မလေးရှားမှာ ကလေးသူငယ် လက်ထပ်ထိမ်းမြားမှု အဆုံးသတ်ရေး တက်ကြွလှုပ်ရှားသူများ တောင်းဆိုဆန္ဒပြ

မလေးရှားမှာ ကလေးသူငယ် လက်ထပ်ထိမ်းမြားမှု အဆုံးသတ်ရေး တက်ကြွလှုပ်ရှားသူများ တောင်းဆိုဆန္ဒပြ

ကွာလာလမ်ပူ၊ နိုဝင်ဘာ  ၁၃ ။              ။ မလေးရှားနိုင်ငံမှာ ကလေးသူငယ်အခွင့်အရေး တက်ကြွလှုပ်ရှားသူ ဒါဇင်များစွာဟာ လွှတ်တော်ပြင်ဖက်မှာ ဒီကနေ့ အင်္ဂါနေ့မှာ လာရောက်စုရုံးကြပြီး ကလေးသူငယ် လက်ထပ်ထိမ်းမြားခြင်း အဆုံးသတ်ရေးအတွက် တရားဝင်စာတင်ခဲ့ကြပါတယ်။

ကျောင်းနေအရွယ် မိန်းကလေးငယ် ဒါဇင်များစွာ အပါအဝင် အခု ဆန္ဒဖော်ထုတ်ကြသူတွေဟာ လက်မှတ်ပေါင်း ၁၅၆၀၀၀ ထောက်ခံကြောင်းထိုးထားတဲ့ သဘောတူညီမှု စာမူကြမ်းနဲ့ တရားဝင်လျှောက်လွှာတို့ကို အစိုးရထံ တင်ပြကြတာ ဖြစ်ပါတယ်။

ဒုတိယဝန်ကြီးတွေအပါအဝင် အစိုးရကိုယ်စားပြုသူအချို့ဟာ လွှတ်တော်ပြင်ဖက်က တက်ကြွလှုပ်ရှားသူတွေ တင်ပြကြတဲ့ တရားဝင်လျှောက်ထားလွှာကို လာရောက်ယူဆောင်ခဲ့ကြပါတယ်။

အခုနှစ် ဇူလိုင်လအတွင်းမှာ ဖြစ်ပွားသွားတဲ့ အသက် ၄၀ ကျော် အမျိုးသားနဲ့ အသက် ၁၁ အရွယ် မိန်းကလေးတို့ လက်ထပ်ပေါင်းသင်းတဲ့ သတင်း ထွက်ပေါ်လာပြီးနောက်မှာ ကလေးသူငယ် လက်ထပ်ခြင်း ပြဿနာဟာ နိုင်ငံတွင်းမှာ အာရုံစိုက်စရာ ဖြစ်လာခဲ့တာပါ။

ကီလန်တန်ပြည်နယ်မှာ အသက် ၄၁ နှစ်အရွယ် အမျိုးသားဟာ အသက် ၁၁ နှစ်အရွယ် မိန်းကလေးကို သူ့ရဲ့ တတိယမြောက်ဇနီးမယားအဖြစ် ပေါင်းသင်းတဲ့ ဖြစ်ရပ်ကြောင့် တက်ကြွလှုပ်ရှားသူတွေနဲ့ နိုင်ငံရေးသမားတွေက ဒီလို ကလေးသူငယ်ကို လက်ထပ်ပေါင်းသင်းတဲ့ အမူအကျင့်ကို တားမြစ်ပေးဖို့ တောင်းဆိုမှုတွေ လုပ်ဆောင်ခဲ့တာလည်း ဖြစ်ပါတယ်။

ကလေးသူငယ် လက်ထပ်ပေါင်းသင်းမှု အဆုံးသတ်ရေး လူမှုအဖွဲ့ ၁၀၀၀ ကျော်ပါဝင်ထားတဲ့ ကလေးမလေးတွေဟာ သတို့သမီးမဟုတ်ဆိုတဲ့ စုပေါင်းအဖွဲ့ဟာ မလေးရှားနိုင်ငံအတွင်း ကလေးသူငယ် လက်ထပ်ပေါင်းသင်းခြင်းက ရိုးရာဓလေ့နဲ့ ယဉ်ကျေးမှုကြောင့် အများဆုံး ဖြစ်ပွားနေတာဖြစ်တယ်လို့ ပြောပါတယ်။

လူမှုအသိုင်းအဝန်း တော်တော်များများက ကလေးသူငယ် လက်ထပ်ပေါင်းသင်းမှုကို ရိုးရာဓလေ့ထုံးစံအမူအကျင့်အဖြစ် လက်ခံထားကြတာဖြစ်ကြောင်း ယင်းအဖွဲ့က ပြောခဲ့ပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required