အကြိတ်အနယ် ပွဲစဉ်များဖြင့် ကြိုးဝိုင်းအတွင်း ပြန်လည်ဝင်ရောက်လိုသည့် ဖိုးသော်

By မဇ္ဈိမ
15 November 2018
အကြိတ်အနယ် ပွဲစဉ်များဖြင့် ကြိုးဝိုင်းအတွင်း ပြန်လည်ဝင်ရောက်လိုသည့် ဖိုးသော်

နိုဝင်ဘာ ၁၅ ။         ။ ပရော်ဖက်ရှင်နယ်ကိုယ်ခံပညာသိုင်းပေါင်းစုံကစားသမားတစ်ဦးအနေဖြင့် ပထမဆုံးရှုံးပွဲကို ရင်ဆိုင်ခဲ့ရသော ဖိုးသော်အနေဖြင့် ၎င်းနှင့်ဝိတ်တန်းတူသော ကစားသမားကောင်းများနှင့် ရင်ဆိုင်ယှဉ်ပြိုင်ရန် စိတ်အား ထက်သန်လျက်ရှိသည်ဟု ဆိုသည်။

“ပိုပြီးထူးချွန်တဲ့ ကိုယ်ခံပညာသိုင်းပေါင်းစုံကစားသမားတစ်ယောက်ဖြစ်လာဖို့ အကောင်းဆုံးနည်းလမ်းကတော့ ကမ္ဘာ့အဆင့် ကို်ယ်ခံပညာသိုင်းပေါင်းစုံကစားသမားကြီးတွေနဲ့ ရင်ဆိုင်ကြည့်ဖို့ပါပဲ။ လေ့ကျင့်မှုတွေ နေ့စဉ်နဲ့အမျှ တိုးတက်လာလို့ အားရပါတယ်။ ဒါပေမယ့် နောက်တစ်ဆင့်တက်ဖို့အတွက်ဆိုရင် ခက်ခဲတဲ့ ယှဉ်ပြိုင်ပွဲတွေ လိုအပ်တယ်လို့ ကျွန်တော် သိလာရပါတယ်။”ဟု သူက ပြောသည်။

 ပြီးခဲ့သည့် အောက်တိုဘာလအတွင်းက ရန်ကုန်မြို့၊ သုဝဏ္ဏမိုးလုံလေလုံအားကစားကွင်း၌ ကျင်းပခဲ့သော ONE: PURSUIT OF GREATNESS ပြိုင်ပွဲကြီး၏ ဒုတိယအဓိကပွဲစဉ်ကြီးတွင် ဖိုးသော်သည် ပြိုင်ဘက် Keanu Subba ၏ လည်ပင်းချုပ်ကွက်ကြောင့် ပထမအချီတွင်ပင် အရှုံးပေးလိုက်ရသည်။

ထို့ကြောင့် ဖိုးသော်သည် ၎င်း၏ ပထမဆုံးရှုံးပွဲကို ကြုံတွေ့ခဲ့ရပြီးနောက် ရှေ့ဆက်ယှဉ်ပြိုင်ရမည့်ပွဲများအတွက် ပြန်လည်ကြိုးစားသွားရန် ဆုံးဖြတ်ချက်ချထားသည်ဟု ဆိုသည်။

 “ကျွန်တော့်အနေနဲ့ သင်ယူလေ့လာစရာတွေ အများကြီးရှိနေသေးတယ်ဆိုတာ သိလိုက်ရပါတယ်။ ကိုယ်ခံပညာသိုင်းပေါင်းစုံကစားသမားတစ်ယောက်အနေနဲ့ ကြိုးစားဖို့ အများကြီးလိုပါသေးတယ်။ ဒီရှုံးပွဲဟာ ကျွန်တော့်အတွက် အဟန့်အတားတစ်ခုဖြစ်ခဲ့ပေမယ့် ကျွန်တော် ဒီထက်ပိုကြိုးစားသွားပါ့မယ်လို့ ကတိပေးပါတယ်။ ONE ဖယ်သာဝိတ်ကမ္ဘာ့ချန်ပီယံခါးပတ်ကြီးကို ရယူနိုင်တဲ့အထိ ကျွန်တော်မနားတမ်း လေ့ကျင့်သွားမှာပါ” ဟု  ဖိုးသော်က ပြောသည်။

ပြိုင်ပွဲမှတ်တမ်း (၆-၁) ရရှိထားသော ဖိုးသော်အနေဖြင့် ကမ္ဘာ့အဆင့် ပြိုင်ဘက်များနှင့် ရင်ဆိုင်ယှဉ်ပြိုင်ခြင်း သည် ၎င်းကို ပိုမိုတိုးတက်စေမည့် နည်းလမ်းများထဲတွင်တစ်ခုအပါအဝင်ပင်ဖြစ်သည်ဟု အခိုင်အမာ ယုံကြည်ထားသည်။ ၎င်း၏စွမ်းရည်ကို နောက်တစ်ဆင့်တိုးတက်စေရန် ကမ္ဘာ့အကောင်းဆုံကစားသမားများနှင့် ယှဉ်ပြိုင်ထိုးသတ်ကာ မိမိ၏ကိုယ်ခံပညာစွမ်းရည်ကို ဆန်းစစ်လိုသော ဆန္ဒရှိနေသည်ဟုလည်း သိရသည်။

 “ကျွန်တော်ရဲ့ နောက်ဆုံးပွဲစဉ်မှာ အချိန်တိုအတွင်း ရှုံးနိမ့်ခဲ့ရတာကြောင့် ကျွန်တော်အတွက် အရင်က ထက်ပိုပြီး တွန်းအားဖြစ်စေပါတယ်။ နေ့တိုင်း လေ့ကျင့်ရေးဆင်းတဲ့အခါ ကိုယ့်ကိုယ်ကို အဆုံးစွန်ထိ တွန်းအားပေးပါတယ်။ ကျွန်တော် ကြိုးဝိုင်းထဲဝင်တဲ့အချိန်မှာလည်း အဲ့ဒီလိုတွန်းအားပေးမယ့် ပြိုင်ဘက်မျိုးကို လိုချင်ပါတယ််” ဟု ဖိုးသော်က ဆိုသည်။

ဆက်လက်ပြီး “ဒီအားကစားမှာ လွယ်ကူတဲ့ ထိုးသတ်ပွဲဆိုတာမရှိပါဘူး။ ပွဲစဉ်တိုင်းက မတူပါဘူး။ အထူးသဖြင့် ONE Championship ရဲ့ ဒီလိုပြိုင်ဆိုင်မှုပြင်းထန်တဲ့ ဝိတ်တန်းမျိုးမှာ ပြိုင်ပွဲတိုင်းက ခက်ခဲပါတယ်။ ကျွန်တော့်ဝိတ်တန်းမှာရှိတဲ့ ထိပ်တန်းကစားသမားတွေနဲ့ယှဉ်ပြိုင်ပြီး ကျွန်တော့်အရည်အချင်းကို ကောင်းကောင်း ဆန်းစစ်ကြည့်ချင်နေပါပြီ။” ဟု ဖိုးသော်က ထပ်ပြောသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required