မြိတ်တွင် ခြေတုတပ်ဆင်ထားသူ ၅၂ ဦးကို အသေးစားပြုပြင်ရေး လုပ်ဆောင်ပေး

မြိတ်တွင် ခြေတုတပ်ဆင်ထားသူ ၅၂ ဦးကို အသေးစားပြုပြင်ရေး လုပ်ဆောင်ပေး

မြိတ်၊ နိုဝင်ဘာ ၁၄ ။               ။ မြိတ်မြို့နယ်အတွင်းရှိ ခြေတု တပ်ဆင်ထားသူ ၅၂ ဦးကို မြန်မာနိုင်ငံ ကြက်ခြေနီအသင်း ဘားအံ ခြေတု၊ လက်တု ဆိုင်ရာ ပြန်လည်သန်စွမ်းရေးဌာနမှ နိုဝင်ဘာ ၁၄ ရက်နေ့တွင် မြို့နယ်ကြက်ခြေနီအသင်းခွဲ ရုံးခန်းမ တွင် လာရောက်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ခြေတုလက်တုများ ဆိုင်ရာ အသေးစား ပြုပြင်ဆောင် ရွက်ရေး လုပ်ငန်းများကို ICRC မှ Mr. Guido Willimzik (Technical Coordinator, Physical Rehabilitation Program) နှင့် ဘားအ့ံ ခြေတုလက်တုဆိုင်ရာ ပြန်လည် သန်စွမ်းရေးဌာနမှ ကွင်းဆင်းတာဝန်ခံအရာရှိ ဦးထွန်းထွန်းအောင်တို့က ဦးဆောင်၍ မြိတ်မြို့နယ်အတွင်း ခြေတုတပ်ဆင်ထားသူများထဲမှ လာရောက်စာရင်းပေး သွင်းထားသူ ၅၂ ဦးကို အသေးစား ပြုပြင်ဆောင်ရွက် ပေးခဲ့ခြင်း ဖြစ်သည်။

“ ဒီမှာက ခြေတုတပ်ထားတဲ့ သူတွေ ရှိပါတယ်၊ နောက်တစ်ခုက အကြောင်း အမျိုးမျိုးကြောင့် ခြေထောက် ပြတ်ပြီး ခြေတု မတပ်ထားတဲ့ သူတွေကို အသစ်ဆောင်ရွက်ပေးရန် ဘားအံကို ခေါ်ဖို့အတွက်နဲ့ ကျွန်တော်တို့ ဆီမှာ ခြေတုလုပ်ထားတဲ့သူတွေကို အသေးစား ပြန်လည်ပြုပြင်လုပ်ပေးဖို့အတွက် အဓိကလာတာပါ၊ ဘားအံ ခေါ်ရမယ့်သူတွေကို ခရီးစရိတ် ပြန်ပေးပြီး စားသောက်နေထိုင်ရေးကို စီစဉ်ပေးပါတယ်၊ အသေးစားပြုပြင်မှု အပိုင်းတွင် ခြေဖဝါးလဲတာတွေ၊ ခါးပတ်ကြိုး လဲတာတွေကို ဆောင်ရွက်ပေးခြင်း ဖြစ်တယ်၊ အရမ်းကြီးတဲ့ သူတွေကို ဘားအံကို ပြန်ခေါ်ပါတယ်”ဟု ဘားအံ ခြေတု၊လက်တုဆိုင်ရာပြန်လည်သန်စွမ်းရေးဌာနမှ ကွင်းဆင်း တာဝန်ခံအရာရှိ ဦးထွန်းထွန်းအောင်က ပြောဆိုသည်။

တနင်္သာရီတိုင်းဒေသကြီးတွင် ထားဝယ်ခရိုင်၊ မြိတ်ခရိုင်နှင့် ကော့သောင်းခရိုင် တို့တွင် ခြေတု ဆောင်ရွက် ပေးခဲ့သည့် ဦးရေမှာ ၁၀၀၀ ဦးခန့် ရှိပြီး မြိတ်မြို့နယ်တွင် ခြေတု တပ်ဆင် ဆောင်ရွက်ပေးခဲ့သူ စုုစုပေါင်း ၁၉၀ ဦးကျော် ရှိကြောင်း သိရသည်။

ထို့အပြင် နိုဝင်ဘာလ ၁၅ ရက်တွင် တနင်္သာရီမြို့နယ်အတွင်းနေထိုင်သူများအား ခြေတုများဆိုင်ရာ အသေးစား ပြုပြင် ဆောင်ရွက် ပေးရန် ထပ်မံ သွားရောက်မည် ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly