မကွေးတွင် ဆိုင်ကယ်မီးလောင်မှု ဖြစ်ပွား

မကွေးတွင် ဆိုင်ကယ်မီးလောင်မှု ဖြစ်ပွား

မကွေး၊ နိုဝင်ဘာ ၁၅ ။            ။ မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်၊ ပင်းဝကျေးရွာအဝင်ဝတွင်ဆိုင်ကယ်တစ်စီးမီးလောင်မှု နိုဝင်ဘာလ ၁၄ရက် ည ၁၁နာရီအချိန်ကဖြစ်ပွားခဲ့သည်ဟုသိရသည်။

ဖြစ်စဉ်မှာ ချောက်မြို့နယ်၊ ဆားလယ်ကျေးရွာတွင်နေထိုင်သော ကိုရှိန်ပု(ခ)သန်းရှိန်(၅၂) နှစ်သည် WAVE 110အနက်ရောင်ဆိုင်ကယ်အားစီးနင်း၍ ရေနံချောင်းမြို့၊မြေနီခင်မြောက်ရပ်ကွက်ရှိ "နောင်ရိုး"ဘော်ဒါဆောင်တွင်ပညာသင်ကြားနေသော (၁၀)တန်းကျောင်းသူ သမီးထံသို့ ဟင်းချိုင့်ပို့ပေးခဲ့သည်ဟုသိရသည်။

၎င်းမှအပြန် ည ၁၁နာရီအချိန်တွင် ပင်းဝအုပ်စု၊ ပင်းဝကျေးရွာရွာအဝင်ဝတွင် ပင်းချောင်းရိုးအား ဆိုင်ကယ်ဖြင့် ဖြတ်ကျော်တက်ရောက်စဉ် မြေကြီးနှင့်ဆိုင်ကယ်အိတ်ဇောထိမိပြီး အိတ်ဇောပိုက်ပြတ်တောက်သွားကာဆီပိုက်ပြုတ်၍ ဝါယာရှော့ဖြင့် ဆိုင်ကယ်မီးလောင်ကျွမ်းခဲ့သည်ဟု သိရသည်။

“မီးလောင်ကျွမ်းမှုကြောင့် ခန့်မှန်းတန်ဖိုးကျပ်(၁)သိန်း တန်ဖိုးရှိ WAVE 110အနက်ရောင်ဆိုင်ကယ်ဟာ ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။နိုဝင်ဘာလ ၁၅ရက် မိုးမလင်းသေးခင် နံနက် ၁၂နာရီ မိနစ်၂ဝအချိန်မှာ အမှုဖြင့် ဖမ်း ဆီးပြီး ယာဉ်လိုင်စင်၊ယာဉ်မောင်းလိုင်စင်ရှိ/မရှိစိစစ်ဆောင်ရွက်လျှက်ရှိပါတယ်"ဟု လက်မှတ်ကုန်း နယ်မြေ ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ဖြစ်စဉ်နှင့်ပတ်သက်ပြီး ဒုရဲအုပ်ချမ်းမြေ့ထွန်း၏ တရားလိုပြုလုပ်တိုင်တန်းချက်အရ ကိုရှိန်ပု(ခ)သန်းရှိန်အား (ပ)၆၃/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၂၈၅ဖြင့် လက်မှတ်ကုန်းနယ်မြေ ရဲစခန်းတွင် အမှုဖွင့်ထားကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly