ရခိုင်အရေးတွင် မြန်မာကိုထောက်ခံကြောင်း တရုတ်ဝန်ကြီးချုပ်က ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံစဉ် ပြော

By China.org.cn
16 November 2018
ရခိုင်အရေးတွင် မြန်မာကိုထောက်ခံကြောင်း တရုတ်ဝန်ကြီးချုပ်က ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံစဉ် ပြော

နိုဝင်ဘာ ၁၆ ။         ။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တရုတ်ဝန်ကြီးချုပ် Li Keqiang တို့ နိုဝင်ဘာ ၁၅ ရက်က တွေ့ဆုံခဲ့ကြပြီး နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးကိစ္စတွေကို ဆွေးနွေးခဲ့ကြပါတယ်။

စင်ကာပူမှာ ပြုလုပ်တဲ့ အရှေ့အာရှ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ  အစည်းအဝေးတွေရဲ့ ဘေးပန်းပြင်ပမှာ အဆိုပါခေါင်းဆောင်နှစ်ဦး သီးခြားတွေ့ဆုံခဲ့ကြတာဖြစ်ပါတယ်။

တရုတ်နဲ့ မြန်မာ ဆိုတာက ချစ်ကြည်ရင်းနှီးပြီးသား အိမ်နီးချင်းတွေ ဖြစ်ကြောင်း၊ နှစ်နိုင်ငံအကြား သံတမန်ဆက်ဆံရေး ထူထောင်တာ ၆၈ နှစ် ရှိခဲ့ပြီးနောက်ပိုင်း ပေါက်ဖော် ချစ်ကြည်မှုက ဆက်လက် ခိုင်မာနေဆဲဖြစ်ကြောင်း တရုတ်ဝန်ကြီးချုပ်က ဆွေးနွေးသွားပါတယ်။

ဒါ့အပြင် လက်ရှိ ရခိုင်ကိစ္စကို ပြေလည်အောင် ဖြေရှင်းဖို့ မြန်မာအစိုးရအနေနဲ့ ဘင်္ဂလားဒေ့ရှ်နဲ့အကြား ညှိနှိုင်းတိုင်ပင်ဆွေးနွေးမှုတွေနဲ့အတူ ကြိုးစားဆောင်ရွက်နေမှု အခြေအနေနှင့် ပြည်တွင်းရေး တည်ငြိမ်အောင် ထိန်းသိမ်းဆောင်ရွက် အားထုတ်နေမှုတွေအပေါ်မှာလည်း တရုတ်အစိုးရဘက် ထောက်ခံပါကြောင်း ၎င်းက ပြောသွားပါတယ်။ ဒါနဲ့ပတ်သက်လို့ လိုအပ်တဲ့ အကူအညီတွေ ပံ့ပိုးပေးချင်ပါကြောင်းလည်း ၎င်းက ပြောသွားပါတယ်။

တရုတ်၊ မြန်မာနှစ်နိုင်ငံစလုံးအနေနဲ့ စီးပွားရေး တိုးတက်ဖို့၊ ပြည်သူတွေရဲ့ လူနေမှုဘဝတွေကို မြှင့်တင်ပေးနိုင်ဖို့အတွက် လုပ်ဆောင်ကြရမှာဖြစ်ကြောင်းလည်း ၎င်းက ထပ်လောင်းပြောသွားပါတယ်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ကလည်း နှစ်နိုင်ငံအကြား ခိုင်မာတဲ့ချစ်ကြည်ရင်းနှီးမှုတစ်ရပ်ရှိထားပါကြောင်း ပူးပေါင်းဆောင်ရွက်မှုတွေအတွက် အတူလက်တွဲလုပ်ဆောင်သွားလိုပါကြောင်း ပြောဆိုဆွေးနွေးသွားတယ်လို့ သိရပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံကို အကြိမ်ပေါင်းများစွာ ကူညီပေးခဲ့တဲ့အတွက်ရော၊ အထူးသဖြင့် မြန်မာ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ ရခိုင်ကိစ္စမှာ နားလည်မှု ရှိစွာ ထောက်ခံအားပေးခဲ့တဲ့အတွက် တရုတ်အစိုးရကို ကျေးဇူးတင်ပါကြောင်း အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောသွားတယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly