ဒါဘီနိုင်ပွဲအတွက် မန်စီးတီးအသင်း စိုးရိမ်စိတ်တွေကို တိုက်ထုတ်ခဲ့ရတယ်လို့ ဂွာဒီယိုလာ ပြော

ဒါဘီနိုင်ပွဲအတွက် မန်စီးတီးအသင်း စိုးရိမ်စိတ်တွေကို တိုက်ထုတ်ခဲ့ရတယ်လို့ ဂွာဒီယိုလာ ပြော

မန်ချက်စတာစီးတီးအသင်း နည်းပြ ပက်ဂွာဒီယိုလာက တနင်္ဂနွေနေ့က အိမ်ကွင်း ဒါဘီပွဲစဉ်မှာ မန်ယူကို ၃-၁ ဂိုးနဲ့ အနိုင်မရခင် အသင်းဟာ အစောပိုင်းက စိုးရိမ်စိတ်တွေဝင်ခဲ့ပြီး ပထမပိုင်းမှာ သူတို့ရဲ့ အကောင်းဆုံးပုံစံမဟုတ်ခဲ့ဘူးလို့ ဝန်ခံပြောဆိုသွားခဲ့ပါတယ်။

အီတီဟတ်ကွင်းမှာ မန်စီးတီးအသင်းဟာ ပထမပိုင်းနဲ့ ဒုတိယပိုင်း ပွဲချိန်အစောပိုင်းတွေမှာ ဆေးလ်ဗားနဲ့ အဂူရိုတို့က သွင်းယူခဲ့ပြီး ဧည့်သည် မန်ယူအသင်းရဲ့ မျှော်လင့်ချက်ဖြစ်စေတဲ့ ဂိုးကို မာရှယ်က ပင်နယ်တီကနေ တဆင့် သွင်းယူခဲ့ပါတယ်။

ဒါပေမယ့် ပွဲမပြီးဆုံးခင် ၄ မိနစ်အလိုမှာ ဂန်ဒိုဂန်က မန်စီးတီးအတွက် အနိုင်ပြတ်သားစေမယ့် ဂိုးကို သွင်းယူခဲ့ပါတယ်။ ဒီဂိုးဖြစ်မြောက်ဖို့အတွက် အောင်မြင်တဲ့ ပေးပို့မှု ၄၄ ကြိမ် ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

စီးတီးဟာ ဒီနိုင်ပွဲကြောင့် လီဗာပူးလ်အသင်းကို ၂ မှတ်ဖြတ်ထားလိုက်ချိန်မှာတော့ ဂွာဒီယိုလာက “ကျနော်တို့ နိုင်ပွဲနဲ့ ထိုက်တန်ခဲ့ပါတယ်။ ပထမပိုင်းမှာ စိုးရိမ်စိတ် အနည်းငယ်နဲ့ ကစားခဲ့ပါတယ်။ ဒါပေမယ့် ဘောလုံးဆိုတာ ကစားပွဲတစ်ပွဲပါ။ ကျနော်တို့ ဘောလုံး ဆုံးရှုံးအောင် မကစားလိုဘူး။”လို့ BBC ကို ပြောခဲ့ပါတယ်။

ဘာကြောင့် စီးတီးအသင်းဟာ စိုးရိမ်စိတ်ဝင်ခဲ့တာလည်းလို့ မေးမြန်းရာမှာ ဂွာဒီယိုလာက “ကျနော်တို့ရဲ့ ပရိသတ်တွေရှေ့မှောက်မှာ ကောင်းကောင်း ကစားပြလိုတာရယ်၊ ဒီပွဲကို ကစားဖို့ ဒါဟာ ဘယ်လောက် အရေးကြီးတယ်ဆိုတာရယ်ကြောင့်ပါ။ ဒါပေမယ့် ကျနော့်တို့ ကောင်းမွန်ခဲ့ပါတယ်။ ပထမပိုင်းအပြီးမှာတော့ အဂူရိုဆီက ဂိုးက ကျနော်တို့ကို အများကြီး ကူညီခဲ့ပါတယ်။”

ဒီပွဲရှုံးခဲ့တဲ့ ယူနိုက်တက်ဟာ ဒီရာသီ လိဂ်ပွဲစဉ် ၁၂ ပွဲအပြီးမှာ ဇယားထိပ်ဆုံးက မန်စီးတီးရဲ့အောက် ၁၂ မှတ်အကွာ အဆင့် ၈ နေရာမှာ ရပ်တည်ခဲ့တာကြောင့် နည်းပြ မော်ရင်ဟိုကတော့ မန်ချက်စတာ နှစ်သင်းအကြား “ကွာဟမှု”ကို လက်ခံသွားခဲ့ပါတယ်။

“ကျနော့်ကစားသမားတွေကို ဆန့်ကျင်ပြီး ကျနော့်မှာ ပြောစရာ စကားလုံးတွေ မရှိပါဘူး။ အရာအားလုံးဟာ အကောင်းဘက်မှာရှိပါတယ်။ ကျနော် သူတို့နဲ့ အတူရှိသလို သူတို့ကလည်း ကျနော်နဲ့အတူပါ။”လို့ မော်ရင်ဟိုက ပြောပါတယ်။

“ကွာဟမှု တစ်ခုရှိပါတယ်။ မန်စီးတီးအသင်းက တည်ငြိမ်တဲ့ အဆင့်တစ်ခုမှာ ရာသီအစကနေ စတင်ကစားခဲ့ပြီး ဒါက သူတို့ကို ရမှတ် အများကြီး ရစေခဲ့တာဖြစ်တယ်။”

မော်ရင်ဟိုက Sky Sports နဲ့ သီးခြား အင်တာဗျူးတစ်ခုမှာတော့ “ပေးဂိုး ၃ ဂိုးလုံးဟာ ကျနော်တို့ရဲ့ အမှားတွေပါ။ စီးတီးလို အသင်းမျိုးနဲ့ ရင်ဆိုင်တဲ့အခါ အမှားကျူးလွန်လိုက်ရင် ခင်ဗျား ဒဏ်ခတ်ခံရပါလိမ့်မယ်။”လို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ အပတ်က ဂျူဗင်တပ်စ်အသင်းကို ပွဲချိန်နောက်ဆုံး ၅ မိနစ်အတွင်း ၂ ဂိုးသွင်းပြီး အဝေးကွင်းမှာ ၂-၁ ဂိုးနဲ့ အနိုင်ရချိန်မှာ စီးတီးအသင်းက ဗုဒ္ဓဟူးနေ့မှာ ရှက်တာဒိုးနက်အသင်းကို အိမ်ကွင်းမှာ ၆-၀ ဂိုးနဲ့ ဂိုးပြတ်နိုင်ခဲ့ပါတယ်။

မော်ရင်ဟိုဟာ အီတလီမှာ ကြားပွဲကစားခဲ့ရတဲ့ မန်ယူအသင်းရဲ့ ရုန်းကန်ခဲ့ရမှုတွေကြောင့် အသင်းရဲ့ ရှုံးနိမ့်မှုကို ပြစ်တင်ပြောဆိုခဲ့ခြင်းမရှိပဲ သူက “လူတိုင်း သဘောတူရမယ့် အကြောင်းတစ်ခုရှိပါတယ်။ ကျနော်တို့တွေဟာ ဂျူဗင်တပ်စ်ဆီ သွားပြီး ကမ္ဘာ့အကောင်းဆုံးအသင်း တစ်သင်းနဲ့ မိနစ် ၉၀ အားကုန်ထုတ်ကစားခဲ့ရတာပါ။ နောက်တစ်သင်းကတော့ ရှက်တာဒိုးနက်ကို သက်သောင့်သက်သာ ကစားခဲ့ပြီး ၆-၀ ဂိုးဆိုတဲ့ ရလဒ်နဲ့ အနိုင်ရပြီးမှ ဒီပွဲကို ကစားရတာပါ။ ကျနော်တို့တွေရဲ့ အခြေအနေက မတူညီပါဘူး။”လို့ ပြောဆိုခဲ့ပါတယ်။

Ref; AFP

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly