ပွင့်တောက်ရွာကလေးရဲ့ အတိတ်ပုံပြင်

ပွင့်တောက်ရွာကလေးရဲ့ အတိတ်ပုံပြင်

ပွင့်တောက်ရွာအသွား စက်လှေခရီးဟာ စွန့်စားခန်းတစ်ခုပါပဲ။

သွားချင်စိတ်ပြင်းပြပြီး ရွာလုံးကျွတ် ဆင်းရဲဒုက္ခနဲ့ရင်နေကြရပြီဆိုတဲသတင်းတွေကြောင့် ကိုယ်ချင်းစာစိတ် မွှန်ထူပြီးတော့သာ ဒီရေလမ်းခရီးမှာလိုက်လာခဲ့ရပေမယ့် ကျနော်က ရေလုံးဝကူးတတ်သူမဟုတ်ပါ။ ပွင့်တောက်ရွာကလေး တရွာလုံးပျက်စီး လူတွေက တောင်ကုန်းတစ်ခုပေါ် ရေလွတ်အောင် ပြောင်းရွှေ့နေကြရတယ်ဆိုတဲ့သတင်းက ကျနော့်ကို အချိန်တိုင်းလိုလို စိတ်ပူပန်နေစေခဲ့ပါတယ်။ ဒီကြားထဲ မိုးကစင်စင်ကင်းသွားတာမဟုတ်တော့ ဒီလိုရာသီဥတု အခြေအနေအောက်မှာ ပွင့်တောက်ရွာသားတွေ ဘယ်လိုနေထိုင်စားသောက်နေကြရမလည်း၊ ကျန်းမာရေးတွေချို့တဲ့ကုန်ပြီလား၊ လောလောဆယ် ကူညီကယ်ဆယ်ရေးတွေကော ရောက်သွားကြပြီလား အစရှိတဲ့အတွေးနဲ့ ကျနော့်မှာ အတွေးတွေလုံးခြာလည်ပြီး ပွင့်တောက်ရွာအထိ ကိုယ်တိုင်သွားရောက်ကူညီနိုင်ဖို့ သုံးလေးရက်စဉ်းစားခဲ့ရ နည်းလမ်းရှာခဲ့ရပါတယ်။ 

အဲဒီအချိန်မှာပဲ ကူညီကယ်ဆယ်ရေးအဖွဲ့ဝင်လူငယ်တစ်ယောက်က သတင်းကောင်းတစ်ခုကျနော့်ကို ပြောပါတယ်။ နှစ်ရက်အတွင်း မန္တလေးက ပန်းချီဆရာအဖွဲ့ရောက်လာမယ် သူတို့မှာ ရံပုံငွေတချို့ပါလာမယ်ဆိုတဲ့သတင်းပါပဲ။ အဲဒီအဖွဲ့ကို သူကိုယ်တိုင်လိုက်ပို့ဖို့ရှိတယ်လို့ဆိုပါတယ်။ ဒါနဲ့ပဲ ကျနော်လည်း သူများပို့ပေးထားတဲ့ အလှူငွေဆယ်သိန်းပိုက်ပြီး အဲဒီကူညီကယ်ဆယ်ရေးအဖွဲ့ဝင်ရဲ့အကူအညီနဲ့ ပွင့်တောက်ရွာအထိသွားရောက်နိုင်ရေးလမ်းပွင့်သွားခဲ့တာပါ။ 

ကျနော်တို့လူသိုက် စက်လှေနှစ်စီးနဲ့ ဒိုက်တောကြီးကိုဖြတ်တော့ ရေမစီးပေမယ့် ဒိုက်တောကြီးက သစ်တုံးကြီးတွေကအစ စုပြုံရှိနေတာမို့ ခက်ခက်ခဲခဲ ဖြတ်ကျော်ထိုးဖေါက်ထွက်ကြရပါတယ်။ စက်လှေထိပ်ကနေပြီး ၀ါးလုံးကိုယ်စီနဲ့ ဒိုက်တွေတုံးတွေ တွန်းထိုးဖယ်ရှားလာကြရတဲ့ လူငယ်နှစ်ယောက်ဟာလည်း တော်တော်ပင်ပမ်းကြပါတယ်။ စက်လှေပေါ်ပါလာကြတဲ့ ကျနော်တို့လူသိုက်ကတော့ မီးထတောက်မတတ် ပူပြင်းလှတဲ့စက်လှေပေါ်မှာ ဒီအတိုင်းငုတ်တုတ် လိုက်ပါကြရပါတယ်။ မကြာခဏ စက်လှေပေါ် ထိုးထိုးဝင်လာတတ်ကြတဲ့ တုတ်တိုဝါးလုံးတိုတွေကိုလည်း သတိမပြတ်စောင့်ကြည့်ဖယ်ရှားနေကြရပါသေးတယ်။ 

တစ်နာခွဲလောက်ကြာတဲ့အခါမတော့ ဒိုက်တောကြီးကို အောင်မြင်စွာထိုးခွဲဖြတ်ကျော်လာနိုင်ခဲ့ကြပါတယ်။ ဒိုက်တောကြီးကိုလွန်လာပြီးမှ နောက်မှာကျန်နေခဲ့တဲ့ ဒိုက်တောကြီးကိုလှမ်းမျှော်ကြည့်တော့ ကြက်သီးထဖွယ်ဒိုက်တောကြီး ရေပြင်အပြည့်ပြန်မြင်ရပါတယ်။ ကျနော်တို့လည်း ဒိုက်တောကြီးထဲက တိုးထွက်လာနိုင်တဲ့အခါကြမှပဲ အားလုံးသက်ပြင်းချနိုင်ကြပါတယ်။ ဒါပေမယ့် ပွင့်တောက်ရွာအထိရောက်ဖို့က တစ်နာရီကျော်ကျော်ကြာဦးမယ်လို့ဆိုပါတယ်။

မုန်းချောင်းကြီးရဲ့ ကမ်းနှစ်ဘက်ကိုလှမ်းကြည့်ရင်း လိုက်ပါလာရတာ လွမ်းဖို့တောင်မှကောင်းပါသေးတယ်။ ကောင်းကင်ပြာပြာ တိမ်ဖြူဖြူတွေအောက်မှာ ပြာပြာမှိုင်းမှိုင်း ရခိုင်ရိုးမတောင်တန်းကြီးကိုတွေ့နေရပါတယ်။ ကမ်းစပ်နှစ်ဖက်စလုံး ဘယ်နေရာမှာမှ လူနေအိမ်တွေ မတွေ့ခဲ့ရပါဘဲ စိမ်းစိမ်းညို့နေတဲ့ သစ်ပင်တောအုပ်တွေကိုသာ တွေ့ရပါတယ်။ တချို့ ချောင်းအကွေ့တွေမှာတော့ လွန်ခဲ့တဲ့ဆယ်ရက်လောက်က ဒေါသတကြီးဖြစ်နေတဲ့မုန်းချောင်းကြီးကသယ်ဆောင်လာရင်းက ကုန်းပေါ်ပစ်တင်ထားခဲ့တဲ့ ထင်းတွေ သစ်တုံးကြီးတွေနဲ့ အမှိုက်သရိုက်တွေကို အစုအပုံလိုက်မြင်ခဲ့ရပါတယ်။ ရေတွေကျသွားပြီဖြစ်တော့ ချောင်းကွေ့တိုင်းမှာ တချို့ သောင်ခုံတွေပေါ်မှာ ထင်းတွေတုံးတွေ အမှိုက်သရိုက်တွေ တောင်လိုပုံကျန်ရစ်နေတာကိုကြည့်ပြီး လွန်ခဲ့တဲ့ရက်ပိုင်းအတွင်းတုန်းက မိုးတွေလေတွေနဲ့အတူ ရေအော်သံကြီးပေးပြီး ဒေါသတကြီးဖြစ်နေတဲ့ မုန်းချောင်းကြီးကို ပြန်တွေးကြည့်တဲ့အခါ စိတ်ထဲ တော်တော်လေးထိတ်လန့်သွားရပါတယ်။ 

မုန်းချောင်းကြီးဟာ ကျေးရွာသုံးဆယ်လောက်ကို ရေတွေလွှမ်းပစ်လိုက်ပြီး စေတုတ္တရာမြို့ကလေးကိုလည်း ရေအောက်ဆွဲနှစ်ထားလိုက်ပါတယ်။ မုန်းချောင်းကူးတံတားကြီးကိုလည်း ရေအောက်ကို ဆွဲနှစ်ထားလိုက်တာပါပဲ။ အခုဆိုရင် ရေတွေပြန်ကျသွားပြီ့ဖြစ်ပေမယ့် ရေဒဏ်ကြောင့်ပဲ ရွာတချို့ဟာ ပြန်နေလို့မရအောင်ပျက်စီးသွားကြရပြီး စေတုတ္တရာတမြို့လုံးလည်း ဒူးဆစ်သာသာနွံတွေကို ဖယ်ရှားနေကြရပြန်ပါတယ်။ ရေတွင်းတွေ အဝီစိတွင်းတွေ အိမ်သာတွေနဲ့ လူနေအိမ်တွေ ပြန်လည်ပြုပြင်ကြရပါတယ်။ လူတွေအားလုံး ဒုက္ခကိုယ်စီဖြစ်ကြရပါတယ်။

တကယ်တော့ ပွင့်တောက်ရွာဟာ ၁၉၈၅ ခုအတွင်းတုန်းက မုန်းဆည်ကြီးတည်ဆောက်တဲ့အခါ မလွဲမသွေ ပြောင်းရွှေ့ကြရမယ့် ရွာ ၁၆ ရွာထဲ ပြောင်းရွှေ့ဖို့စာရင်းပါတဲ့ရွာကလေးပါပဲ။ ဒါပေမယ့် တကယ်တန်းပြောင်းရွှေ့ကြရတဲ့အခါ ကံကောင်းထောက်မစွာ ဆည်ရေဝပ်ဒေသနဲ့လွတ်တယ်ဆိုလို့ လက်တွေ့မှာ မပြောင်းရွှေ့ခဲ့ကြရပါဘူး။ ဒီတုန်းက ပွင့်တောက်ရွာသားတွေဟာ ရွာရွှေ့ပြောင်းခံကြရတဲ့ တခြားရွာတွေဆီက နေ့စဉ်ကြားနေရတဲ့ သတင်းဆိုးတွေကြောင့် သူတို့လည်း တုန်လှုပ်ခဲ့ကြရတာပါပဲ။ ရွာမပြောင်းရဘူးဆိုပေမယ့် တခြားရွာကတွေရဲ့ ဒုက္ခအပူက ပွင့်တောက်ရွာကလေးကိုလည်း လာပြီးဟပ်ခဲ့တာပါပဲ။ 

