ကမ္ဘောဒီးယား ခမာရု ခေါင်းဆောင်တွေ လူမျိုးတုန်းသတ်ဖြတ်မှု ကျူးလွန်ခဲ့ဟု တရားရုံးက သမိုင်းဝင်ဆုံးဖြတ်

ကမ္ဘောဒီးယား ခမာရု ခေါင်းဆောင်တွေ လူမျိုးတုန်းသတ်ဖြတ်မှု ကျူးလွန်ခဲ့ဟု တရားရုံးက သမိုင်းဝင်ဆုံးဖြတ်

နိုဝင်ဘာ ၁၆ ။            ။ ကမ္ဘောဒီးယားရဲ့ ခမာရု (Khmer Rouge) ထိပ်သီးခေါင်းဆောင်နှစ်ဦးကို လူမျိုးတုန်း သတ်ဖြတ်မှု ကျူးလွန်ခဲ့ကြကြောင်း နိုဝင်ဘာ ၁၆ ရက်က တရားရုံးက ဆုံးဖြတ်ချက်ချမှတ်လိုက်ပါတယ်။

ဒါဟာ နိုင်ငံမှာ လူဦးရေရဲ့ လေးပုံတစ်ပုံလောက်ကို သေဆုံးစေခဲ့မှုတွေအတွက် အဓိက တာဝန်ရှိခဲ့တဲ့ ရက်စက်တဲ့ အုပ်ချုပ်သူအစိုးရတစ်ရပ် ပြုတ်ကျသွားပြီးနောက်ပိုင်း နှစ် ၄၀ နီးပါးအကြာမှာ ယခုလို သမိုင်းဝင် တရားရုံးဆုံးဖြတ်ချက်တစ်ခုကို ချမှတ်နိုင်ခဲ့တာဖြစ်ပါတယ်။

ခမာရု ရဲ့ ညီအကိုတော် နံပါတ် ၂ ဖြစ်တဲ့ နုအွန်ချီအာ (အသက် ၉၂ နှစ်) နဲ့ သမ္မတဟောင်း ခီယိုဆမ်ဖန် (အသက် ၈၇ နှစ်) တို့ကတော့ လွန်ခဲ့တဲ့ ၁၉၇၅ ခုနှစ်ကနေ ၁၉၇၉ ခုနှစ်ကြားကာလအတွင်းက ကမ္ဘေဒီးယားကို အုပ်ချုပ်ခဲ့ပြီး လက်ရှိ သက်ရှိထင်ရှားရှိနေတဲ့ ယင်းခမာရုအစိုးရအဖွဲ့ရဲ့ အဆင့်မြင့် ထိပ်သီးခေါင်းဆောင်နှစ်ဦး ဖြစ်ပါတယ်။

ရက်စက်တဲ့ ခမာရု အစိုးရလက်ထက်မှာ စနစ်တကျ ရက်စက်ကြမ်းကြုတ်မှုလုပ်ရပ်တွေကြောင့် လူဦးရေရဲ့ လေးချိုးတစ်ချိုးလောက် သေဆုံးခဲ့ရပါတယ်။

ညီအကိုတော် နံပါတ် ၁ ဖြစ်တဲ့ ပိုပေါ့ ဦးဆောင်တဲ့ ခမာရုအစိုးရအဖွဲ့ရဲ့ လက်ချက်ကြောင့် ကမ္ဘောဒီးယား နှစ်သန်းလောက် အလုပ်အလွန်အကျွံလုပ်ရမှု၊ အစာရေစာ ငတ်ပြတ်မှု၊ အစုလိုက်အပြုံလိုက် ကွပ်မျက်မှုတွေအတွင်း သေဆုံးခဲ့ကြရပါတယ်။

ယနေ့ သောကြာနေ့ ကုလသမဂ္ဂ ကျောထောက်နောက်ခံပြု တရားရုံးရဲ့ ဆုံးဖြတ်ချက်ကတော့ ယင်းကို လူမျိုးတုန်းသတ်ဖြတ်မှုလို့ ပထမဆုံးအကြိမ် အသိအမှတ်ပြု သတ်မှတ်လိုက်တာဖြစ်ပါတယ်။

အဆိုပါ ခမာရု ထိပ်သီးခေါင်းဆောင်နှစ်ဦးကတော့ လူသားချင်းစာနာမှု အပေါ် ချိုးဖောက်ထားမှု ပြစ်ချက်တွေကြောင့် ထောင်ဒဏ်တစ်သက်တစ်ကျွန်း ကျခံနေရသူတွေဖြစ်ကာ ယခုတစ်ကြိမ်မှာလည်း နောက်ထပ် ထောင်ဒဏ်တစ်သက် ထပ်မံချမှတ်ခဲ့ရပြန်တယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required