကန့်ဒီမိုကရက်တစ်ပါတီ ၏ မူဝါဒ သဘောထား

ရှမ်းပြည်ကိုးကန့်ဒီမိုကရက်တစ်ပါတီ ၏ မူဝါဒ သဘောထား

နေပြည်တော် စက်တင်ဘာ ၂၄ ။         ။ ရှမ်းပြည်ကိုးကန့်ဒီမိုကရက်တစ်ပါတီအထွေထွေအတွင်းရေးမှူး ဦးမြင့်ခိုင် က  ၎င်းတို့ပါတီ၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်စဉ်စသည်တို့ကို စက်တင်ဘာ ၂၄ ရက်နေ့ ညပိုင်းက ရေဒီယိုနှင့်ရုပ်မြင်သံကြားအစီစဉ်များမှ ဟောပြော တင်ပြခဲ့ပါသည်။အဆိုပါဟောပြောတင်ပြချက် အပြည့်စုံမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

လေးစားအပ်ပါသော ပြည်ထောင်စုဖွား တိုင်းရင်းသားညီအစ်ကိုမောင်နှမများနှင့်တကွ ပြည်သူလူထုတစ်ရပ်လုံးအပါအဝင် အားလုံးကိုယ်ကျန်းမာ စိတ်ချမ်းသာရွှင်လန်းကြပါစေကြောင်း မေတ္တာပို့သအပ်ပါ သည်။

ကျွန်တော်သည် ရှမ်းပြည်ကိုးကန့်ဒီမိုကရက်တစ်ပါတီမှ အထွေထွေအတွင်းရေးမှုး ဦးမြင့်ခိုင် ဖြစ်ပါသည်။ ယခုကဲ့သို့ရေဒီယိုနှင့် ရုပ်မြင်သံကြားမှာ မိမိတို့၏မူဝါဒနှင့် လုပ်ငန်းစဉ်များကို ဟောပြောတင်ပြ ခွင့် ပြုသည့်အတွက် နိုင်ငံတော်ရွေးကောက်ပွဲကော်မရှင်နှင့် ပြန်ကြားရေးဝန်ကြီးဌာနတို့ကို အထူးကျေးဇူးတင်ရှိပါကြောင်း ဦးစွာပထမ ပြောကြားလိုပါသည်။

ကျွန်တော်တို့ ရှမ်းပြည်ကိုးကန့်ဒီမိုကရက်တစ်ပါတီသည် ပြည်သူ့ဆန္ဒကိုလေးစားလိုက်နာသော၊ အချုပ်အခြာအာဏာသုံးရပ်သည် ပြည်သူလူထု၌သာ တည်ရှိခြင်းကို လက်ခံသော၊ ပြည်သူလူထုက လွတ်လပ်စွာရွေးကောက်တင်မြှောက်လိုက်သော ပုဂ္ဂိုုလ်များကသာ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့်တရားစီရင်ရေးစသည့် ကဏ္ဍများကို ဖော်ဆောင်ပေးရမည်ဖြစ်သည့် အချက်အလက်များကို လက်ခံလိုက်နာ ကျင့်သုံးသောပါတီတစ်ခုဖြစ်၍ ''ဒီမိုကရက်တစ်ပါတီ''ဟုခေါ်ပါသည်။ ပါတီ၏မူဝါဒ သဘောထားနှင့်လုပ်ငန်းစဉ်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

(က) ပါတီ၏မူဝါဒသဘောထားအချက်များ

(၁) ပါတီ၏ရည်မှန်းချက်သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် မပြိုကွဲရေး၊

(၂) ပါတီ၏ရည်မှန်းချက်သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အတွင်းရှိ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး၊

(၃) ပါတီ၏ ရည်မှန်းချက်သည် ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးဟူသော အချုပ်အခြာအာဏာသုံးရပ်သည် ပြည်သူလူထု၌သာ အစဉ်အမြဲတည်ရှိရေး၊

(၄) ပါတီသည် တိုင်းရင်းသားများနှင့် ပြည်သူလူထု တစ်ရပ်လုံးတို့မှ လက်ခံနိုင်သော ဖက်ဒရယ်ဒီမိုကရက်တစ် ပြည်ထောင်စုတစ်ခုပေါ်ထွန်းရေးကို မျှော်မှန်းဖော်ဆောင်ရန်၊

(၅) ပါတီသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အတွင်းမှီတင်းနေထိုင်ကြသည့် တိုင်းရင်းသားလူမျိုးစုများနှင့် ပြည်သူလူထုတစ်ရပ်လုံး အောက်ပါအခွင့်အရေးများ လက်တွေ့ခံစား နိုင်အောင် ရည်မှန်းပါသည်။

၁။ တရားမျှတမှု (JUSTIC)

၂။ ညီမျှမှု (EQUALITY)

၃။ လွတ်လပ်မှု (FREEDOM)

၄။ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် (SELF-DETERMINATION)

၅။ ကိုယ်ပိုင်အုပ်ချုပ်ခွင့် (SELF- ADMINITRATION)

၆။ လူ့အခွင့်အရေး (HUMAN RIGHTS)

၇။ ဒီမိုကရေစီအခွင့်အရေး(DEMOCRATIC RIGHTS)

(၆) ပါတီ၏ရည်မှန်းချက်သည်

(က) လယ်ယာခြံမြေပိုင်ဆိုင်ခွင့်မျှတမှုဖော်ဆောင်မည်။ လယ်လုပ်သူတိုင်း လယ်ပိုင်ရမည်။ ယာလုပ်သူတိုင်း ယာပိုင်ရမည်။ လယ်ယာခြံမြေများကို အခွင့်ထူးခံစားသူတစ်ဦးတည်းက၊ လူတစ်စုတည်းက၊ အဖွဲ့အစည်းတစ်ဖွဲ့တည်းက သို့မဟုတ် ကုမူ္ပဏီအချို့ကသာ ပိုင်ဆိုင်ခွင့် လုံးဝမပြုလုပ်ရ။ အကြောင်းကတော့ လယ်သမားနှင့် ယာသမားလယ်ယာခြံမြေဆုံးရှုံးမှု၊ ဆင်းရဲချမ်းသာကွာဟမှု ကြီးထွားလာ မှု၊နောက်ဆုံးလူ့အဖွဲ့အစည်းတစ်ခုလုံး မငြိမ်မသက်ဖြစ်ပေါ်လာမှုစသည်တို့ကို မဖြစ်ပေါ်လာအောင် ကြိုတင် တားမြစ်ခြင်းသာ ရည်ရွယ်ပါသည်။

(ခ) ရင်းနှီးမြှုပ်နှံငွေများ ထိန်းချုပ်ကွပ်ကဲမှု ဖော်ဆောင်မည်။ ဤကဲ့သို့ပြုလုပ်ခြင်းသည် လူတိုင်း လူတိုင်း အသက်မွေးဝမ်းကျောင်း ပြုလုပ်နိုင်ရန်၊ နိုင်ငံတော်၏ ဈေးကွက်ကမောက်ကမ မဖြစ်အောင် ၊ဈေးကစား ကိုယ်ကျိုးရှာသူ မရှိအောင် တားမြစ်ရည်ရွယ်ခြင်းသာ ဖြစ်ပါသည်။

(၇) ပါတီ၏ရည်မှန်းချက်သည် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွက် အဆင့်မြင့်သော ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရအောင် မျှော်မှန်းသည်။ အဆင့်မြင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဆိုသည်မှာ ကိုးကန့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ လူထု၏ကိစ္စများကို ကိုးကန့်နယ်အတွင်းရှိ ကိုးကန့်လူထုကသာ စီမံဆောင်ရွက်သွားမည့်စနစ်ဖြစ်ပါသည်။ ဤအုပ်ချုပ်ရေးစနစ်တွင် အောက်ပါအတိုင်းပါဝင်သည်။

၁။ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၌ ဥပဒေပြုရေး၊ တရားစီရင်ရေးနှင့် အုပ်ချုပ်ရေးဟူသော အချုပ်အခြာအာဏာ သုံးရပ်ရှိရန် လိုသည်။

၂။ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ အုပ်ချုပ်ရေးဦးစီးအဖွဲ့ကို ရွေးကောက်တင်မြှောက်ရာတွင် အရွယ်ရောက်သူမဲဆန္ဒရှင်များအား လွတ်လပ်စွာပါဝင်ဆန္ဒမဲပေး၍ ဒီမိုကရေစီနည်း ဆန်သော ရွေးကောက်တင်မြှောက်ခြင်းကိုကျင့်သုံးမည်။ ဤကဲ့သို့ ဆောင်ရွက်ရာတွင် တရားဝင် နိုင်ငံရေးပါတီဝင်များနှင့် နိုင်ငံရေးပါတီဝင်မဟုတ်သူများအားဝင်ရောက်ယှဉ်ပြိုင် အရွေးခံပိုင်ခွင့်ရှိပြီး နယ်သူနယ်သားများအပေါ်တာဝန်ခံမှု၊ တာဝန်ယူမှုရှိသူ၊ ကတိသစ္စာစောင့်ထိန်းသူ၊ လူထု၏ ဆင်းရဲဒုက္ခခက်ခဲမှု သိတတ်သူတို့ကိုသာရွေးချယ်တင်မြှောက်၍ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ အုပ်ချုပ်ရေးဦးစီးအဖွဲ့ကို ဖွဲ့စည်းကာ နယ်သူနယ်သားများ၏ အရေးကိစ္စအ၀၀တို့ကို ဖြေရှင်းဆောင်ရွက်သွားရမည်။ ဤအုပ်ချုပ်ရေးဦးစီးအဖွဲ့၏ အုပ်ချုပ်မှုသက်တမ်း သည် ပြည်ထောင်စုလွှတ်တော် သက်တမ်းနှင့်တူသည်။ ငါးနှစ်ပြည့်လျှင် အုပ်ချုပ်ရေးဦးစီးအဖွဲ့ကို အသစ်ပြန်လည် ရွေးချယ်ရမည်ဖြစ်ပါသည်။

၃။ စီးပွားရေးနှင့်စပ်လျဉ်းပြီးဆောင်ရွက်ရာတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရနှင့် ပြည်နယ်အစိုးရအဖွဲ့တို့သည် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အုပ်ချုပ်ရေးဦးစီးအဖွဲ့အား ကိုးကန့်နယ်နှင့် တရုတ်ပြည်နယ်စပ်ဒေသ တစ်လျှောက်လုံးရှိ ဝင်/ထွက်ဂိတ်ပေါက်တို့မှ နယ်စပ်ဒေသကုန်သွယ်မှုခွန်ကို ကောက်ယူနိုင်ခွင့်ပေးထားရန်လိုသည်။ သို့မှသာ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အုပ်ချုပ်ရေး ဦးစီးအဖွဲ့က ဘဏ္ဍာငွေရရှိမည်။ ဤအဖွဲ့သည် ကိုးကန့်လူထုက တိုက်ရိုက်ရွေးကောက်တင်မြှောက်လိုက်သောအဖွဲ့ဖြစ်၍ ၎င်းအား အခွန်ဘဏ္ဍာငွေကို လွတ်လပ်စွာ သုံးစွဲခွင့်ပေးထားရန်လိုပါသည်။ သုံးစွဲသောငွေစာရင်းကို နိုင်ငံတော်အစိုးရနှင့် ရှမ်းပြည်နယ်အစိုးရများသို့ မှန်ကန်စွာ တင်ပြရမည်ဖြစ်ပါသည်။

၄။ ကိုးကန့်တိုင်းရင်းသားများ၏ ပညာရေး၊ ယဉ်ကျေးမှု၊ စာပေ၊ ဘာသာစကားဈ ဓလေ့ထုံးတမ်းနှင့် ကိုးကွယ်သည့် ဘာသာစသည် တို့ကို နိုင်ငံနေတော်မှ အသိအမှတ်ပြု ထားသည် မှန်သော်လည်း၊ ကာကွယ်စောင့်ရှောက်မှုကိုလည်း ပေးရန်မျှော်မှန်းသည်။

(ခ)ပါတီ၏လုပ်ငန်းစဉ်များ

(၁) ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်မှု ကျင့်သုံးနေသည့် ''ပါတီစုံဒီမိုကရေစီစနစ်''နှင့် ''ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးလုပ်ငန်းများ''ကို လုံးဝထောက်ခံပြီး အားကြိုးမာန်တက်ပါဝင်ဆောင်ရွက် သွားမည် ဖြစ်ပါသည်။

(၂) မဟာကမဘာမြေကြီး၏ '' သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းများ''တွင် အတတ်နိုင်ဆုံး ပါဝင်ဆောင်ရွက်သွားမည်။လူသားများ၏ ဖျက်ဆီးခြင်းကို ခံနေရသည့် ဤလှပသောကမ္ဘာမြေကြီးကို ကာကွယ်စောင့်ရှောက်သွားမည်။ လူသားများနှင့် သက်ရှိသတ္တဝါများအားလုံးတို့သည် ဤကမ္ဘာမြေကြီးပေါ်တွင် ထာဝရ အတူတကွ ငြိမ်းချမ်းစွာ တည်ရှိနေထိုင်သွားနိုင်အောင် ဆောင်ရွက်သွားမည်ဖြစ် ပါသည်။

(၃) နိုင်ငံတကာဆက်ဆံရေးကောင်းမွန်တိုးတက်လာအောင် ကြိုးစားဆောင်ရွက်သွားမည်။ အထူးသဖြင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများ နှင့် အိမ်နီးနားချင်းနိုင်ငံများ၏ ချစ်ကြည်ရင်းနှီးမှုကို ပိုမိုတိုးတက် လာအောင် အရေးထားလုပ်ဆောင်သွားမည်ဖြစ်ပါသည်။

(၄) ပါတီနှင့် ပါတီဝင်တိုင်းသည် နိုင်ငံတော်က တရားဝင်ပေးထားသော စီးပွားရေးလုပ်ငန်းများကို ပါဝင်ဆောင်ရွက် လုပ်ကိုင်သွားမည်။

(၅) ပြည်တွင်းထာဝရငြိမ်းချမ်းရေးရအောင် မဖြစ်မနေပါဝင် ဆောင်ရွက်သွားမည်။

(၆) ပါတီသည် တစ်နိုင်ငံလုံးရှိ ပြည်သူလူထု၏ ဆင်းရဲခက်ခဲမှု၊ ဒုက္ခရောက်မှုများကို မဖြစ်မနေ ပါဝင်ဖြေရှင်းသွားမည်။

(၇) ပါတီသည် တိုင်းရင်းသားလူမျိုးစုများ၏ စာပေ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်း၊ ဘာသာစကားများ၏ စောင့်ရှောက်ကာကွယ်ရေးလုပ်ငန်းများတွင် အတတ်နိုင်ဆုံး ပါဝင်ဆောင်ရွက်သွားမည်။

(၈) ပါတီသည် လူမှုအကျိုးပြုနှင့် ကုသိုလ်ပြုလုပ်ငန်းများတွင် အတတ်နိုင်ဆုံး ပါဝင်ဆောင်ရွက်သွားမည်။

(၉) မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနှင့် AIDS ရောဂါတိုက်ဖျက်ရေး၊ ကာကွယ်စောင့်ရှောက်ကုသရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်မည်။

(၁၀) လူကုန်ကူးမှုတိုက်ဖျက်ရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်မည်။

(၁၁) ဘိန်းအစားထိုးသီးနှံစိုက်ပျိုးမှုကို အတတ်နိုင်ဆုံး ပါဝင်ဆောင်ရွက်သွားမည်။

အထက်တွင် ကျွန်တော်တင်ပြသွားသည့် အချက်အလက်များသည်ကျွန်တော်တို့ ရှမ်းပြည်ကိုးကန့် ဒီမိုကရက်တစ်ပါတီ၏ မူဝါဒသဘောထားနှင့် လုပ်ငန်းစဉ်များဖြစ်ပါကြောင်း တင်ပြအပ်ပါသည်။

နိုင်ငံသူ နိုင်ငံသားများအားလုံး နားထောင်သွားကြသည့်အတွက်ကျေးဇူးတင်ပါသည်။ ၂၀၁၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲလည်း တရားမျှတ၍ လွတ်လပ်ပွင့်လင်းမြင်သာမှု ရှိပြီး အေးချမ်းစွာ ပြီးမြောက်အောင်မြင်ပါစေ ဆုတောင်းရင်း နိဂုံးချုပ်အပ်ပါသည်။

ရှမ်းပြည်ကိုးကန့်ဒီမိုကရက်တစ်ပါတီ

 ၁။  ပါတီအမည်  -  ရှမ်းပြည်ကိုးကန့်ဒီမိုကရက်တစ်ပါတီ
 ၂။  ပါတီအမည်(English)  -  Shan State Kokang Democratic Party
 ၃။  ပါတီတည်ထောင် ခွင့်လျှောက်ထားသည့်နေ့  -  ၄.၆.၂၀၁၂
 ၄။  လာရောက်လျှောက်ထားစဉ်ပါတီအင်အား  -  ၁၇ ဦး
 ၅။  

လာရောက်လျှောက်ထားစဉ်ခေါင်းဆောင်နှင့်

ဒုတိယခေါင်းဆောင်

 -  ဦးအန်တိုနီစူ၊ ဦးဆူဝမ်းကွီး
 ၆။  ပါတီတည်ထောင်ခွင့်ပြု့သည့်နေ့  -  ၁၈.၇.၂၀၁၂
 ၇။  ပါတီမှတ်ပုံတင်ခွင့်လျှောက်ထားသည့်နေ့  -  ၁၄.၈.၂၀၁၂
 ၈။  ပါတီမှတ်ပုံတင်ခွင့်ပြုသသည့်နေ့  -  ၃၁.၈.၂၀၁၂
 ၉။  ခွင့်ပြုသည့်ပါတီအမှတ်စဉ်  -  အမှတ်စဉ်(၆၀)
 ၁၀။  ခွင့်ပြု့သည့်ပါတိအလံ  -  
 ၁၁။  ခွင့်ပြု့သည့် ပါတီတံဆိပ်  -  
 ၁၂။  ပါတီ ဥက္ကဋ္ဌ နှင့်ဗဟိုအလုပ်အမှုဆောင်စာရင်း  -  ဦးအန်တိုနီစူ၊ ဦးလှသိန်း
 ၁၃။  ပါတီနယ်မြေ  -  ရှမ်းပြည်နယ်အတွင်း
 ၁၄။  ပါတီ ရုံးချုပ်တည်နေရာ  -  ကြည်ရှန်လမ်း၊ ရပ်ကွက်(၁)၊ တုံချန်၊ လောက်ကိုင်မြို့၊ ရှမ်းပြည်နယ်။
 ၁၅။  ဆက်သွယ်ရန် ဖုန်း နှင့် ဖက်စ်  -  

 ၀၉-၄၀၂၆၁၂၈၆၈ (ဦးမိုးထွန်း)၊ ၀၉-၄၃၁၈၉၄၈၆

 ၁၆။  ပါတီ၏ မူဝါဒလမ်းစဉ်များ  -  PDFDownload

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly