၂၀၁၈ MSF ဆုပေးပွဲတွင် စိန်လျှံထွန်း ရိုက်ကူးသည့် A Beer Girl in Yangon ဆုရရှိ

၂၀၁၈ MSF ဆုပေးပွဲတွင် စိန်လျှံထွန်း ရိုက်ကူးသည့် A Beer Girl in Yangon ဆုရရှိ

နိုဝင်ဘာ ၁၄ ။              ။ တက်သစ်စရုပ်ရှင်ရိုက်ကူးသူများအတွက် မမ်မိုရီရုပ်ရှင်ပွဲတော်မှ ကြီးမှူးပြီး ၃ ကြိမ်မြောက် Myanmar Script Fund(MSF)ဆုပေးပွဲကို ပြုလုပ်ခဲ့ရာ ရလဒ်များကို ယမန်နေ့ နိုဝင်ဘာလ ၁၃ ရက်နေ့တွင် ရန်ကုန်မြို့ရှိ ဝဇီရာရုပ်ရှင်၌ ကြေညာခဲ့သည်။

၂၀၁၈ MSF ဒိုင်လူကြီးအဖွဲ့မှ ရွေးချယ်သည့်ဆုကို John Badalu မှ ထုတ်လုပ်ပြီး စိန်လျှံထွန်းရိုက်ကူးသည့် A Beer Girl in Yangon မှ ဆွတ်ခူးရရှိခဲ့သည်။  အဆိုပါ ၂၀၁၈ MSF ဆုကိုဆွတ်ခူးရရှိသူသည် Digital district post production နှင့် FX house တွင် အမေရိကန် ဒေါ်လာ ၃၀၀၀၀ နှင့်ညီမျှသည့် Post production package ကို အသုံးပြုခွင့် ရရှိသွားမည် ဖြစ်သည်။

ယခုနှစ်တွင် နောက်ထပ် MSF ဆုတစ်ခုအဖြစ် Open Doors Prize ကို ပေးအပ်ခဲ့ပြီး ထိုဆုတွင် ၂၀၁၉ ခုနှစ် တွင် ကျင်းပမည့်  Locarno ရုပ်ရှင်ပွဲတော်တွင် Open Doors Lab သို့တက်ရောက်ခွင့် ပါဝင်နေသည်။

ဆုရရှိသွားသည့် ပရောဂျက်မှာ ခင်ဝါဆို ထုတ်လုပ်ပြီး မြတ်မင်းခန့် ရိုက်ကူးသည့် She Called it Freedom ဖြစ်သည်။

“ ဒိုင်လူကြီးအဖွဲ့အနေနဲ့ပရောဂျက်နဲ့ ရေးသားမှု/ရိုက်ကူးရေးအဖွဲ့အပေါ် အလေးထားမှု အပြည့်အဝရှိခဲ့တဲ့ ငယ်ရွယ်ပြီးအလားအလာကောင်းတဲ့ အမျိုးသမီးထုတ်လုပ်သူကိုပေးအပ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ဒီအခွင့်အလမ်းက ဖန်တီးမှုအားကောင်းတဲ့ ထုတ်လုပ်သူတစ်ဦးအနေနဲ့ သူမရဲ့ ကျွမ်းကျင်မှုတွေနဲ့ ဖန်တီးနိုင်စွမ်းတွေ ပိုမို တိုးတက်စေဖို့ အထောက်အကူပြုလိမ့်မယ်လို့ ယုံကြည်ပါတယ်” ဟု Open Doors ၏ ခေါင်းဆောင်ဖြစ်သူ Sophie Bourdon က ပြောသည်။

အဆိုပါ ၅ ရက်ကြာ ရုပ်ရှင်ဇာတ်ညွှန်းပြိုင်ပွဲနှင့် အနီးကပ်သင်ကြားပို့ချခြင်းအစီအစဉ်ကို မမ်မိုရီရုပ်ရှင်ပွဲတော် ၂၀၁၈ မှ ကြီးမှူး၍ နိုဝင်ဘာလ ၉ ရက်မှ ၁၃ ရက်အထိ  ရန်ကုန်မြို့တွင် ကျင်းပခဲ့ခြင်း ဖြစ်ပြီး ယင်းမှ ဆုရွေးချယ်ခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ၅ ရက်အတွင်းပါဝင်တက်ရောက်ခဲ့သူများအား ရုပ်ရှင်ရိုက်ကူးသူများ၊ ထုတ်လုပ်သူများနှင့် တစ်ဦးခြင်းတွေ့ဆုံခြင်း၊ ဇာတ်ညွှန်းမှစ၍ ငွေးကြေးပိုင်းဆိုင်ရာစီစဉ်မှု၊ အစီအစဉ်ရေးဆွဲမှုအထိ အသေးစိတ် ဆန်းစစ်ခြင်းများ၊ ရသမြောက်ပြီးအောင်မြင်သည့် ရုပ်ရှင်များဖြစ်လာစေရန်နှင့် ဖန်တီးမှုကို လက်တွဲ လုပ်ဆောင်လိုသူများထံရောက်အောင် မည်သို့ မြှင့်တင်သွားရမည် စသည့်အပိုင်းတို့တွင် ကျွမ်းကျင်ပညာရှင် အဖွဲ့က သင်ကြားပေးခဲ့သည်ဟု သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly