လှပသောလူ့အဖွဲ့အစည်းတည်ဆောက်နိုင်ရန် ရည်ရွယ်ပြီး ကလေးစာပေပွဲတော် ကျင်းပ

By စောပဏ်
11 November 2018
လှပသောလူ့အဖွဲ့အစည်းတည်ဆောက်နိုင်ရန် ရည်ရွယ်ပြီး ကလေးစာပေပွဲတော် ကျင်းပ

ကျိုက်ထို၊ နိုဝင်ဘာ၊ ၁၁ ။          ။ စာပေဖတ်မှတ်အသုံးချသောလူသားများဖြင့်သာ လှပသော လူ့အဖွဲ့အစည်းကို တည်ဆောက်နိုင်မည်ဟူသော ရည်ရွယ်ချက်ဖြင့် မွန်ပြည်နယ်၊ သထုံခရိုင်၊ ကျိုက်ထိုမြို့၊ ကျိုက်ထို အ.ထ.က(၁) ၌ နိုဝင်ဘာလ ၁ဝရက်၊ ၁၁ ရက်တို့တွင် ကလေးစာပေပွဲတော်ကို ကျင်းပခဲ့သည်။

"ကလေးတွေ စာပေကိုချစ်မြတ်နိုးတဲ့ စိတ်ဓါတ်၊ စာပေနဲ့ မွေ့လျော်တဲ့ အလေ့အကျင့်တွေ ကိန်းအောင်းသွားပြီ ဆိုရင် စာပေနဲ့ထိတွေ့တဲ့ ကလေးတွေ ဖြစ်သွားတဲ့အတွက် သူတို့ရဲ့ ဖွံ့ဖြိုးတိုးတက်မှုဟာ စိတ်ချရတဲ့ အနေအထားမှာ ရောက်ရှိသွားမှာဖြစ်သလို အဲဒီကလေးတွေနဲ့ ဖွဲ့စည်းထားတဲ့ တိုင်းပြည်ရဲ့ အနာဂတ်ဟာလည်း လှပလာမယ်လို့ ယုံကြည်ပါတယ်"ဟု မွန်ပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာထိန်လင်းက ပြောသည်။

"ကလေးတွေ စာဖတ်ဝါသနာပါလာရာကနေ စာဖတ်ရှိန် မြင့်မား အားကောင်းလာစေဖို့ကို ရည်ရွယ်ပြီးတော့ ကျွန်တော်တို့ ကျိုက်ထိုမြို့နယ် စာကြည့်တိုက်များကွန်ရက်ကနေ ဌာနဆိုင်ရာတွေနဲ့ ချိတ်ဆက်ပူးပေါင်းပြီး တော့ မွန်ပြည်နယ်အစိုးရအဖွဲ့နဲ့ စေတနာရှင်တွေရဲ့ ပံ့ပိုးကူညီမှုနဲ့ ဒီပွဲကို မြို့နယ်အဆင့်အနေနဲ့ ပထမအကြိမ် စလုပ်ဖြစ်သွားတာပါ။ နှစ်စဉ်၊နှစ်တိုင်း လုပ်ဖြစ်အောင် ကျွန်တော်တို့ ကြိုးစားသွားမှာပါ။ ပြည်နယ်နဲ့ရော ခရိုင် အဆင့်ပွဲတွေပါ ဒီ ကလေးစာပေပွဲတော်ကို တစ်နိုင်ငံလုံး လုပ်နေကြတော့လေ။ ကျွန်တော်တို့လည်း အားကျတယ်ပေါ့"ဟု ကျိုက်ထိုမြို့နယ် စာကြည့်တိုက်များကွန်ရက်မှ ဦးဝမ်းကြည်က ပြောသည်။

အဆိုပါ ကလေးစာပေပွဲတော်ကို မွန်ပြည်နယ်အစိုးရအဖွဲ့၏ ပံ့ပိုးကူညီမှုဖြင့် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန၊ ပညာရေးဌာနနှင့် ကျိုက်ထိုမြို့နယ်စာကြည့်တိုက်များကွန်ရက်တို့က နိုဝင်ဘာလ ၁၀ ရက်နှင့် ၁၁ ရက်တို့တွင် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ၂ ရက်တိုင်တိုင် ကျင်းပခြင်း ဖြစ်သည်။

"ကလေးတွေကို စာပေ ဖတ်မှတ်အသုံးချစေတဲ့ အလေ့အကျင့်တွေ မွေးမြူပေးတဲ့ပွဲပါ။ ကလေးတွေ အသိ အလိမ္မာတိုးစေမယ့် အလုပ်။စာဖတ်ခြင်းရဲ့ အကျိုးကျေးဇူးကို နားလည် တန်ဖိုးထားတတ်စေတဲ့ အလုပ်မို့ မြို့နယ် ပညာရေးမိသားစုတွေက ဝမ်းမြောက် ဂုဏ်ယူပါတယ်"ဟု ကျိုက်ထိုမြို့နယ် ပညာရေးမှူး ဒေါ်ခင်မြင့်ဝေက ပြောသည်။

မွနပြည်နယ်အတွင်း၌ ကလေးစာပေပွဲတော်ကို ပြည်နယ်အဆင့်အဖြစ် ၂၀၁၇ ခုနှစ် မတ်လတွင် မော်လမြိုင် တက္ကသိုလ်၊ ခရိုင်အဆင့်အဖြစ် ၂၀၁၇ နိုဝင်ဘာလတွင် သထုံကွန်ပျူတာတက္ကသိုလ်တို့၌ ကျင်းပခဲ့ပြီး ယခု ကျိုက်ထိုကလေးစာပေပွဲတော်သည် မွန်ပြည်နယ်တွင် မြို့နယ်အဆင့်အဖြစ် ပထမအကြိမ် ကျင်းပခြင်း ဖြစ်ကြောင်း ပြည်နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။

အဆိုပါ ကျိုက်ထိုကလေးစာပေပွဲတော်ကို ပြပွဲ ပြိုင်ပွဲ ဟောပြောဆွေးနွေးပွဲ စာအုပ်စျေးရောင်းပွဲနှင့် ဖျော်ဖြေရေးပွဲများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly