ရပ်ကျေးအုပ်ချုပ်ရေးမှူးအား မြေယာအငြင်းပွားမှုအတွက် နစ်နာသူများက အမှုဖွင့် တိုင်ကြား

ရပ်ကျေးအုပ်ချုပ်ရေးမှူးအား မြေယာအငြင်းပွားမှုအတွက် နစ်နာသူများက အမှုဖွင့် တိုင်ကြား

မန္တလေးမြို့ ၊ချမ်းမြသာစည်မြို့နယ်၊ လေယာဉ်ကွင်းအရှေ့ဘက်၊ရှင်ပင်အုံးအင်းဘုရားအနီး မြို့သစ် အမှတ်( ၅ ) ရပ်ကွက်အတွင်း၌ လက်ရှိမူလတောင်သူများ နေထိုင်လျက်ရှိသည့် နေအိမ်များကို ၂၀၁၈ ခုနှစ်၊နိဝင်ဘာလ ( ၁၃ ) ရက်နေ့နံနက်ပိုင်းက စည်ပင်သာယာနှင့် အုပ်ချုပ်ရေးအဖွဲ့များက ဝင်ရောက်ဖျက်ဆီးခဲ့သည်ဟုဆိုကာ နှစ်ဖက် အငြင်းပွားမှုဖြစ်ပွားပြီး နစ်နာသည့် ပြည်သူများက ရပ်ကျေးအုပ်ချုပ်ရေးမှူးအား အမှုဖွင့်ခဲ့ကြောင်း သိရသည်။

" ဒီမြေက ကျွန်တော်တို့အနေနဲ့နှစ်ပေါင်း ၆၀ ကျော် ဒီနေ့အထိ နေထိုင်လာခဲ့တာပါ။ ဒါကိုအောင်မြင်သူ ကုမ္ပဏီ က ဘယ်ကနေဘယ်လိုဂရမ်ရရှိသွားတယ်ဆိုတာမသိရပါဘူး။ နောက်ပြီး ဂရမ်ရှိတယ်ဆိုတာသာ ပြောတာ အခု အချိန်အထိ ချမပြပါဘူး။ အဲဒီကိစ္စနှင့်ပတ်သက်ပြီးနှစ်ဖက်စလုံး တရားရုံးမှာ ရင်ဆိုင်နေရပါတယ်။တရားရုံး ကို ရင်ဆိုင်နေရတဲ့ အမှုကမပြီးသေးပါဘူး ။ ဒါကို လာပြီးစည်ပင်သာယာနဲ့အုပ်ချုပ်ရေးအဖွဲ့တွေက အတင်း ဝင်ရောက်ဖျက်ဆီးခဲ့တာပါ။လက်ရှိမှာတော့ ကျွန်တော်တို့က ဥပဒေမျက်ကွယ်ပြု ခံနေရတာပါ။ဒီအတွက် ရပ်ကွက်အုပ်ချုပ်ရေးမှူးကို အမှုဖွင့်ပြီးတရားစွဲဆိုသွားမှာပါ "ဟု မြေပိုင်ရှင် ကို အောင်စိုးမြင့် ကပြောသည်။

 
ယင်းမြေယာနှင့်ပတ်သက်ပြီး ၁၉၉၉ ခုနှစ်က မြို့နယ် အုပ်ချုပ်ရေးမှူးရုံးသို့ တောင်သူများကိုခေါ်ကာ စီမံကိန်း အတွက် အသုံးပြုရန်ဟုဆိုပြီး သိမ်းမည်ဟု ပြောခဲ့သော်လည်း တစ်စုံတရာ လျှော်ကြေးပေးချေမှု မရှိသည့် အတွက် ယနေ့အထိနေထိုင်နေခြင်းဖြစ်ကြောင်းနှင့် သိမ်းဆည်းခံ လယ်ယာမြေပြန်လည်ရရှိရေးအတွက် ဗဟို တိုင်းခရိုင်မြို့နယ်ရှိ လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခံရမှု မြေယာစီမံခန့်ခွဲရေးဌာနသို့ ၂၀၁ရခုနှစ် နိဝင်ဘာလမှ စ၍တင်ပြလျှောက်ထားခဲ့သော်လည်း ထူးခြားမှုမရှိကြောင်း ၎င်းကဆက်လက် ပြောကြားသည်။

 
" ဒီနေ့လုပ်နေတဲ့ လုပ်ရပ်ကတော့ လက်ရှိအစိုးရရဲ့ ပုံရိပ်ထိခိုက်အောင်လုပ်နေတယ်လို့မြင်တယ်။ ရပ်ကျေး အုပ်ချုပ်ရေးမှူးကလည်း စည်ပင်အားကိုးနဲ့လုပ်နေတာကို တွေ့ရတယ်။ အဲဒီအတွက် ရပ်ကျေးအုပ်ချုပ်ရေးမှူး ကို ကျွန်တော်တိုရဲ့ဆုံးရှုံးသွားတဲ့တန်ဖိုးနဲ့ကိုက်ညီအောင် သိန်းတစ်ရာတန်ဖိုးနဲ့အညီ သက်ဆိုင်ရာနယ်မြေ ရဲစခန်းမှာ အမှုဖွင့်ခဲ့ပါတယ်။မူလပိုင်ရှင်တွေ ရှိတဲ့မြေပေါ်မှာ သူတိုု့ကတရားစွဲ ချိန်းခြောက်တဲ့ သဘောနဲ့ ဝင်ရောက်ဖျက်ဆီးခဲ့ပါတယ် " ဟု ပြည်ထောင်စုလယ်သမားအလုပ်သမားအင်အားစုပါတီမှ ဥက္ကဋ္ဌဦးမင်းသူ ကပြောသည်။

 
တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် အကျင့်ပျက်ခြစားနေသည့် ဝန်ထမ်းများကို ဖယ်ရှားပြစ်ရန်လိုအပ်ပြီး တောင်သူများပိုင်ဆိုင်သည့် မြေဧရိယာ ၈ ဧကနီးပါးအပေါ် ဥပဒေမျက်ကွယ်ပြု လုပ်ဆောင်နေသည်မှာ မမှန်ကန်ကြောင်း ၄င်းကဆက်လက်ပြောကြားသည်။

 အဆိုပါ ရပ်ကွက်အတွင်း၌ ကျူးကျော်နေထိုင်သည့် အိမ်ခြေ ၁၀၀ ကျော်အထိရှိသည့်အတွက် လက်ရှိ ကျူး ကျော်နေထိုင်သူများကို မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ ပထမအကြိမ် နိ့တစ်စာကို အောက်တို ဘာလ( ၃ ) နေ့တွင် တစ်ကြိမ်၊ ဒုတိယနို့တစ်စာကို နိဝင်ဘာလ ( ၉ ) ရက်နေ့တွင်တစ်ကြိမ် စုစုပေါင်း နှစ်ကြိမ် တိတိ ပို့ထားသော်လည်း လိုက်နာဆောင်ရွက်မှုမရှိသည့်အတွက် ယခုကဲ့သို့ ဖျက်သိမ်းခဲ့ရကြောင်း သိရသော် လည်း ဖျက်သိမ်းခဲ့သည့် အထဲတွင် မူလမြေယာပိုင်ရှင် တောင်သူများ၏ နေရာများအားလုံးနီးပါး ပါရှိခဲ့သည့် အတွက် နစ်နာသည့် တောင်သူများက မြိုသစ်၊အမှတ်( ၅ ) ရပ်ကွက်၊ ရပ်ကျေးအုပ််ချုပ်ရေးမှူးအားအမှုဖွင့် တိုင်ကြားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required