အစ္စရေးကာကွယ်ရေးဝန်ကြီး နုတ်ထွက်သွားတာဟာ အောင်ပွဲရတာပဲလို့ ဟားမတ်စ် ပြော

အစ္စရေးကာကွယ်ရေးဝန်ကြီး နုတ်ထွက်သွားတာဟာ အောင်ပွဲရတာပဲလို့ ဟားမတ်စ် ပြော
အစ္စရေးကာကွယ်ရေးဝန်ကြီး အက်ဗီဒေါလိုင်ဘာမန်း (Photo: AFP)

ဂါဇာစီးတီး၊ နိုဝင်ဘာ ၁၅ ။           ။ အစ္စရေးကာကွယ်ရေးဝန်ကြီး အက်ဗီဒေါလိုင်ဘာမန်း နုတ်ထွက်သွားတာဟာ အောင်ပွဲတစ်ရပ်ပဲလို့ အစ္စလာမ္မစ် လှုပ်ရှားမှုအဖွဲ့ ဟားမတ်စ်မှ ပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။

အက်ဗီဒေါလိုင်ဘာမန်းဟာ ဟားမတ်စ်အဖွဲ့နဲ့ အစ္စရေးတို့ကြား အပစ်ရပ်သဘောတူညီမှု ယူလိုက်တာနဲ့ ပတ်သက်ပြီး လက်သင့်မခံတာကြောင့် ဗုဒ္ဓဟူးနေ့့က ရာထူးကနေ နုတ်ထွက်ကြောင်း ကြေညာခဲ့တာပါ။

ဒီလို ရာထူးက နုတ်ထွက်ကြောင်း ကြေညာတာနဲ့ အတူ ရွေးကောက်ပွဲ စောလျင်စွာ ကျင်းပပေးဖို့ကိုပါ ဆော်သြသွားတာကြောင့် အစိုးရအတွက်တော့ ဖရိုဖရဲအခြေအနေ ဖြစ်ပေါ်စေတော့တာပဲ ဖြစ်ပါတယ်။

လိုင်ဘာမန်းဟာ ဝန်ကြီးချုပ်နေတန်ယာဟုရဲ့ ညွှန့်ပေါင်းအဖွဲ့ကနေ သူ့ပါတီလည်း နုတ်ထွက်ကြောင်း ပြောဆိုခဲ့ပါတယ်။

အစ္စရေးမှာ ရွေးကောက်ပွဲကို ၂၀၁၉ နိုဝင်ဘာလောက်မှ ကျင်းပဖို့ ရှိတာဖြစ်ပေမယ့် လိုင်ဘာမန်းရဲ့ နုတ်ထွက်မှုကြောင့် စောလျင်စွာ ရွေးကောက်ပွဲ ကျင်းပဖြစ်ဖွယ် ရှိလာတာပဲ ဖြစ်ပါတယ်။

ဂါဇာကမ်းမြောင်မှာ ဟားမတ်စ်နဲ့ အစ္စရေးတို့ တိုက်ပွဲတွေ ပြင်းထန်နေချိန်မှာ အီဂျစ်နိုင်ငံ ကြားဝင်ဖြန်ဖြေမှုနဲ့ အင်္ဂါနေ့မှာ ယာယီအပစ်ရပ် သဘောတူညီချက်ကို ရရှိလိုက်တာ ဖြစ်ပါတယ်။

ဒီသဘောတူညီချက်ဟာ အကြမ်းဖက်မှုကို အညံ့ခံလိုက်ခြင်းပဲလို့ လိုင်ဘာမန်းက ပြောဆိုပြီး ရာထူးက နုတ်ထွက်ဖို့ ဆုံးဖြတ် ကြေညာလိုက်တာပဲ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required