ဥပမာအနေနဲ့ပြောရရင် ပွင့်တောက်ရွာနဲ့ တစ်ရွာခြားတဲ့ ငလဲရွာသတင်းဆိုးဟာ ဒီဒေသတဝိုက်မှာ တော်တော်လေး ခြောက်ခြောက်ခြားခြားဖြစ်စေခဲ့ပါတယ်။ ငလဲရွာဟာ ဆည်ရေဝပ်မလွတ်လို့ ဘယ်နေ့ဘယ်ရက်နောက်ဆုံးထား အပြီးအပိုင်ပြောင်းရွှေ့ရမယ်လို့ အမိန့်ချမှတ်ခံရတဲ့ ကျေးရွာ ၁၆ ရွာထဲက တစ်ရွာပါပဲ။ ဒါပေမယ့် တခြားရွာတွေ ပြောင်းကြရွှေ့ကြပေမယ့် ငလဲရွာကရွာသားအများစုက မပြောင်းမရွှေ့ဘဲ တင်းခံထားကြပါတယ်။ ရွာကကိုးကွယ်တဲ့ဆရာတော်ဘုရားကလည်း သူဦးဆောင်ပြီး သက်ဆိုင်ရာကို ရင်ဆိုင်ပြောဆိုမယ် ရွာမပြောင်းရအောင်ပြောမယ်ဆိုတော့ တခြားရွာတွေပြောင်းလို့ကုန်ကာနီးအထိ ငလဲရွာက မပြောင်းမရွှေ့ဘဲနေခဲ့ကြပါတယ်။
ဒီလိုနဲ့ တနေ့မှာ ငလဲရွာဦးကို မြေတူးမြေကော်စက်ကြီးရောက်လာခဲ့ပါတယ်။ လက်နက်ကိုင်အစောင့် တချို့လည်း ပါလာခဲ့ပါတယ်။ မြေတူးမြေကော်စက်ကြီးဟာ ရွာထဲကအိမ်တွေကိုကျော်ပြီး ဘုန်းတော်ကြီးကျောင်းရှေ့ရောက်လာပါတယ်။ ဘုန်းတော်ကြီးကျောင်းကို မြေတူးမြေကော်စက်နဲ့ တွန်းမယ်ဖြိုမယ်လုပ်ပါတော့တယ်။ အဲဒီအချိန်ကြတော့ ရွာသားတွှေအားလုံး ဟိုပြေးဒီပြေးနဲ့ တရွာလုံးဆူညံပွက်လောရိုက်ပြီး ဘုန်းကြီးကျောင်းရှေ့ရောက်လာကြပါတယ်။ ရွာဦးဆရာတော်ဘုရားက အစတုန်းကတော့ ခြိမ်းခြောက်ရုံပဲထင်ခဲ့ရာက တကယ်လည်း ကျောင်းကိုဖြိုမယ်လုပ်တော့ ကျောင်းအောက်ကိုဆင်းရပါတယ်။ မြေတူးစက်ကြီးဘေးရပ်နေတဲ့သူတွေကို ကျောင်းကိုမဖြိုဘို့တောင်းပန်ပါတယ်။ ဒါပေမယ့် မရတော့ပါဘူး။ ပြောင်းရွှေ့ဖို့သတ်မှတ်ထားတဲ့ရက် ကျော်ပြီဖြစ်လို့ မလွဲမသွေ ဖြိုရဖျက်ရတော့မယ်လို့ တာဝန်ရှိသူတွေက ခတ်မာမာပဲပြန်ပြောကြပါတယ်။ ဒါနဲ့ပဲ ဆရာတော်ဘုရားဟာ မြေကြီးပေါ်ငုတ်တုတ်ထိုင်ချလိုက်ပြီး ဒကာကြီးတို့ကို ဆရာတော်တောင်းပန်ပါတယ် ကျောင်းကိုတော့မဖြိုပါနဲ့လို့ လက်အုပ်ချီပြီး တောင်းပန်ပါတယ်။ ဒါပေမယ့်လည်း အဲဒီနေ့မှာပဲ ငလဲရွာ ဘုန်းတော်ကြီးကျောင်းဟာ အပြီးအပိုင် ဖြိုဖျက်ခြင်းခံရလိုက်ရပါတော့တယ်။

ဒီလိုအကြောင်းအရာ ဒီလိုကြေကွဲစရာ အတိတ်ခြေရာတွေ ရှိခဲ့တဲ့ မုန်းချောင်းကြီးတဝိုက်ဟာ အခုလည်း နောက်ထပ်ပြီး ရေလွှမ်းမိုးဖျက်ဆီးခံရပြန်တော့ ကူသူကယ်သူမဲ့စွာ ဒုက္ခတွေပင်လယ်ဝေရပြန်တဲ့သဘောပါပဲ။ 
ကဲ နောက်တနေ့ကြမှပဲ ဒုက္ခတွေဝိုင်းဝိုင်းလည်နေတဲ့ ပွင့်တောက်ရွာခရီးဆက်ပါဦးမယ်။ ဒီကနေ့တော့ ဒီလောက်နဲ့နားခွင့်ပြုပါ။

လူငယ်များ ခရီးများများထွက်နိုင်ကြပါစေ။ ပြည်သူလူထုဘဝ ပိုမိုထိရောက်စွာ ထိတွေ့လေ့လာနိုင်ကြပါစေ။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly