အနိုင်ရအမတ်လောင်းနှင့် ရွေးကောက်ပွဲအကြိုကာလငွေချေးလုပ်ငန်း

အနိုင်ရအမတ်လောင်းနှင့် ရွေးကောက်ပွဲအကြိုကာလငွေချေးလုပ်ငန်း
ကြားဖြတ်ရွေးကောက်ပွဲနေ့ကတွေ့ရသောရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဆိပ်ကမ်းမြို့နယ် မဲဆန္ဒနယ် ၂ မှ မြင်ကွင်းတစ်ခု။ ထိုမဲဆန္ဒနယ်တွင် နေထိုင်သူအများအပြားသည် ရွေးကောက်ပွဲမတိုင်ခင်ကအတိုးနှုန်း ၂ကျပ် ၅၀ ပြားဖြင့် ငွေချေးယူခွင့် ရခဲ့ကြသည်/(ဓာတ်ပုံများ - ဖြိုးသီဟချို/Myanmar Now)

 မဲဆန္ဒရှင်တစ်ထောင်ကျော်သာရှိသည့် ဆိပ်ကမ်းမဲဆန္ဒနယ် ၂ တွင် ကြားဖြတ်ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သည့်အမတ်လောင်းကဒေသခံတို့ အတိုးနည်းချေးငွေရရေးကူညီခဲ့သည်

ရန်ကုန်မြို့၏ အထင်ကရဗိုလ်တထောင်စေတီတော်ကြီးအနီး မဲရုံဝန်းကျင်သည် ရွေးကောက်ပွဲလေ့လာစောင့်ကြည့်သူများ၊ သတင်းသမားများနှင့် စည်ကားနေသည်။

ဆိပ်ကမ်းမြို့နယ် ရဲရိပ်သာရပ်ကွက်ရှိထိုမဲရုံတွင် ညနေပိုင်းမဲရေတွက်ချိန် ခိုင်လုံမဲရရှိသူတို့၏အမည်ကိုကြေညာသည့်အခါ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကိုယ်စားလှယ်လောင်း “ဦးနေမျိုးအောင်”၏ အမည်ကမကြာခဏထွက်ပေါ်နေသည်။

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၊ ဆိပ်ကမ်းမဲဆန္ဒနယ်အမှတ် ၂ ကိုယ်စားလှယ်လောင်း ဦးနေမျိုးအောင်ကဒေသခံတို့၏ ယုံကြည်မှု ရရှိရန် ဆောင်ရွက်ခဲ့ခြင်းကြောင့် ထောက်ခံမဲပိုမိုရရှိခဲ့ခြင်း ဖြစ်သည်ဟုပြောသည်။

“ပါတီအပေါ်မှာယုံကြည်မှု တစ်ဝက်၊ ကျွန်တော့်ရဲ့ လူပုဂ္ဂိုလ်ပေါ်မှာယုံကြည်မှုတစ်ဝက် ဒီအတိုင်းကိုတည်ဆောက်ပြီးတော့မှ ကျွန်တော် ကြိုးစားခဲ့ပါတယ်”ဟု ဦးနေမျိုးအောင်က သတင်းသမားတို့ကိုပြောသည်။

သူက၅၁၅မဲရရှိခဲ့ပြီးသူ၏ အဓိကပြိုင်ဘက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်လောင်းက ၃၅၆ မဲရရှိခဲ့သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ရန်ကုန်ရှိ အမာခံနယ်မြေတွင် ပြည်ခိုင်ဖြိုးအမတ်လောင်းအနိုင်ရသဖြင့် လေ့လာသူတို့ အံ့အားသင့်ကြသည်။

ဦးနေမျိုးအောင်ကရွေးကောက်ပွဲမတိုင်ခင် နှစ်လအလိုတွင်ထိုမဲဆန္ဒနယ်မှ ဒေသခံတို့ ချေးငွေ ရရှိရေးအဆင်ပြေစေရန်ကူညီခဲ့သူဖြစ်သည်။ ရွေးကောက်ပွဲရလဒ်အပေါ် အကျိုးသက်ရောက်သည်ဟု သုံးသပ်ကြသည့် ထိုချေးငွေလုပ်ငန်းတွင် ပြည်ခိုင်ဖြိုးပါတီဝင်တချို့ ပါဝင်ပတ်သက်နေသည်။

ငွေချေးလုပ်ငန်း

ရဲတပ်ဖွဲ့နှင့် ဆိပ်ကမ်းလုပ်ငန်းဝန်ထမ်းမိသားစုများနေထိုင်သည့်  ထိုမြို့နယ်တွင် လူဦးရေသုံးထောင်အောက်သာရှိသည်ဟု၂၀၁၄ သန်းခေါင်စာရင်းအရသိရသည်။ မဲဆန္ဒနယ်(၂) တွင်  မဲပေးခွင့်ရှိသူအရေအတွက်မှာ ၁,၅ဝဝ မပြည့်ပေ။

ဤမဲဆန္ဒနယ်မြေမှ လွှတ်တော်အမတ်မကြာသေးခင် လများအတွင်းကွယ်လွန်သွားသဖြင့် လစ်လပ်သည့်နေရာအတွက် ကြားဖြတ်ရွေးကောက်ပွဲပြုလုပ်ခြင်း ဖြစ်သည်။
၂ဝ၁၅ ရွေးကောက်ပွဲကာလဤမဲဆန္ဒနယ်မြေတွင် ရှုံးနိမ့်ခဲ့ပြီးသုံးနှစ်အကြာ ကြားဖြတ်ရွေးကောက်ပွဲတွင် ဝင်ပြိုင်သည့် အမတ်လောင်းဦးနေမျိုးအောင်ကဒေသခံတို့ အတိုးနှုန်းကြီးစွာဖြင့် ငွေချေးယူနေကြရသည့် အခက်အခဲကိုသိပြီးအတိုးနှုန်းသက်သာသည့် ချေးငွေလုပ်ငန်းနှင့်မိတ်ဆက်ပေးခဲ့သည်။

ရွေးကောက်ပွဲအကြိုကာလတွင် ဆိပ်ကမ်းမြို့နယ်မဲဆန္ဒနယ်၂ဒေသခံတို့နှင့် ဆက်စပ် လုပ်ကိုင်ခဲ့သည့် မေထွဋ်ကုမ္ပဏီလီမိတက်အသေးစားချေးငွေလုပ်ငန်း၏ငွေစုငွေချေးစာအုပ်။
၎င်း မဲနိုင်ရခြင်းမှာချေးငွေကူညီမှုကြောင့် မဟုတ်ဟုဆိုသည်။  ရွေးကောက်ပွဲမတိုင်ခင် ၅ လ အလိုက ဖြိုးစေတနာဆေးခန်းဖွင့်လှစ်ခဲ့ခြင်း၊ ကျောင်းဖွင့်ချိန်တွင် ကျောင်းသုံးစာအုပ်များဝေငှခဲ့ခြင်းစသည့် ကူညီမှုများလည်းရှိသည်ဟုဆိုသည်။

“ငွေချေးခြင်း၊ မချေးခြင်းကအဓိကအကြောင်းတရားမဟုတ်ဘူးဗျ။ ကျွန်တော်က ကျွန်တော့်မဲဆန္ဒနယ်ထဲမှာရှိတဲ့ ပြည်သူတွေကိုဘယ်လိုကူညီပေးရမလဲဆိုတဲ့ စိတ်ပဲ ကျွန်တော့်မှာရှိတာ” ဟု၎င်းကပြောသည်။

ပုဂ္ဂလိကငွေချေးလုပ်ငန်းများစွာနှင့် လိုက်လံချိတ်ဆက်ခဲ့ကြောင်း၊နောက်ဆုံးတွင် မေထွဋ်ကုမ္ပဏီ၏ အကူအညီရခဲ့ကြောင်း ၎င်းက ပြောသည်။

“ကုမ္ပဏီကလာပြီးတော့ ချေးပေးတာပါ။ ကျွန်တော်က ကြားထဲကနေပြီးတော့ ကျွန်တော့် ပြည်သူတွေ အဆင်ပြေဖို့ အတွက် ကြားထဲကအောင်သွယ် လုပ်ပေးတဲ့ သဘောမျိုးပါ” ဟုအနိုင်ရအမတ်လောင်းကပြောသည်။

မေထွဋ် ကုမ္ပဏီ
Myanmar Now သတင်းဌာနကပုဂ္ဂလိကငွေချေးလုပ်ငန်းဖြစ်သည့် မေထွဋ်ကုမ္ပဏီနှင့်ပတ်သက်ပြီးဆက်လက် စုံစမ်းရာကုမ္ပဏီသည် လှော်ကားစျေးလမ်း၊ ရွှေပြည်သာမြို့နယ် ၁၅ ရပ်ကွက်တွင် တည်ရှိကြောင်းရင်းနှီးမြုပ်နှံမှုနှင့်ကုမ္ပဏီများညွန်ကြားမှု ဦးစီးဋ္ဌာန၏ အချက်အလက်များအရသိရှိခဲ့သည်။

ဆိပ်ကမ်းမြို့နယ်မဲဆန္ဒနယ်၂အတွင်းမဲရေတွက်မှု မြင်ကွင်းတစ်ခု

ကုမ္ပဏီ၏ ဒါရိုက်တာအဖွဲ့ဝင် ဦးလင်းအောင်အောင်မှာရွှေပြည်သာမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌဖြစ်နေသည်။

ဦးလင်းအောင်အောင်ကမေထွဋ် အသေးစားငွေချေးလုပ်ငန်းကို၂၀၁၅ ခုနှစ်တွင်စတင်ခဲ့ပြီးဆင်းရဲသားလက်လုပ်လက်စားများကိုရွှေပြည်သာ ၁၅၊ ၁ရရပ်ကွက် များတွင် ချေးငွေ ထုတ်ပေးခဲ့ကြောင်းပြောသည်။
လုပ်ငန်းတိုးချဲ့ရန်၊ ဝန်ထမ်းမိသားစုများကိုချေးငွေ ထုတ်ပေးရန် ရည်ရွယ်ချက်ဖြင့် ဆိပ်ကမ်းမြို့နယ်တွင် လုပ်ငန်းလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟုပြောသည်။

“ဆိပ်ကမ်းမှာတော့ လူဦးရေလည်းနည်းတယ်။ ဝန်ထမ်းမိသားစုလည်းဖြစ်တယ်။ အဲဒီမှာချေးရင်တော့ လုပ်ငန်းတိုးချဲ့ရတာအဆင်ပြေနိုင်တယ်ဆိုပြီးတော့ စမ်းကြည့်မိတာ” ဟု၎င်းက ပြောသည်။
ချေးငွေ လုပ်ငန်းအတွက် ငွေကျပ်သိန်းတစ်ရာခန့် အသုံးပြုထားပြီးလူတစ်ရာကျော် ချေးယူခဲ့သည်ဟု ၎င်းက ခန့်မှန်းသည်။

(ဓာတ်ပုံများ - အောင်ငြိမ်းချမ်း/Myanmar Now)

ထိုသို့ ချေးယူရာတွင် သန်းခေါင်းစာရင်းတစ်ခုတွင် တစ်ဦးလျှင် ကျပ် ခြောက်သောင်း နှုန်းဖြင့် ငါးဦးအထိချေးယူနိုင်ကြောင်း၊ အတိုးနှုန်းမှာ ၂ကျပ်ပြား၅၀ ဖြစ်ကြောင်း၎င်းကပြောသည်။
ပြည်ခိုင်ဖြိုးပါတီကိုယ်စားပြုပြီးဆိပ်ကမ်း ၂ တွင် အနိုင်ရသောအမတ်လောင်းဦးနေမျိုးအောင်၊ ပါတီ၏ ဆိပ်ကမ်းမြို့နယ် ဘဏ္ဍာရေးမှူးလည်းဖြစ် အမတ်လောင်း၏ ရွေးကောက်ပွဲကိုယ်စားလှယ်လည်းဖြစ်သူဒေါ်တိုးတိုးလွင်တို့ကငွေချေးလုပ်ငန်းအတွက် တာဝန်ခံပေးထားခြင်းဖြစ်သည်ဟု ၎င်းကပြောသည်။

ကြားဖြတ်ရွေးကောက်ပွဲနေ့ကဆိပ်ကမ်းမြို့နယ်မဲဆန္ဒနယ်၂တွင် မဲပေးကြသူများ

“သူတို့ကလည်းအကူအညီတောင်းတာကို။အကူအညီတောင်းတော့ ဆက်စပ်မိသွားတာ” ဟု၎င်းက လေသံခပ်လေးလေးဖြင့်ပြောသည်။
ချေးငွေ ထုတ်ယူသူတို့ကိုဒေါ်တိုးတိုးလွင်ကစာရွက်၊ စာတမ်းများတာဝန်ယူ ထုတ်ပေးရသည်ဟု ဒေသခံတချို့ကပြောကြသည်။ ဒေါ်တိုးတိုးလွင်ကမူယင်းပြောဆိုချက်များ၊ စွပ်စွဲချက်များနှင့် ပတ်သက်ပြီး ငြင်းဆိုသည်။

“ကုမ္ပဏီတစ်ခုကတော့ ဒီမှာချေးတယ်လို့ အသံကြားတယ်။ ကျွန်မတို့နဲ့တော့ ဆက်စပ်မှု မရှိဘူး။ ကျွန်မတို့လည်းချေးတဲ့ အထဲမှာမပါခဲ့ဘူး”ဟုဒေါ်တိုးတိုးလွင်ကဆိပ်ကမ်းမြို့နယ်၊ ပြည်ခိုင်ဖြိုးပါတီရုံးခန်းတွင် Myanmar Now ကိုပြောသည်။

လျှောက်လွှာတင် ငွေချေးခြင်း

မိသားစုရိပ်သာရပ်ကွက်တွင် နေထိုင်ပြီးဓမ္မာရုံအနီးထမင်းဆိုင်ဖွင့်ထားသည့်၃၉ နှစ်အရွယ် ဒေါ်စိုးမြမြထွေးကပြည်ခိုင်ဖြိုးအမတ်လောင်းကိုယ်တိုင် ဆိုင်ကိုရောက်ရှိလာခဲ့ပြီးချေးငွေ ထုတ်ယူရန် ကူညီခဲ့သည်ဟု Myanmar Now ကိုပြောသည်။

၎င်းတို့ ဇနီးမောင်နှံ နှစ်ဦးလုံးချေးငွေ ရရန် လျှောက်လွှာ ဖြည့်စွက်ခြင်း၊ လက်ဗွေနှိပ်ခြင်းများကိုပြည်ခိုင်ဖြိုးပါတီရုံးတွင်ပင်  ဦးနေမျိိုးကျော်၏ အကူအညီဖြင့်ပြုလုပ်ခဲ့သည်ဟုပြောသည်။
စက်တင်ဘာလကစတင်ငွေချေးယူခဲ့ပြီးယနေ့ထိချေးငွေ ပြန်ပေးသွင်းရခြင်းမရှိသေးကြောင်းပြောသည်။
“ဆပ်ရမယ့်လရောက်တော့ သူတို့တွေကမဆပ်နဲ့ဦးလို့ပြောတယ်”ဟု၎င်းကဆိုသည်။

အရစ်ကျပေးချေရမည့် ငွေကိုသတ်မှတ်ချိန်၊ သတ်မှတ်ရက်တွင် မှန်မှန်ပြန်လည် ပေးသွင်းရန်  စာအုပ်ပါ စည်းကမ်းချက်များတွင် ဖော်ပြထားကြောင်းMyanmar Now က ကြည့်ရှုခွင့် ရခဲ့သည့် ချေးငွေထုတ်ယူခြင်းဆိုင်ရာအထောက်အထားတစ်ခုဖြစ်သောမေထွဋ်ကုမ္ပဏီလီမိတက် အသေးစားချေးငွေလုပ်ငန်း၏ငွေစုငွေချေးစာအုပ်တွင် ဖော်ပြထားသည်။
မိသားစုရိပ်သာရပ်ကွက်တွင် နေထိုင်သူဒေါ်မိုးမိုးအေးက ပြည်ခိုင်ဖြိုးရုံးရှေ့တွင် ပလာတာရောင်းချသူဖြစ်သည်။ ချေးငွေးရယူလိုသူများထိုရုံးတွင် ချေးငွေလျှောက်လွှာများထုတ်ယူသည်ကိုတွေ့ရသည်ဟု ၎င်းကပြောသည်။

၎င်းကိုယ်တိုင်လည်း ကြံ့ခိုင်ရေးပါတီဝင်များထံတွင် ချေးငွေရရန် စာရင်းပေးခဲ့ရပြီးမေထွဋ်ကုမ္ပဏီမှ အမျိုးသမီးတစ်ဦးထံမှ ချေးငွေထုတ်ယူခဲ့ရသည်ဟုပြောသည်။

“(တခြားငွေချေးဌာနတွေ) ဆိုရင် အဲဒီလိုမျိုးလခြားမပေးဘူး။ တစ်လချင်းပေးရတာ။ ခုဟာက နှစ်လလုံးအတိုး၊ အရင်းမပေးရသေးဘူး” ဟု၎င်းကပြောသည်။

မိသားစုရိပ်သာလိုင်း(၆) တွင်နေထိုင်သည့် ဒေါ်ရီရီစန်းကပြည်ခိုင်ဖြိုးကိုထောက်ခံသူ ၎င်း၏ အိမ်နီးချင်းများကချေးငွေယူရန်ရွေးကောက်ပွဲမတိုင်ခင် တစ်ပတ် အလိုထိပြောကြားခဲ့သော်လည်းချေးငွေ ရယူခဲ့ခြင်းမရှိဟုပြောသည်။

“အဲဒီတစ်လိုင်းလုံးကယူတယ်။ ကျွန်မကမယူတော့ ကျွန်မကိုဘယ်သူမှ စကားမပြောကြတော့ဘူး” ဟု၎င်းကရှင်းပြသည်။

ပါတီ၏ ငြင်းဆိုချက်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အမတ်လောင်း၏ ရွေးကောက်ပွဲကိုယ်စားလှယ်ဦးရဲမင်းဟိမ်းကဝန်ထမ်းအများစုနေထိုင်သည့် မြို့နယ်တွင်   ၎င်းတို့ ရှုံးရခြင်းမှာဒေသခံများ၏ချို့တဲ့မှု၊ ခက်ခဲစွာရပ်တည်မှု စသည့် အချက်များလည်းပါဝင်သည်ဟုသုံးသပ်သည်။

“တချို့ပါတီတွေကငွေချေးတဲ့ အဆင့်တွေ လုပ်တာမျိုးလည်းတွေ့ရတယ်။ သူတို့ ကိုယ်တိုင်တော့ မချေးဘူးပေါ့။ ကြားခံလူတွေနဲ့ ချေးထားတာမျိုးတွေ တွေ့ရတယ်” ဟု ၎င်းကပြောသည်။
သို့သော်လည်းမည်သည့် ပါတီကချေးငွေ ထုတ်ပေးသည်ကိုတော့ မှတ်ချက်မပေးလိုကြောင်းငြင်းပယ်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ ပြောခွင့်ရ ဒေါက်တာမျိုးညွန့်ကရွေးကောက်ပွဲမတိုင်ခင်ကဆိပ်ကမ်းမြို့နယ်တွင် ငွေချေးသည့် သတင်းတချို့ကို ကြားသိထားရသော်လည်းအထောက်အထားမခိုင်လုံသေး၍ မှတ်ချက်ပေး၍ မဖြစ်နိုင်ကြောင်းပြောသည်။

ပြည်ခိုင်ဖြိုးပါတီ၏ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးနန္ဒာလှမြင့်ကပါတီအနေဖြင့် ရွေးကောက်ပွဲမတိုင်ခင် ငွေချေးရန် စီမံပေးခဲ့ခြင်းမရှိကြောင်းပြောသည်။

“သက်ဆိုင်ရာဒေသကိုယ်စားလှယ်တွေကသူတို့နည်းသူတို့ဟန်နဲ့ သူတို့ ကြိုးပမ်းအားထုတ်မှုတွေနဲ့ ဆောင်ရွက်တာပဲရှိကောင်းရှိနိုင်တယ်။ ပါတီကမချေးတာတော့ အသေအချာပဲ။ ကျွန်တော်တို့ပါတီကဒီကိစ္စကိုမူဝါဒလည်းမပေးခဲ့ဘူး။ ချေးလည်းမချေးပေးခဲ့ဘူး”ဟုဦးနန္ဒာလှမြင့်က ပြောသည်။

ရွေးကောက်ပွဲအကြိုကာလတွင် နိုင်ငံရေးပါတီတစ်ခုကမဲဆန္ဒနယ်အတွင်းချေးငွေ ရရှိရေးဆောင်ရွက်ခြင်းမှာရွေးကောက်ပွဲဥပဒေပုဒ်မ၆၆တွင် ဖော်ပြထားသည့် မဲဆန္ဒနယ်မြေအတွင်းလာဘ်ပေးလာဘ်ယူမှုမပြုရဟူသောအချက်နှင့် ရှိမရှိ အငြင်းပွားဖွယ် ဖြစ်နေသည်ဟုလေ့လာသူတချို့ကဆိုသည်။

ရွေးကောက်ပွဲဥပဒေပါ ပြဋ္ဌာန်းချက်တွင် အားနည်းချက်များပါဝင်နေဆဲဖြစ်သည်ဟုရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှုအဖွဲ့မှ အမှုဆောင်ဒါရိုက်တာကိုစိုင်းရဲကျော်စွာမြင့်ကပြောသည်။
ပြန်မဆပ်ရသေးသောချေးငွေ မေထွဋ်ကုမ္ပဏီ၏ ဒါရိုက်တာဦးလင်းအောင်အောင်ကချေးငွေများကို ပြန်လည်တောင်းခံရမည့် ကာလမှာ ကြားဖြတ်ရွေးကောက်ပွဲကာလဖြစ်နေ၍ ပြသနာ ဖြစ်ပေါ်မည်ကိုစိုးရိမ်သောကြောင့် မတောင်းခံခဲ့ခြင်းဖြစ်သည်ဟုပြောသည်။

“အမှန်ကတော့ ကောက်ရမှာ။ အခုတောင်မှ ကောက်ဖို့ပြောနေပြီ” ၎င်းကပြောသည်။
လွှတ်တော်ကိုယ်စားလှယ် ဦးနေမျိုးအောင်ကလည်းအလားတူပြောကြားသည်။  

ဒီဇင်ဘာလတွင်  ပြန်လည်ကောက်ခံရန် ကုမ္ပဏီကဆက်သွယ်အကြောင်းကြားလာပြီဖြစ်ပြီးကုမ္ပဏီ၏ စည်းမျဉ်းစည်းကမ်းဥပဒေအတိုင်းဆက်လက်လုပ်ကိုင်သွားမည်ဟုဆိုသည်။
“ကောက်ခြင်း၊ ပြုခြင်း၊ဆပ်ခြင်း၊ မဆပ်ခြင်းတွေကလည်း ကျွန်တော်နဲ့ မဆိုင်ပါဘူး။ ကျွန်တော်ကလုပ်ငန်းလာပြီးလည်ပတ်စေချင်တဲ့ သဘောနဲ့ပဲဆက်သွယ်ပေးထားတာပါ” ဟုအနိုင်ရအမတ်လောင်းကပြောသည်။

ရဲရိပ်သာရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမောင်မြင့်က ပြည်ခိုင်ဖြိုးအမတ်လောင်း၏ အာမခံချက်ဖြင့် မေထွဋ် ကုမ္ပဏီကငွေချေးလုပ်ငန်းကိုလုပ်ကိုင်ခဲ့သည်ကိုသိရှိကြောင်းပြောသည်။
ချေးငွေ ရရှိခြင်းလုပ်ငန်းမှာလွယ်ကူကြောင်းသိရသည်။  ၎င်းတို့ထံသို့  ထိုချေးငွေအတွက် မည်သူကမျှထောက်ခံစာလာမယူခဲ့ကြောင်းအုပ်ချုပ်ရေးမှူးကပြောသည်။
ရဲရိပ်သာရပ်ကွက်တွင် နေထိုင်သူမလှယဉ်သန်းကဦးနေမျိုးအောင်ကချေးငွေများကိုအာမခံချေးပေးခြင်းသာ ဖြစ်ပြီးမဲဆွယ်ခြင်းမဟုတ်၊ ရွေးကောက်ပွဲနှင့်သက်ဆိုင်ခြင်းမရှိဟုပြောသည်။
“သူ့ကိုကျေးဇူးတင်တယ်။ ဒီမှာကဝန်ထမ်းတွေဆိုတော့ ပိုက်ဆံမရှိကြဘူးလေ။ လဝက်လောက်ဆို ပြတ်နေပြီ။ ဒီလိုမျိုးလှည့်ပတ်ပြီးချေးပေးတဲ့ လူတွေရှိလို့သာလက်လှည့်ပြီးသုံးလို့ရနေတာ”ဟုပြောသည်။

၎င်းက ၂၀၁၅ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုမဲထည့်ခဲ့ကြောင်း၊ သို့သော်လည်း ၎င်းတို့ အားကိုးခဲ့သူက ပြည်သူလူထုကိုဂရုစိုက်ခြင်းမရှိဟုဆိုသည်။
“ကိုယ်တွေ ထည့်ပေးခဲ့တဲ့ လူတွေက၊ သူတို့ကအဲဒီလိုမျိုးတောင် လာကြည့်ဖော်မရဘူးလေ”ဟုမလှယဉ်သန်းကမကျေမနပ်ပြောလိုက်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly