အသည်းရောဂါမဖြစ်ဖို့ ဘာတွေသိသင့်သလဲ

အသည်းရောဂါမဖြစ်ဖို့ ဘာတွေသိသင့်သလဲ

မေး ။    ။ အသည်းခြောက်တဲ့အဆင့်ထိ ရောက်သွားပြီး အသည်းကင်ဆာဆိုရင်တော့ နောက်ဆုံးအခြေအနေ ဖြစ်သွားပြီလားခင်ဗျား။

ဖြေ ။    ။ နောက်ဆုံးအခြေ အနေမဖြစ်သေးပါဘူး။ ကင်ဆာကလဲ အခုခေတ်က နည်းလမ်းကောင်းတွေ အများကြီးရှိတော့ ကုလို့အဆင်ပြေပါသေးတယ်။ အသက်ရှည်ရှည် နေနိုင်သေးတယ်ပေါ့နော်။ အသည်းမှာတော့ ခြောက်ပြီးပြီဆိုတော့ သူ့ကို စစ်ဆေးနေမှာပေါ့။ စစ်ဆေးလို့ တွေ့ပြီဆိုလို့ရှိရင် ကင်ဆာစ,ဖြစ်တာကို မိလိုက်ပြီဆိုလို့ရှိရင် .. ကျွန်မတို့ဆေးကုတော့မှာပေါ့ ကင်ဆာကိုကုမှာပေါ့။ ကင်ဆာကိုကုတဲ့အခါ ကျွန်မတို့ သုံးချက် စဉ်းစားတယ်။ နံပါတ် ၁ တစ်ချက်ကဘာလဲဆိုရင် ဒီလူနာရဲ့အသည်းက ဘယ်လောက်ကောင်းကောင်း အလုပ်လုပ်နိုင်သလဲ? အသည်းအလုပ်လုပ်တဲ့ဟာကို Grading တိုင်းတယ်။ နောက်တစ်ခုကကျတော့ ဒီလူနာက အသည်းတင် မဟုတ်သေးဘူးပေါ့နော်.. အထွေထွေပေါ့။ သူ့ရဲ့ the whole body fitness ခေါ်မှာပေါ့။ General conditions ပေါ့။ ဥပမာ.. အိပ်ရာထဲလဲနေတဲ့လူလား? ဒါမှမဟုတ် ခဏတစ်ဖြုတ် နည်းနည်းပါးပါးလှုပ်ရှားပြီးရင် နားနေရတဲ့လူလား? ဒါမှမဟုတ် လူကောင်းလို သွားလာနိုင်သလား။ ဘာလက္ခဏာ မရှိတဲ့လူနာလား။ အဲ့ဒီလိုမျိုး အထွေထွေ Fitness  ပေါ့.. ကြည့်ရတယ်။ နောက်တစ်ခုကကျတော့ အသည်းခြောက်တဲ့ အဆင့်အထိပြီးရင် တစ်ခါအသည်းကင်ဆာရဲ့အဆင့်ကိုကြည့်တယ်။ ကင်ဆာက တစ်နေရာထဲမှာ ဖြစ်တာလား။ နေရာကလဲ အနောက်ဘက်ရောက်သလား? အရှေ့ဘက်ရောက်သလား? အမြှေးပါးနဲ့ ကပ်နေသလား? ပင်မသွေးကြောတွေနဲ့ နီးနေသလား။ အဲ့ဒါမျိုး နေရာလေးတွေကြည့်တယ်။ ပြီးရင် သူ့အရွယ်က ဘယ်လောက်လဲ? ဥပမာ .. ၁ စင်တီမီတာလား... လက်မဝက်ရှိတာလား တစ်လက်မလား သုံးလက်မလား ငါးလက်မလား အဲ့လိုမျိုးပြန်ခွဲသေးတယ်။ အဲ့လိုတွေခွဲပြီးတော့မှ ကျွန်မတို့က ဆေးကုတယ်ပေါ့။ အဲ့ဒီတော့ ကုတဲ့အခါကျရင် ခွဲစိတ်နည်းကတော့ အကောင်းဆုံးပေါ့နော်။ အသည်းကင်ဆာ ဖြစ်တယ်ဆိုရင် ခွဲစိတ်ပြီး ဖယ်ထုတ်လိုက်တာ အကောင်းဆုံး။ အဲ့တော့ ခွဲစိတ်တာမှာ နှစ်ပိုင်းရှိတယ်။ ကင်ဆာအလုံးကိုပဲ ခွဲထုတ်လိုက်တာတစ်ပိုင်း။ အသည်းကို ဖြစ်နေတဲ့အပိုင်းကို လှီးထုတ်လိုက်တာ။ နောက်တစ်ခုကကျတော့ အစားထိုးလိုက်တာ။ အသည်းတစ်ခုလုံးကို ဖယ်လိုက်တယ်။ ဘာလို့လဲဆိုတော့ အသည်းက ခြောက်လဲခြောက်နေပြီ။ ကင်ဆာကလဲဖြစ်နေပြီဆိုတော့ ဒီအလုံးကိုလဲ လှီးလို့ရချင်မှရမယ်။ ရခဲ့ရင်လဲ နောက်ထပ်အသည်းခြောက်တဲ့ အလုံးတစ်လုံးက ကင်ဆာထပ်ဖြစ်နိုင်တယ်။ အဲ့ဒီတော့ မထူးတော့ဘူးလေ တစ်ခုလုံးဖယ်လိုက်တယ်။ အစားထိုးလိုက်တာ။ ဒါခွဲစိတ်နည်းမှာနှစ်ခုပေါ။့ လှီးလို့ရရင်လှီးမယ် .. လှီးလို့မရဘူးဆိုရင် အစားထိုးပစ်လိုက်မယ် ဒါက ခွဲစိတ်နည်း။ ဒါကတော့ အကောင်းဆုံးပဲ ကုသမှုမှာလဲ အသက်ရှည်နိုင်တဲ့ သက်တမ်းစေ့နေနိုင်ဖို့အတွက် ကုဖို့အကောင်းဆုံးပေါ့နော်။ အဲ့ဒါမရဘူးရင်တော့ ဆရာမတို့က ဘာလုပ်သေးလဲဆိုတော့ ဖျက်ဆီးပစ်တာပေါ့။ ဒီကင်ဆာလုံးကို ဖြတ်ပစ်လိုက်တဲ့သဘော လှီးတော့မထုတ်နိုင်ဘူး။ မထုတ်နိုင်ပေမယ့် သူ့ကိုမပွါးအောင် မကြီးထွားအောင် သူ့ကိုဖျက်စီးလိုက်တဲ့ဟာမျိုးပေါ့။ အဲ့ဒါကျတော့ ဆရာမတို့ဘာတွေလုပ်လဲဆိုတော့ အရွယ်ငယ်လို့ရှိရင် နှစ်လက်မထက်သေးလို့ရှိရင်ပေါ့နော်။ အဲ့ဒါမျိုးဆိုလို့ရှိရင် ဆရာမတို့က သူ့ကို အပူလှိုင်းနဲ့ပေးပြီးတော့ ဖြတ်ပစ်လိုက်တာမျိုး။ နောက်တစ်ခုကကျတော့ ပေါင်ကနေပြီးတော့ အသည်းထဲကို ဆေးထိုးတဲ့ ပြွန်လေးထည့်လိုက်တယ်။ ထည့်ပြီးတော့ အဲ့ဒီကင်ဆာကိုသွားတဲ့သွေးကြောကိုပေါ့ အဲ့ဒီသွေးကြောကို ရေမြုပ်လိုမျိုးပေါ့ Gel Foam လေးနဲ့ ပိတ်လိုက်တာ။ မြန်မာပြည်မှာတော့ Gel Foam လောက်ပဲသုံးနိုင်တယ် နောက်ထက် ဒီထက်ကောင်းတဲ့ ပစ္စည်းတွေရှိသေးတယ်။ သွေးကြောကိုပိတ်ပစ်လိုက်တာ။ သူရဲ့ရည်ရွယ်ချက်ကောင်းက ဘာလဲဆိုတော့ .. ဥပမာ ..  လယ်ကွက်ထဲမှာ အပင်စိုက်မယ် စပါးစိုက်မယ်ဆိုရင် ရေလေးသွင်းမှ လယ်ကွက်က ဖွံ့ဖြိုးတာကိုး။ အဲ့တော့ ကင်ဆာ အလုံးကြီးဖို့ဆိုရင် သွေးက လျှောက်ရမယ် .. လျှောက်မှအဟာရရှိမှ ကင်ဆာကကြီးလာမှာ။ ကင်ဆာဆီသွားတဲ့ သွေးကြောကို သွေးမသွားအောင် ပိတ်လိုက်တဲ့သဘော။ အဲ့ဒါကို block လုပ်လိုက်တာပေါ့။ အဲ့ဒါကို တစ်ချို့လူနာတွေကတော့ ဆေးဖြန်းတယ်ထင်တာပေါ့နော်။ ဆေးဖြန်းတာမဟုတ်ဘူး။ သွေးကြောပိတ်ပစ်လိုက်တာ။ ဒါပေမယ့် တစ်ချို့ကျတော့ အသည်းကိုအဟာရပေးတာ သွေးကြောနှစ်ခု ရှိတယ် တစ်ခုက နှလုံးကလာတာ၊ နောက်တစ်ခုက အစာလမ်းကြောင်းကလာတာ ဒီသွေးကြောင်းနှစ်ချောင်းနဲ့ အဟာရပေးထားတယ်။ အသည်းရဲ့ကင်ဆာကို ကြီးအောင်လုပ်တာက နှလုံးကလာတဲ့ သွေးကြော။ အစာလမ်းကြောင်းကလာတဲ့ဟာက ကြီးအောင် မလုပ်ပေးဘူး၊ အစာလမ်းကြောင်းကလာတဲ့ဟာကတော့ အသည်းကိုအဟာရပေးတယ်ပေါ့နော်။ ဒါပေမယ့် ကင်ဆာကကျတော့ လူလည် သူက နှလုံးက လာတဲ့သွေးကြောကို ယူပြီးတော့၊ အသည်းအတွက် အဟာရကိုပေးမယ့် အစာလမ်းကြောင်းကလာတဲ့ သွေးကြောကို ပိတ်ပစ်လိုက်တယ်။ အဲ့လိုမျိုးပိတ်တဲ့အခါကျရင် ပိတ်နေတဲ့ဟာကို ထပ်ပိတ်လို့ မရတော့ဘူး။ သွေးကြောင်းနှစ်ချောင်းမှာ တစ်ချောင်းတော့ ရှိရမှာလေ။ ဒါမှ အသည်းအလုပ်လုပ်ရဦးမှာ။ အဲ့ဒီအခါကျတော့ ကင်ဆာက အဲ့ဒီလိုပိတ်လိုက်လို့ရှိရင် ကျွန်မတို့က သွေးကြောပိတ်တဲ့နည်းကို လုပ်လို့မရတော့ဘူး။ အဲ့လိုဆိုရင် ဆရာမတို့က ဘာလုပ်လဲဆိုတော့ မြင်သာတဲ့ဟာမျိုးမဟုတ်ဘဲနဲ့ ရေဒီယိုသတ္တိကြွတဲ့ ပစ္စည်းတစ်ခုကိုသုံးပြီးတော့ အဲ့ဒါကို ပိတ်ရတယ်။ လုပ်တာခြင်းတော့တူတယ်။ ပစ္စည်းသုံးတာနဲနဲကွဲသွားတယ်။ အဲ့ဒါကိုပိတ်လို့မှ မရတော့ဘူးဆိုရင် အခုနောက်ပိုင်း EBRT လို့ခေါ်တဲ့ External Beam Radiation Therapy ပေးတာလဲရှိတယ်။ ဒါပေမယ့် မြန်မာပြည်မှာကျ အဲ့ဒီ EBRT ကလုပ်လို့မရဘူး ပစ္စည်းမရှိသေးဘူးပေါ့။ အဲ့ဒီဟာလေးတွေလိုသေးတယ်။ နောက်ကျတော့ ဒါက ဖြတ်ပစ်တဲ့ဟာ။ ကဲ အဲ့လိုဖြတ်လို့ ပစ္စည်းကိရိယာသုံးပြီးတော့ ဓာတ်မှန်ဌာနနဲ့ပေါင်းပြီးတော့ ဖြတ်လို့မရတော့ဘူးဆိုရင် ကျွန်မတို့ သောက်ဆေးပေါ့။ သောက်ဆေးတွေကလဲ အခုခေတ်က အစွမ်းထက်ပါတယ်။ အဲ့ဒါတွေဟာကလဲ စောစောကလိုတွေပေါ့ သွေးကြောပိတ်နေလို့ မရတော့တဲ့ဟာမျိုးတွေဆိုရင် သောက်ဆေးလေးတွေရှိတယ်ပေါ့။

မေး ။    ။ ဆေးလိပ်က အသည်းကိုဘယ်လိုဒုက္ခပေးသလဲ? ကွမ်း နဲ့ အရက်ကရော ဘယ်လိုဒုက္ခပေးသလဲ ဆိုတာလေး သိချင်ပါတယ်ခင်ဗျာ။

ဖြေ။ ။ ဆေးလိပ်ကတော့ ဘယ်လိုဒုက္ခပေးလဲဆိုတော့ အရင်တုန်းကတော့ ကျွန်မတို့လဲအဲ့ဒီလိုပဲ ဆေးလိပ်ကတော့သိပ်မဆိုင်ဘူး သူကအဆုတ်နဲ့ဆိုင်တယ်။ နောက်တစ်ခုက နှလုံးရောဂါလို့လဲ ပြောတယ်လေ။ နှလုံးသွေးကြောပိတ်တာတွေ ကျဉ်းတာတွေက ဆေးလိပ်နဲ့ဆိုင်တယ်ဆိုပြီး နှလုံးဌာနကလဲဆေးလိပ်မသောက်ဖို့ကြေငြာတယ်။ အသည်းနဲ့တော့မဆိုင်ဘူးဆိုပြီးတော့ နေနေတာပေါ့နော်။ ဒါပေမယ့် နောက်ပိုင်းကျတော့ သူက အသည်းရောဂါရှိတဲ့သူက ဆေးလိပ်သောက်လို့ရှိရင် ကင်ဆာဖြစ်နှုန်းပိုများတယ်။ အဲ့လိုသာဓကတွေရှိတယ် အဲ့ဒီ Paper တွေ Published လုပ်ပြီးတဲ့နောက်ကျတော့ ကျွန်မတို့ဆေးစာအုပ်တွေထဲမှာလဲ တရားဝင်ထည့်တယ်ပေါ့လေ။ ဆေးလိပ်ဟာ ကင်ဆာဖြစ်စေနိုင်တယ်ဆိုတဲ့ဟာမျိုး။ အဲ့အတွက်ကြောင့် ကျွန်မတို့ဆေးလိပ်ကိုမသောက်ခိုင်းဘူး။ နောက်တစ်ခုကကျတော့ အရက်ပေါ့ အရက်ကတော့ စောစောကပြောတဲ့အတိုင်းလေ အရက်ကြောင့်အသည်းရောင်မယ် အသည်းရောင်ရင် အသည်းခြောက်မယ် ကင်ဆာဖြစ်မယ်ဆိုတော့ အရက်ကတော့ ရှင်းတာပေါ့နော်။ ကွမ်းကျတော့ တိတိကျကျတော့ ကွမ်းရွက်ကတော့ အဲ့လိုဖြစ်တယ်မဟုတ်ဘူးပေါ့နော်။ ဒါပေမယ့် အခုကကျတော့ ဆေးတွေပါတယ်လေ။ ကွမ်းစားရင် ကွမ်းထဲမှာထည့်တဲ့ဆေးပါတော့ အဲ့ဒီ Chemical တွေနဲ့ Related ဖြစ်သလားလို့ ကျွန်မတို့ထင်တယ်။ ဒါကတော့ ကိုယ့်ဘာသာကိုယ်ထင်တာပေါ့နော်။ အဲ့ဒီကွမ်းထဲကဆေးတွေက Proof လုပ်ပြီးတော့ ပြထားတာမျိုးတော့မရှိဘူးပေါ့။ ဒါပေမယ့် ကွမ်းစားရင် ညစ်ပတ်တယ်လေ။ သွားညစ်ပတ်တယ် ပါးဆောင်အနာတွေဖြစ်တတ်တယ်။ လျှာကင်ဆာဖြစ်တတ်တယ်။ နောက်တစ်ခုက တစ်ခြားဆိုးကျိုးတွေလဲအများကြီး ဖြစ်မှာဆိုတော့ လှလဲမလှဘူးလေ သွားကြီးတွေညစ်ပတ်ပြီးတော့။ အဲ့ဒီလိုဆိုတော့ ကွမ်းလဲမစားတာတော့ ကောင်းတယ်ပေါ့နော်။

မေး ။    ။ လက္ခဏာကကော အသည်းကရောင်လာတယ် အသားကလဲဝါလာတယ် အလိုသဘောလား။

ဖြေ ။    ။ သူကလေ အသည်းရောင် အသားဝါလို့ပြောတာမှန်တယ်။ ဒါပေမယ့် အသည်းရောဂါအများစုက အသည်းရောင်ပြီးရင် အသားဝါတတ်တယ်။ ဥပမာ .. ဘီပိုး စီပိုးဆိုရင်လဲ အသားတန်းမဝါဘူးလေ။ အသည်းအရင်ရောင်တာ။ ဒါပေမယ့် အဲ့ဒီ ရောင်နေတဲ့အဆင့်က အကြာကြီးနေတာ မသိနိုင်ဘူး။ လနဲ့ချီရင်ချီမယ် နှစ်နဲ့ချီရင်ချီမယ်။ အဲ့တော့ အသားဝါတာက နောက်ကျနေပြီ။ အသည်းရောင်တာ အစောကြီးဖြစ်နေတာ။ တစ်ခုရှိတာက အသားဝါပြီဆိုရင် အသက်အန္တရာယ်ရှိတယ်။ အဲ့ဒီတော့ အသားဝါတဲ့အထိလည်း စောင့်လို့မရဘူး။ စောစောကပြောတဲ့အတိုင်း လက္ခဏပေါ်မှဆိုတာ အသားဝါရင် လက္ခဏာပေါ်ပြီလေ။ အန္တရာယ်ရှိနေပြီ။ အဲ့တော့ အသားမဝါခင် အသည်းရောင်တာကို ကုရမှာ။ ဒါပေမယ့် အသည်းရောင်တာ အကြားအမြင်မရဘူး သွေးစစ်ကြည့်မှသိတာ။ သွေးတစ်ခါပဲစစ်ပြီး အခုမရောင်ဘူးဆိုပေမယ့် ဆရာမစောစောကပြောသလိုလေ လမ်းပေါ်ကို လူတွေထွက်တဲ့အချိန်ရှိတယ်။ ဝင်တဲ့အချိန်ရှိတယ်။ အဲ့ဒီလိုပဲ အသည်းကရောင်လိုက်ကောင်းလိုက်ပေါ့။ တိုက်ပွဲတွေဖြစ်တယ်ဆိုရင်လဲ ၂၄နာရီမတိုက်ဘူးလေ။ တိုက်တဲ့အချိန်တိုက်တယ် ခဏနားမယ်။ ပြီးရင်ပြန်တိုက်တယ်။ အဲ့လိုသဘောမျိုးဆိုတော့ သူက ရောင်လိုက်ကျလိုက်ပေါ့။ အဲ့လိုဖြစ်နေမှာ။ အဲ့တော့ အဲလိုအသည်းရောင်ပြီးတော့မှ နောက်ဆုံးအသည်းက ရောင်တာ တအားများသွားလို့ အသည်းဆဲလ်တွေက သေတာများသွားတဲ့အချိန်ကျရင် အသားဝါတယ်။ အဲ့တော့ အသားဝါတာကနောက်ကျတယ်။ နောက်တစ်ခုကကျတော့ အသားဝါတာမှာလဲ ဆရာမတို့က ဝါဝါခြင်းမသိဘူး။ သူက ခန္ဓာကိုယ်ကနေပြီးတော့ အသည်းက ကောင်းနေတဲ့အပိုင်းက အလုပ်လုပ်တယ် လုပ်တဲ့အခါကျတော့ အဝါထက်တက်လာတာကို ကောင်းနေတဲ့အပိုင်းက ဖျက်ဖျက်ပစ်တယ်။ ဖျက်ဖျက်ပစ်တဲ့အတွက်ကြောင့် သူကဝါတာကို ချက်ခြင်းမသိနိုင်ဘူး။ နောက်တစ်ခုကကျတော့ ဝါလာတာကို မဖျက်နိုင်တော့ဘူး သိလာပြီ။ သွေးထဲမှာအဝါဓါတ်တက်လာတယ် တက်လာပေမယ့် ကိုယ်သိဖို့ဆိုတာက အသည်းဝါတာက နဲနဲအသားတွေညိုတော့ သိပ်မသိနိုင်ဘူး။ မျက်စိမှာ အရင်စသိတယ်။ မျက်သားအဖြူနေရာမှာ ဝါလာတယ်။ ဒါပေမယ့် အဲ့ဒါကလဲ သူက အနည်းဆုံးသုံးဆ ရှိသင့်ရှိထိုက်တာထက် သုံးဆများမှ မျက်စိမှာပေါ်လာတာ အဲ့တော့ မျက်စိမှာပေါ်ပြီ ဝါပြီဆိုရင် အနည်းဆုံး အသည်းရောင်တဲ့အဝါဓါတ် သုံးဆများနေပြီ။

မေး။ ။ တစ်ယောက်ကမေးထားပါတယ် ဆရာမ။ သူကစီပိုးရှိတာ အနှစ်သုံးဆယ်လောက်ရှိပြီတဲ့။ စီပိုးရှိတဲ့လူတွေမှာ အမဲကွက်တွေ ထွက်တယ်လို့လဲဆိုပါတယ်တဲ့။ တစ်ချို့တွေကအဲ့လိုပြောတယ်။ ကျွန်တော့်မှာ အဲ့ဒီလိုအမဲကွက်တွေထွက်တယ်တဲ့။ ကျန်တာ ဘာလက္ခဏာမှတော့ မပြဘူးပေါ့။ အဲ့ဒါဘယ်လိုလုပ်သင့်သလဲဆိုတာ အကြံဉာဏ်ပေးပေးပါဆရာမရေ။

ဖြေ။ ။ စီပိုးရှိလို့ရှိရင် ပိုးပျောက်အောင်ကုလိုက်ပေါ့။ အဲ့ဒါဆိုရင် ပိုးမရှိတော့ဘူးဆိုရင်တော့ သက်သာသွားမှာပေါ့။ ဒါပေမယ့် တစ်ချို့ဟာလေးတွေကျတော့ သူကအသည်းရဲ့ လုပ်ငန်းလုပ်ဆောင်တဲ့ နေရာမှာလဲမူတည်တယ်။ မူတည်တဲ့အတွက်ကြောင့်မို့လို့ အမဲကွက်ကလဲ ဘယ်လိုအမဲကွက်လဲ ပြန်ကြည့်ရဦးမှာ။ ဥပမာဆိုပါစို့ သူက နဲနဲပါးပါးခိုက်မိလို့ ဒါမှမဟုတ်သွေးဖောက်လို့ဆိုရင် အရေပြားမှာ အညိုအမဲစွဲတယ်၊ ဥပမာ.. ခိုက်မိလိုက်တယ် သူများက ဘာမှမဖြစ်ဘူး သူကသွေးခြေဥသွားတယ် သွေးခြေဥတာက နီတာကနေ ညိုလာတာမျိုးပေါ့။ အဲ့ဒါမျိုးဆိုလို့ရှိရင် သူ့အသည်းက အားနဲနေတယ်ဆိုတာကိုပြတာ။ အဲ့ဒါကတော့ ဘာမှလုပ်လို့မရဘူး သူ့အသည်းအားနဲတဲ့ဟာမျိုး။ နောက်တစ်ခုကကျတော့ အသားအရေမွဲခြောက်လာတာ အသားအရေက တစ်ဖြည်းဖြည်းနဲ့ ညစ်ထေးထေးဖြစ်လာတာမျိုး။ အဲ့တော့ မောင်နှစ်မတွေထဲမှာ အပြင်ထွက်ပြီး အလုပ် လုပ်လို့မဟုတ်ဘူးပေါ့နော်။ သူဘာသာသူ မောင်နှစ်မတွေထဲမှာ သူ့အသားက တဖြည်းဖြည်း ညိုညိုညစ်ညစ် ဖြစ်လာတယ်ဆိုရင် အသည်းရောဂါလဲရှိတယ်ဆိုရင် သူ့အသည်းကနဲနဲ အားနည်းစပြုလာတာကိုပြတယ်။ ဒါကအသားအရေနဲ့ဆိုင်တာကိုး။ နောက်တစ်ခုကကျတော့ အသည်းရောဂါတစ်ချို့က အရေပြားရောဂါနဲ့လဲတွဲတတ်တယ်။ အဲ့ဒီတော့ အရေပြားမှာ အနာလေးတွေ ဘာလေးတွေဖြစ်တယ်။ အထူးသဖြင့် စီပိုးတွေပေါ့။ စီပိုးရှိတဲ့လူတွေက အဲ့လိုအရေပြားမှာ အနာတွေဖြစ်တတ်တယ်။ အဲ့ဒါကြောင့်လဲဖြစ်နိုင်တယ်။ အဲ့တော့ အဲ့ဒါမျိုးကျရင်တော့ အရေပြားဆရာဝန်နဲ့ပြကြည့်ရမှာပေါ့။ အညိုအမဲစွဲတာက နှစ်ပိုင်းရှိတာပေါ့။ ရောဂါပိုးကြောင့် အရေပြားရောဂါလိုမျိုးကြောင့်ဖြစ်တာလား။ နောက်တစ်ခုကျ အသည်းမကောင်းလို့ အားနည်းလို့ဖြစ်တာလားပေါ့နော် အဲ့နှစ်ခုကိုခွဲခြားရမှာ။

မေး ။    ။ နောက်တစ်ယောက်မေးထားတာက သူကတော့ ခြောက်လစာဆေးသောက်ပြီးတော့ ထပ်မသောက်တော့ဘူးတဲ့ ဆေးလဲထပ်မစစ်ဖြစ်တော့ဘူး။ ဒါပေမယ့် ဆေးစစ်တဲ့အခါကျတော့ ပိုးကောင်ရေ သုံးထောင်ကျော်နဲ့ အခွံတစ်ထောင်ကျော်ကျန်ရှိနေတယ်တဲ့ အဲ့ဒါသက်သာနိုင်သလား ဘယ်လိုဆက်လုပ်ရမလဲဆိုတာကို မေးထားပါတယ်ဆရာမ။

ဖြေ ။    ။ အခွံတစ်ထောင်ကျော် ဆိုတာက သူမေးတဲ့ဟာကို ဆရာမနားလည်တာကတော့ တွေ့နေကျပေါ့နော်။ ဓာတ်ခွဲခန်းအဖြေတွေမှာ အဲ့ဒါအခွံ ထွက်တဲ့ဟာမဟုတ်ဘူး။ မဟုတ်တဲ့အတွက်ကြောင့် အဲ့ဒီအခွံတစ်ထောင်ဆိုတာက တကယ် ရေတွက်ထားတဲ့ အခွံအရေအတွက်မဟုတ်ဘူး။ နောက်တစ်ခုကကျတော့ အကောင်ရေသုံးထောင်ကျော်ကများတယ်။ ဆေး ၆ လသောက်ထားလို့ အကောင်က သုံးထောင်ကျော်ကျန်နေတာ။ တကယ်လို့ဆေးမသောက်တာကြာသွားပြီဆိုရင်။ အဲ့ဒီအကောင်တွေက ပြန်ပွါးလာမှာ။ အဲ့ဒါကအန္တရာယ်ရှိတယ်။ အဲ့တော့ ဆရာဝန်နဲ့ပြန်ပြပြီးတော့ ပြန်စစ်ကြည့်ရမယ်။ နောက်ပြီးတော့ သောက်သင့်တယ်ဆိုရင် ပြန်သောက်ဖို့လိုလိမ့်မယ်။ ပြန်တော့စစ်ကြည့်ရမှာပေါ့၊ တန်းပြီးတော့ သုံးထောင်ရှိလို့တိုက်တယ် အဲ့လိုမျိုးတော့မဟုတ်ဘူးပေါ့။ နဂိုတုန်းက ဘယ်နှစ်ကောင်ရှိတာလဲ။ ခြောက်လသောက်တယ် ပြီးရင်သုံးထောင်ကျန်တယ်။ ခြောက်လသောက်ပြီးတော့ ဘယ်လောက်အကြာမှာ ပြန်စစ်တဲ့သုံးထောင်လဲပေါ့။ ပြီးတဲ့အခါကျတော့ အဲ့ဒီ သုံးထောင်က နောင်ကျရင် ပြန်စစ်ရင် ထပ်တိုးလာနိုင်တယ်လေ။ ထပ်တိုးလာမယ်ဆိုရင်တော့ ဒီဗိုင်းရပ်ပိုးက ငြိမ်မနေဘူး။ ငြိမ်မနေလို့ရှိရင် ဆေးပြန်သောက်ဖို့လိုမယ်။ နောက်တစ်ခုက ဒီအကောင်တွေကျတော့ အသည်းရောင်တွေ့လားပေါ့ နောက်သူ့မှာ အသည်းခြောက်တဲ့ လက္ခဏာတွေရှိ နေလား ၊ အဲ့ဒါလေးတွေကြည့်ရမယ် နောက်တစ်ခုက မျိုးရိုးထဲမှာ အသည်းကင်ဆာဖြစ်တဲ့လူရှိလား အဲ့ဒါမျိုးလေးတွေကြည့်ပြီးတော့မှ ဆေးပြန်သောက်သင့်တယ်ဆိုရင် သောက်ရမယ်။ ခြောက်လလေးသောက်လို့တော့ ပျောက်မှာတော့မဟုတ်ဘူး။ အဓိကမှာချင်တာကတော့ မှန်မှန်ပြဖို့ အရေးကြီးတယ်။ ကျွန်တော်တော့ မပြဘဲနေလိုက်တာ ဆိုပြီးတော့။ အဲ့ဒါကတော့ ဂုဏ်ယူရမည့်ကိစ္စထဲမှာမပါဘူး။

မေး။ ။ နောက်တစ်ခုမေးထားတာကတော့ အရက်အကြောင်းထပ်ပြီးတော့မေးထားတယ်။ အသည်းရောဂါက အရက်တစ်မျိုးတည်းကြောင့်လား ကျန်တဲ့စားသောက်မှုတွေကော ဘယ်လိုသက်ဆိုင်နေသလဲဆိုတာ ကျေးဇူးပြု၍ဖြေကြားပေးပါဆရာမကြီးခင်ဗျား။

ဖြေ ။    ။ အသည်းရောဂါက အရက်တစ်ခုတည်းကြောင့်လားဆိုတော့ အရက်တစ်ခုတည်းမဟုတ်လို့ nonalcoholic fatty liver disease ဆိုပြီတော့ဖြစ်တာလေ။ အရက်ကြောင့်မဟုတ်တဲ့ အသည်းအဆီဖုံးရောဂါဆိုပြီးဖြစ်တာပေါ့နော်။ အဲ့တော့ အစားအသောက်ကတော့ စောစောကပြောခဲ့တဲ့အတိုင်း အသည်းအဆီဖုံးနိုင်အောင် မစားမသောက်နဲ့ပေါ့။  နောက်.. အဝမလွန်ဆေးနဲ့ပေါ့ အဲ့ဒါမျိုးလေးတွေတော့ဖြစ်တာပေါ့။ ဘယ်အစားအသောက်ကိုရွေး ပြောဖို့ဆိုရင်တော့ စောစောကပြောထားတဲ့ ကာဘိုဟိုက်ဒရိတ် ဆန် ဂျူံ ပြောင်း အာလူးကတော့ အသည်းအဆီဖုံးဖို့ များတာပေါ့။ အရက်ကြောင့်မဟုတ်ဘဲနဲ့ တစ်ခြား ဖြစ်နိုင်တဲ့ဟာပေါ့။ နောက်တစ်ခုကျတော့ အသည်းရောဂါဖြစ်စေတဲ့ဟာဆိုရင် ဥပမာ Virus ပိုးတွေရှိတယ်၊ အရက်ရှိတယ် နောက်တစ်ခု ခုနက အရက်မဟုတ်တဲ့ စောစောကပြောတဲ့ ဆီကြောင့်ဖြစ်တာရှိတယ်။ နောက်တစ်ခုက မွေးရာပါ ရောဂါလိုမျိုးပေါ့ ကြေးနီဓါတ်၊ Copper ဓါတ်၊ သံဓာတ်များတဲ့ရောဂါ ဒါမျိုးရောဂါလေးတွေလဲရှိသေးတယ်။ နောက်တစ်ခုက သွေးကြောကြောင့် သွေးကြောနဲ့ဆိုင်တဲ့ရောဂါ နောက်တစ်ခုကျတော့ အသည်းရောဂါဖြစ်တာပဲပေါ့နော်။ တကယ်တော့ အသည်းရောဂါအရင်ရှိတာမဟုတ်ဘူး တစ်ခြားအထွေထွေရောဂါတစ်ခုခုရှိနေတာ အဲ့ဒီအထွေထွေရောဂါမှာ အသည်းကိုလာပြီးတော့ ဆင့်ပွါးပြီးထပ်ဖြစ်တဲ့ဟာ ထပ်ထိခိုက်တဲ့ဟာမျိုး အဲ့လိုမျိုးတွေလဲရှိသေးတယ် အဲ့တော့ အသည်းရောဂါတွေကတော့ အများကြီးပေါ့။

မေး။ ။ သူကအသည်းဆီဖုံးရင်းနဲ အသည်းယောင်ခြင်းတွေကိုရော Ultrasound ရိုက်ပြီးတော့ သိနိုင်သလား ပိုပြီးတော့ သေချာအောင်ဘယ်စစ်ဆေးလို့ရနိုင်မလဲ။

ဖြေ ။    ။ အသည်းဆီဖုံးတာကတော့ Ultrasound ရိုက်လို့သိနိုင်တယ်။ ဒါပေမယ့် အသည်းရောင်တာ Ultrasound နဲ့ မသိဘူး။ ဥပမာ Ultrasound မှာ chronic hepatitis ဆိုပြီးတော့ chronic ဆိုတာ နာတာရှည်ပေါ့။ အဲ့တော့ hepatitis ဆိုတာ အသည်းရောင်တယ်။ နာတာရှည် အသည်းရောင်တယ်လို့ ရေးတာက။ ရောင်တာကိုတွေ့တဲ့ အကြောင်းတော့မဟုတ်ဘူး။ ရောင်တာကို သိလို့တော့ မဟုတ်ဘူး။ ဒါပေမယ့် ဒီဟာက နာတာရှည်အသည်းရောဂါ တစ်ခုခုရှိတယ်လို့ပဲ သူကဆိုလိုတာ ဓာတ်မှန်ဆရာဝန်ကတော့။ အသည်းဆီဖုံးတာကကျတော့ Ultrasound မှာ အသည်းထဲမှာ အဆီဓာတ်က အခုနောက်ပိုင်းဆိုရင် Ultrasound အရမ်းကောင်းလာတဲ့ အတွက်ကြောင့် အသည်းရဲ့အဆီကတဲ့ 10% လောက်ဖုံးတယ်ဆိုရင်တောင် သိနိုင်တယ်။ အရင်တုန်းက Ultrasound တွေက အနည်းဆုံးသုံးဆယ်ရာခိုင်နှုန်းလောက် သိမယ်၊ အခုက အဲ့လိုမဟုတ်တော့ဘူး 10%လောက်ထက်တောင် Ultrasound ကသိနိုင်တယ်လို့ ဆိုတယ်။ နောင်ဆို အဲ့အထက်တောင်ပိုပြီးတော့ သိနိုင်တဲ့စက်တွေပေါ်နိုင်သေးတယ် ဒါအသည်းဆီဖုံးတာ။ ဒါပေမယ့် အသည်းရောင်တာကျတော့ ရောင်တယ် မရောင်ဘူးကို တိုင်းဖို့ဆိုတာ သွေးဖောက်ရတာ အဲ့တော့ Liver Enzyme ပေါ့နော် အသည်းအင်ဇိုင်း လေးတွေ။ အဲ့ဒါလေးကို ဖောက်တယ် ဖောက်လို့ရှိရင် အဲ့ဒီဟာလေးများနေတယ်ဆိုရင် ဒါအသည်းရောင်တယ်လို့သိနိုင်တယ်။

မေး ။    ။ အသည်းအစားထိုးတဲ့ဟာ မြန်မာပြည်မှာ ရှိနေပြီလား တကယ်လို့ ရှိတယ်ဆိုရင် ဘယ်လောက်ကုန်ကျနိုင်သလဲ။

ဖြေ ။    ။ အသည်းအစားထိုးတာရှိတယ် ရန်ကုန်ရော မန္တလေးကောပေါ့။ ရန်ကုန်မှာလဲ ရန်ကုန်အသည်းအထူးကု ဆေးရုံတွေမှာ မင်းရဲကျော်စွာလမ်းနှင့် ပြည်လမ်းထောင့်ပေါ့။ တော်ဝင်စင်တာ ဘေးနားလေးက အဲ့ဒီမှာရှိတယ်။ အသည်းအစားထိုးတဲ့ ဌာနပေါ့နော်။ မန္တလေးမှာလဲ မန္တလေးပြည်သူ့ဆေးရုံကြီးမှာလဲ အသည်းအစားထိုးတာရှိတယ်။ ပုံမှန်လုပ်ဆောင်နေတာပါ ပုံမှန်လုပ်နေတယ် ဆိုပေမယ့် နေ့တိုင်းလုပ်တာတော့ မဟုတ်ဘူးပေါ့။ အနည်းဆုံးတစ်လကို နှစ်ယောက် ဝန်းကျင်လောက်တော့ အခုစပြီးတော့လုပ်နေတော့ ရန်ကုန်မှာလဲ အယောက်နှစ်ဆယ်ဝန်းကျင်လောက်တော့ရပြီ။ မန္တလေးကတော့ ဆယ်ယောက်ဝန်းကျင်လောက်တော့ ရနေပြီ။ လုပ်ပြီးသမျှှပေါ့။ အဲ့တော့ အသည်းအစားထိုးတာကတော့ မြန်မာပြည်မှာရှိနေပြီ။ ငွေကြေးကတော့ အရင်တုန်းကတော့ အစိုးရက ကျန်းမာရေးဝန်ကြီးဌာနကနေပြီးတော့ စိုက်ထုတ်ပေးတယ်ပေါ့။ ဒီကုသမှုကို ထောက်ပံ့ပေးတဲ့သဘောအနေနဲ့ပေါ့နော်။ ဒါပေမယ့် အခုနောက်ပိုင်းကတော့ ကျန်မာရေးနဲ့အားကစားဝန်ကြီးဌာနအနေနဲ့ ကျွန်မတို့ဌာနကနေ မထောက်ပံ့နိုင်တော့ဘူး၊ ထောက်နိုင်တာလဲ ရှိတာပေါ့နော်။ ထောက်နိုင်တဲ့အပိုင်းကတော့ အများပြည်သူကို ပေးတဲ့အတိုင်းအတာတစ်ခု အတိုင်းတော့ ပေးတယ်။ နောက်တစ်ခုက တစ်ချို့ဟာတွေဆိုရင် ဓာတ်မှန်တို့ အဲ့လိုဟာတွေမှာလဲ ကျွန်မတို့ အခမဲ့လုပ်ပေးတာတွေရှိတယ်။ ဒါပေမယ့် ကင်ဆာဆေးတွေတို့ အသည်းအစားထိုးတာအတွက် သုံးရမည့် ဆေးတွေက စျေးကြီးတယ်။ အဲ့ဒါမျိုးတွေကျရင်တော့ ကိုယ့်ဟာကိုဝယ်ရတယ်။ ကုန်ကျစရိတ်အတိအကျကတော့ မသိဘူး။ ဒါပေမယ့် သိန်းရာဂဏန်းလောက်တော့ရှိမယ်။ အဲ့ဒါကတော့ တကယ်ကိုလုပ်မယ် ဆိုတဲ့အခါကျတော့မှပဲ သက်ဆိုင်ရာဌာနနဲ့မေးကြည့်ပြီးတော့မှ သိရမှာ။

မေး။ ။ ခုနက ကျွန်တော်တို့ပြောတဲ့အထဲမှာ အသည်းအဆီဖုံးနဲ့ပတ်သတ်ပြီးတော့ ပြောထားတာတွေရှိပါတယ်။ အသည်းဆီဖုံးတာကို ဆေးသောက်ရင် ပျောက်ပါသလား။ ပြီးတော့ ဘယ်လိုဆေးမျိုးတွေကို သောက်ရမလဲဆိုတာ ပြောပေးစေလိုပါတယ်။

ဖြေ ။    ။ လတ်တလော အနေနဲ့ကတော့ အသည်းအဆီဖုံးတာက ဆေးမပေါ်သေးဘူး။ အဆီဖုံးတာကို သက်သာစေတဲ့ အသည်းဆေးမရှိသေးဘူး။ ဒါပေမယ့် စမ်းသပ်မှုတွေ အများကြီး လုပ်နေတဲ့အခါကျတော့ တစ်ချို့ဟာတွေက အောင်မြင်ခါနီးတွေရှိနေတယ်။ သိပ်မကြာတဲ့နှစ်အတွင်း အသည်းအဆီဖုံးတာအတွက် ဆေးပေါ်လိမ့်မယ်လို့ ယူဆတယ်။ နောက်တစ်ခုက တစ်ချို့တွေကကျတော့ အဆီကျဆေးဆိုပြီးတော့ သောက်နေကြတာတွေလဲရှိတယ်။ အသည်းဆီဖုံးတယ်ဆိုတော့။ အဲ့တော့ အဆီကျဆေးဆိုပြီးတော့ သောက်တဲ့အထဲမှာ နှစ်ခုကရောနေတာပေါ့နော် မြန်မာတွေက။ ပြောတဲ့အခါကျတော့ ရောရောထွေးထွေးပြောရင်းနဲ့ အဆီကျဆေးရောနေတာ။ အဲ့တော့ အဆီကျတယ် ဆိုတဲ့နေရာမှာ နှစ်ခုရှိတာပေါ့နော်။ နှလုံးရောဂါသမားတွေကို သွေးထဲမှာ အဆီများလို့ ဥပမာ သွေးထဲမှာ ကိုလက်စထရော များလို့ တိုက်တဲ့ဆေးတွေရှိတယ်။ အဲ့လိုဆေးတွေကျတော့ သွေးကြောထဲကအဆီကိုချတာ။ နောက်တစ်ခုကကျ ပိန်ဆေးတွေ ပိန်ဆေးတွေကိုလဲ အချို့က အဆီကျဆေးဆိုပြီးတော့ စကားတွေရှုပ်ပြီးရောကုန်တာ။ ပိန်ဆေးတွေကကျတော့ သူက အစာလမ်းကြောင်းတစ်လျှောက်မှာရှိတဲ့ စားလိုက်တဲ့အစာထဲက အဟာရတွေကို မစုပ်ယူအောင်သူကတားလိုက်တာ။ စားလိုက်တဲ့အစာတွေဟာ ပါးစပ်ကစားပြီးရင် ဝမ်းထဲကနေဗိုက် စအိုကနေထွက်သွားတာ။ အသည်းထဲကိုမပို့တော့ဘူးပေါ့။ အစာလမ်းကြောင်းက စုပ်မယူတော့ဘဲ အသည်းထဲကိုမပို့တော့ဘူး။ အဲ့လိုလုပ်တာ။ အဲ့ဒါကျတော့ လူတွေက တဖြည်းဖြည်းပိန်အောင် ဆိုပြီးတော့ လုပ်တဲ့ဟာပေါ့။ ဒါပေမယ့် အဲ့ဒီဟာတွေကလဲ နှလုံးရောဂါအတွက် ပုံမှန်သောက်နေကျတဲ့ သွေးကြောအတွက် တိုက်နေကျဆေးတွေက အာနိသင်ကကောင်းတယ်။ သူကတော့ သောက်တာဘာမှမဖြစ်ဘူး။ ဒါမယ့် ပိန်ဆေးတွေကို အဆီကျဆေးဆိုပြီးတော့ အသည်းအဆီဖုံးလို့ သောက်ရင်တော့ ပိုကောင်းတယ်လို့မရှိဘူး။ အဲ့ဒါကတော့မှားနေတယ်ထင်တယ်။

မေး။ ။ ကျွန်တော့တို့ မြန်မာစကားမှာ ရေဖျင်းစွဲ ဆိုတဲ့စကားရှိပါတယ်။ အဲ့ဒါက ဒီမှာလဲ တစ်ယောက်မေးထားတာရှိပါတယ်။ အသည်းခြောက်ပြီး ကျန်တဲ့ ခန္ဓာကိုယ်အစိတ်အပိုင်း မဖောဘဲနဲ့ ဗိုက်ပဲဖောင်းနေတာဟာ ရေဖျင်းစွဲတယ်လို့ပဲပြောတယ်ပေါ့နော်။ အဲ့ဒါကို ရေဖျင်းစွဲ တယ်ဆိုတာက ဘယ်လိုသဘောသဘာဝ အသည်းနဲ့ဘယ်လိုသက်ဆိုင်ပါသလဲ။

ဖြေ။ ။ အသည်းက တစ်ကိုယ်လုံးမှာ ရှိတဲ့ ပရိုတင်းတွေကို အသည်းကထုတ်ပေးတာ စက်ရုံပေါ့။ ပရိုတင်းဓာတ် အသားဓာတ်လို့ခေါ်တာပေါ့နော်။ အဲ့ဒီပရိုတင်းတွေထဲမှာမှ Albumin (အယ်လ်ဗျူမင်) ဆိုတဲ့ ပရိုတင်းတစ်မျိုးရှိတယ်။ သူက အသည်းကမထုတ်နိုင်တော့ဘူး။ သူမထွက်တဲ့အခါကျရင် သူမှာ အဲ့ဒီ Albumin (အယ်လ်ဗျူမင်)  စွဲနိုင်တဲ့အားအင်ရှိတယ်။ အဲ့တော့ သွေးကျောထဲမှာ Albumin (အယ်လ်ဗျူမင်)  ရှိလို့ရှိရင် ခန္ဓာကိုယ်ရဲ့ အရည်တွေကို သွေးထဲမှာ ရှိနေအောင်ထိန်းထားပေးတယ်။ အဲ့တော့ အသည်းကနေ Albumin (အယ်လ်ဗျူမင်)  မထုတ်တော့ဘူးဆိုရင် အွန်ကောလစ် Pressure လို့ခေါ်တဲ့ဟာကို မထိန်းထားနိုင်တော့ဘူး။ အဲ့တော့ အရည်တွေက သွေးကြောထဲမှာ မနေတော့ဘဲနဲ့ သွေးကြောနံရံတွေကနေတစ်ဆင့် ကျန်တဲ့နေရာတွေမှာ နေနေတဲ့ဟာမျိုးပေါ့နော်။ အဲ့လိုတွေဖြစ်တယ်။ တစ်ခြား Mechanism တော့ အများကြီး ရှိတာပေါ့။ ဒါပေမယ့် အဲ့တာကျတော့ ဆေးစာသင်တွေမဟုတ်တော့ လျောက်ပြောရင် ပျင်းကုန်မှာလေ။ အဲ့တော့ အယ်လ်ဗျူမင် ထွက်တာနဲတယ်။ ထွက်တာနဲတော့ အဲ့ဒီကနေဆက်တိုက်ဖြစ်တာပေါ့နော်။ နောက်.. အသည်းခြောက်လို့လဲ ရေဖျင်းစွဲ တယ်ပေါ့နော်။ Pressure တွေဘာတွေလည်း အပြောင်းအလဲတွေရှိတယ် အဲ့ဒါကြောင့်ဖြစ်တာ။ နောက်တစ်ခုကကျတော့ အဲ့လို ရေဖျင်းစွဲတာမှာ ခြေထောက်နဲ့ ဗိုက်တွေပဲဖြစ်တာ။ ခြေထောက်တွေ ရောင်လာတယ် ခြေထောက်မဟုတ်ရင်လဲ အိပ်ယာထဲအိပ်နေတဲ့လူဆိုရင် တင်ပါးမှာဖောလာတာပေါ့။ နောက်.. ဗိုက်ထဲမှာဖောလာတယ်။ အဲ့ဒါကတော့ ပုံမှန်ဆိုရင်တော့ အငန်လျှော့စားခိုင်းတယ်။ နောက်တစ်ခုကတော့ အစားမစားနဲ့ပေါ့။ အငန် Sodium ဓာတ် လျှော့ခိုင်းလိုက်တာ။ ပြီးတော့ ဆီးဆေးတွေကိုပေးတယ်။ အသည်းထိခိုက်စေမယ့်ဟာတွေက ဥပမာ စီပိုးရှိရင် စီပိုးကိုကုပေးလိုက်တယ်။ ဘီပိုးရှိရင် ဘီပိုးကိုကုပေးလိုက်တယ်ဆိုရင် အသည်းကဒဏ်ရာထပ်မရတော့ဘူးဆိုရင် အသည်းကောင်းလာမယ်။ ကောင်းလာမယ်ဆိုရင် အလုပ်ပြန်လုပ်နိုင်တယ်ဆိုရင် ရေဖျင်းတွေဘာတွေက ပျောက်သွားမယ်ပေါ့။

မေး။ ။ အသည်းရောအသားဝါဘီပိုးကို စီပိုးက မျိုးရိုးလိုက််တတ်သလားလို့မေးတာပေါ့နော်။

ဖြေ။ ။ အဲ့တော့ဘီပိုး စီပိုးက မျိုးရိုးတော့မလိုက်ဘူး။ ဒါပေမယ့်လို့ အမေမှာဘီပိုးရှိရင် သူကလေးမွေးတဲ့အချိန်မှာ သွေးကနေတစ်ဆင့် ကလေးကို ကူးသွားတာပေါ့နော်။ စီပိုးကလဲပဲ အမေကနေကလေးကို မွေးတဲ့အချိန်မှာတော့ ကူးနိုင်တယ်။ ဗိုက်ထဲမှာတော့ မကူးဘူး။ မိသားစုထဲမှာကျတော့ အမေမှာဘီပိုးရှိတယ်။ သားသမီးတွေမှာလဲ ဘီပိုး သုံးလေးယောက်လောက်ရှိတယ်။ မောင်နှမငါးယောက်ရှိတယ် နှစ်ယောက်မှာ ဘီပိုးပါလာတယ် အဲ့လိုမျိုး အဲ့လိုဆိုတာက ပိုးကူးတဲ့ဟာကိုပဲပြောတာ မျိုးရိုးလိုက်တာတော့မဟုတ်ဘူး။ ကူးစက်ခံလိုက်ရတာပေါ့။ နောက်တစ်ခုကကျတော့ ကူးစက်နိုင်နှုန်းဆိုရင် ဘီပိုးကျတော့ အသည်းရောင်အသားဝါဘီပိုးဆိုလို့ရှိရင် ကူးစက်နိုင်တဲ့နှုန်းက အမေမှာပိုးရှိရင် သားသမီးမှာ ကူးဖို့ရာခိုင်နှုန်း 90ရာခိုင်နှုန်းရှိတယ် မွေးပေးတဲ့အချိန်မှာ။ အဲ့ဒါကြောင့်မို့လို့ စောစောကပြောတဲ့ ၁၂ နာရီအတွင်းမှာ ကာကွယ်ဆေးထိုးမယ်လို့ပြောတာ။ နောက်တစ်ခု စီကကျတော့ ဘီနဲ့မတူဘူး အမေမှာ စီပိုးရှိပေမယ့် ဘီပိုးလိုမျိုး 90ရာခိုင်နှုန်းကျော်ကူးမယ်ဆိုတာမဟုတ်ဘူး သူကကျတော့ ကူးစက်နိုင်နှုန်း ၁၀ ကနေ ၁၅ ရာခိုင်နှုန်းလောက်အထိ နည်းတယ်။

မေး။ ။ အရက်ကို နဲနဲလောက်များ သောက်လို့ကောမရဘူးလား ဘယ်လိုအကြံပေးမလဲပေါ့နော်။

ဖြေ။ ။ အဲ့တော့ အရက်ကတော့ အသည်းသမားတွေကို လုံးဝကြီးမသောက်ရဘူး လို့တော့ ဘယ်စာအုပ်ထားမှာမှတော့မရေးဘူး။ ဒါပေမယ့် စီပိုးသမားကတော့ မသောက်ရဘူး ပေါ့နော်။ ကျန်တာတွေမှာတော့ မပြောဘူး။ ဒါပေမယ့်လို့ အရက်ကြောင့်မို့လို့ အသည်းရောင်တယ်ဆိုရင်တော့ လုံးဝရှောင်တာကတော့ အဓိကကျတယ်။ ဘာလို့ဆိုတော့ အရက်သောက်တဲ့လူက အသည်းရောင်ပြီဆိုရင် ဒါက အချက်ပြနေတာ။ မင်းမှာအသည်းဖြစ်မှာဆိုတော့ ဆက်သောက်ရင် သူကသွားမှာပေါ့။

မျိုးသန့် ။ ။ ပညာရပ်တစ်ခုကို တစ်နာရီတည်းအတွင်းမှာ ပြောလို့ကို မလုံလောက်နိုင်ဘူးပေါ့နော်။ ဆရာမကြီးကနေပြီးတော့ မေးခွန်းမြောက်များစွာကို ဖြေကြားပေးခဲ့တဲ့ အတွက် ကျေးဇူးတင်ပါတယ်။ အဲ့ဒီတော့ ကြည့်ရူအားပေးခဲ့ကြတဲ့ မဇ္စျိမပရိသတ်များ အားလုံးကိုလဲ ကျေးဇူးတင်ပါတယ်။ နောက်ဆုံးအနေနဲ့ ဒီအသည်းရောဂါနဲ့ပတ်သတ်ပြီးတော့ ကျွန်တော်တို့ မဇ္စျိမပရိသတ်တွေအတွက် လုံးဝအရေးကြီးတဲ့ အချက် Message ပေးပေးပါခင်ဗျာ။

ဖြေ ။    ။ အသည်းရောဂါက မြန်မာပြည်မှာ အဖြစ်များတယ်ရှင့်။ အဲ့တော့ အဖြစ်များတဲ့အသည်းရောဂါကို လက္ခဏာပေါ်မှာ ငါ့မှာ အသည်းရောဂါရှိတယ် ရှိမှာပဲလို့ အဲ့လိုမထင်ဘဲနဲ့ အသည်းရောဂါရှိမရှိစစ်ကြည့်သင့် တယ်လို့ထင်တယ်။ နောက်တစ်ခုကျတော့ သာမန်ပေါ့နော် လေထိုးလေအောင့်လေးဖြစ်ဖြစ် အသည်းရောဂါ ဖြစ်နေတတ်တော့ ကိုယ့်သွေးအုပ်စုကိုလူတိုင်းသိဖို့ လိုသလိုမျိုး ကိုယ့်မှာ အသည်းရောဂါရှိလား မရှိလား???  နောက်စစ်လို့ရတဲ့ ဘီပိုးစီပိုးကို အဓိကကျတယ်။ အဲ့ဒါမြန်မာပြည်မှာလဲအဖြစ်များတယ် အဲ့ဒါလေးကို စစ်ကြည့်သင့်တယ်။ နောက်ပြီးတော့ အသည်းရောဂါမရှိအောင် တခြား အသည်းရောဂါဖြစ်စေနိုင်တဲ့ တခြားအရက်တို့ ဘာတို့မသောက်နဲ့ လေ့ကျင့်ခန်းတွေလဲလုပ်။ အစားကိုလဲ သန့်ရှင်းကောင်းမွန်လတ်ဆတ်ပြီးတော့ မျှမျှတတချင့်ချိန်ပြီးတော့ စားခြင်းအားဖြင့် အသည်းရောဂါကနေ အားလုံးကင်းဝေးပြီး သီတင်းကျွတ်မှာလဲ ပျော်ပျော်ရွှင်ရွှင်နေနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

မျိုးသန့် ။    ။ ဟုတ်ကဲ့ပါ မေးခွန်းတွေအများကြီးဖြေကြားပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။ မေးခွန်းတွေ မေးမြန်းကြတယ် မဇ္စျိမပရိသတ်များအားလုံးကိုလဲ ကျေးဇူးပါတယ်ခင်ဗျား။ ကျွန်တော်တို့ ဒီအစီအစဉ်လေးကို ဒီမှာပဲ ပြီးဆုံးခွင့်ပြုပါခင်ဗျား။

အသည်းရောဂါမဖြစ်ဖို့ ဘာတွေသိသင့်သလဲ  အပိုင်း(၁ )အပြည့်အစုံ - http://www.mizzimaburmese.com/article/52291

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly