ရန်ကုန်လေဆိပ်တွင် လေယာဉ်ဆီဖြန့်ဖြူးရောင်းချရန် ဒေါ်လာ ၅၁ သန်းတန် စာချုပ် စင်္ကာပူကုမ္ပဏီနှင့် လက်မှတ်ထိုး

ရန်ကုန်လေဆိပ်တွင် လေယာဉ်ဆီဖြန့်ဖြူးရောင်းချရန် ဒေါ်လာ ၅၁ သန်းတန် စာချုပ် စင်္ကာပူကုမ္ပဏီနှင့် လက်မှတ်ထိုး

ရန်ကုန်၊ စက်တင်ဘာ ၂၆ ။         ။ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ရှိ မင်္ဂလာဒုံလေယာဉ်ဆီဌာနခွဲတွင် လေယာဉ်ဆီဖြန့်ဖြူးရောင်းချရန် မြန်မာ့ရေနံထွက်ပစ္စည်း ရောင်းဝယ်ရေးလုပ်ငန်း (MPPE) နှင့် စင်္ကာပူအခြေစိုက် Puma Energy Group Pte. Ltd. တို့ ကနဦးမတည်ငွေ အမေရိကန်ဒေါ်လာ ၅၁ သန်းတန် စာချုပ်ကို စက်တင်ဘာ ၂၄ ရက်က လက်မှတ်ရေးထိုးခဲ့သည်။

မြန်မာ့ရေနံထွက်ပစ္စည်း ရောင်းဝယ်ရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးသန့်စင်နှင့် Puma Energy Group Pte. Ltd. မှ Chief Operating Officer Mr. Robert Jones တို့က နေပြည်တော်ရှိ Kempinski ဟိုတယ်၌ လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။

စာချုပ်ပါစည်းကမ်းအရ Signature Bonus ဒေါ်လာသန်း ၂၀ ရရှိပြီး ကနဦးရင်းနှီးမြှုပ်နှံမှုအဖြစ် မတည်ငွေ ဒေါ်လာ ၅၁ သန်းဖြစ်သည်။

(MPPE) က အစုရှယ်ယာ ၅၁ ရာခိုင်နှုန်း (ဒေါ်လာ ၂၆ သန်း) တန်ဖိုးရှိ လက်ရှိအသုံးပြုနေသော ပစ္စည်းများ ရင်းနှီးမြှုပ်နှံပြီး Puma Energy Group Pte. Ltd. မှ အစုရှယ်ယာ ၄၉ ရာခိုင်နှုန်း (ဒေါ်လာ ၂၅ သန်း) ရင်းနှီးမြုပ်နှံကာ အကျိုးတူဖက်စပ်ကုမ္ပဏီကို National Energy Puma Aviation Service Co., Ltd. အမည်ပေး လုပ်ကိုင်မည်ဟုဆိုသည်။

ယင်းလက်မှတ်ရေးထိုးပွဲသို့ မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးဇေယျာအောင်၊ ဒုဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင်၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်းနှင့် ဦးခင်မောင်စိုး၊ ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာထွန်းရှင်၊ ဒုဝန်ကြီးများ၊ Trafigura Pte. Ltd မှ Chief Finance Office & Director Mr. Pierre Lorinet နှင့် Puma Energy Group Pte. Ltd. မှ Chief Operating Officer Mr. Robert Jones တို့တက်ရောက်ကြသည်။

Puma Energy Group Pte. Ltd. သည် ကမ္ဘာ့နိုင်ငံပေါင်း ၄၅ နိုင်ငံတွင် စက်သုံးဆီအရောင်းဆိုင် ၁၀၄၂၃ ဆိုင်၊ အကြီးစားသိုလှောင် ဖြန့်ဖြူးရေးစခန်း ၈၀ ခု၊ ရေနံချက်စက်ရုံ နှစ်ရုံ ပိုင်ဆိုင်ပြီး ရေနံ သန့်စင်ချက်လုပ်ခြင်းနှင့် ရေနံထွက်ပစ္စည်း သယ်ယူသိုလှောင်၊ ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းများ ဆောင်ရွက်နေသည့် စင်င်္ကာပူအခြေစိုက် ကုမ္ပဏီဖြစ်သည်။   

ရည်ညွန်း - သတင်းစဉ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required