ထိုင်းမှာ ကလေးလက်ဝှေ့သမားတစ်ဦး လက်ဝှေ့ထိုးရင်း ကြိုးဝိုင်းထဲမှာ သေဆုံး

By AFP
14 November 2018
ထိုင်းမှာ ကလေးလက်ဝှေ့သမားတစ်ဦး လက်ဝှေ့ထိုးရင်း ကြိုးဝိုင်းထဲမှာ သေဆုံး

နိုဝင်ဘာ ၁၄ ။          ။ ထိုင်းနိုင်ငံက မွေထိုင်းလက်ဝှေ့ပွဲစဉ်တစ်ခုမှာ  ကလေးလက်ဝှေ့သမားတစ်ဦး လက်ဝှေ့ထိုးနေရင်းနဲ့ပဲ မတော်တဆ သေဆုံးသွားတဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

အသက် ၁၃ နှစ်သာရှိသေးတဲ့ အနူချာ တာဆာကို အမည်ရ အဆိုပါ ထိုင်း ဆက်ကျော်သက်ဟာ နိုဝင်ဘာ ၁၀ ရက်က ပြုလုပ်တဲ့ လက်ဝှေ့့ပွဲတစ်ပွဲမှာ ၎င်းရဲ့ ယှဉ်ပြိုင်ဘက်နဲ့ ထိုးသတ်ရင်း ဦးခေါင်းဒဏ်ရာ ရရှိခဲ့ပြီးနောက် သေဆုံးသွားတာဖြစ်ပါတယ်။

ယင်းဖြစ်စဉ်ပေါ်ပေါက်ပြီးနောက် နိုင်ငံမှာ ကလေးတွေကို လက်ဝှေ့ကြိုးဝိုင်းထဲ မဝင်စေရေး ပိတ်ပင်တားမြစ်ဖို့ တောင်းဆိုသံတွေလည်း ပေါ်ထွက်လာခဲ့ပါတယ်။

ဘန်ကောက်မြို့အနီး ဆမွတ် ပရာကန်ခရိုင် ပြုလုပ်တဲ့ လက်ဝှေ့ပွဲမှာ အနူချာဟာ ၎င်းနဲ့ ရွယ်တူ အခြား ကလေးတစ်ယောက်နဲ့ ကြိုးဝိုင်းထဲမှာ ယှဉ်ပြိုင်ထိုးသတ်ခဲ့တာဖြစ်ပါတယ်။

ယင်းသို့ လက်ဝှေ့ထိုးစဉ်မှာပဲ အနူချာဟာ ဦးခေါင်းမှာ ထပ်တလဲလဲ ထိုးနှက်ခြင်းကို ခံခဲ့ရတယ်လို့ ဆိုပါတယ်။ ယင်းနောက်မှာပဲ ဦးနှောက်သွေးလွန်ပြီး မကြာမီမှာပဲ သေဆုံးသွားတာဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။

၎င်းရဲ့ အသုဘအခမ်းအနားကိုတော့ နိုဝင်ဘာ ၁၄ ရက်မှာ ကျင်းပခဲ့ပြီး ၎င်းဝတ်ဆင်ခဲ့တဲ့ အနက်နဲ့အနီ လက်အိတ်၊ ဘောင်းဘီတို့ကို ၎င်းနဲ့အတူ မြုှပ်နှံသဂြိုလ်ပေးခဲ့တယ်လို့ သိရပါတယ်။

ခုလို အနူချာတစ်ယောက် လက်ဝှေ့ထိုးရင်း သေဆုံးသွားတဲ့ဖြစ်စဉ်မှာ ပြိုင်ဘက် လက်ဝှေ့သမားကိုရော၊ ကြိုးဝိုင်းဒိုင်ကိုပါ အပြစ်မချင်တော့ပါဘူး ဆိုပြီးတော့လည်း ၎င်းရဲ့ ဦးလေးဖြစ်သူက ပြောသွားပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required