နေစရာမရှိသဖြင့် အိမ်ပေါ်ခေါ်ထားရာမှ ငွေကျပ် ၂၆ သိန်းကျော် ခိုးယူခဲ့သော သားအမိအား ဖမ်းမိ 

နေစရာမရှိသဖြင့် အိမ်ပေါ်ခေါ်ထားရာမှ ငွေကျပ် ၂၆ သိန်းကျော် ခိုးယူခဲ့သော သားအမိအား ဖမ်းမိ 

ရန်ကုန်၊ နိုဝင်ဘာလ ၁၁ ။            ။ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်တွင် နေစရာအခက်အခဲဖြစ်နေသည့် သားအမိ ၂ ဦးအား အိမ်ပေါ် ခေါ်ထားရာမှ ရွှေထည်ပစ္စည်းများအပါအဝင် ငွေကျပ် ၂၆ သိန်းအား ခိုးယူသွားမှုဖြစ်ပွားခဲ့ပြီး လက်ရှိတွင် ဖမ်းဆီးရမိပြီဖြစ်ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ သိရသည်။ 

ရွှေထည်ပစ္စည်းများအပါအဝင် ငွေကျပ် ၂၆ သိန်းကျော်ခိုးယူခဲ့သည့် သားအမိ ၂ ဦးမှာ အသက် ၄၆ နှစ်အရွယ် သူဇာ(ခ) သီတာအေး(ခ) စန္ဒာ ဆိုသူနှင့် ၎င်း၏ သားဖြစ်သူ အသက် ၁၃ နှစ်အရွယ် သက်ထွန်းနောင်တို့ ဖြစ်ကြောင်း ရဲတပ်ဖွဲ့ ထုတ်ပြန်ချက်အရသိရသည်။ 

ဖြစ်စဉ်မှာ ပြီးခဲ့သည့် နိုဝင်ဘာလ ၂ ရက်၊ ည ၆ နာရီ၊ ၁၃ မိနစ်ခန့် တွင် ရွှေထည်ပစ္စည်းအပါအဝင် ကျပ်သိန်း ၂၆ သိန်းအခိုးခံခဲ့ရသည့်ဆိုသော အိမ်မှ အမျိုးသားက အငှားယာဉ်မောင်းနှင်နေစဉ် အဆိုပါသားအမိက ၎င်း၏ ကားအား ငှားစီးခဲ့ကြောင်း ရဲထုတ်ပြန်ချက်တွင် ပါရှိသည်။ 

စော်ဘွားကြီးကုန်းမှ အင်းစိန်ဆေးရုံသို့ ကားငှားစီးခဲ့ခြင်းဖြစ်ပြီး နေစရာအခက်အခဲဖြစ်သဖြင့် မိုးလင်းပေါက်ဖွင့် သည့် ဆိုင်သို့ ပို့ခိုင်းခဲ့ကြောင်း၊ ၎င်းတို့သားအမိမှာ မကွေးမြို့မှ လာရောက်ခြင်းဖြစ်ကြောင်း ပြောပြခဲ့သည်ဟု သိရသည်။ 

အငှားကားငှားမောင်းသည့် အမျိုးသားအား ဇနီးဖြစ်သူက ဖုန်းဆက်စဉ် အဆိုပါဖြစ်စဉ်ကို အကျိုးအကြောင်း ပြောပြခဲ့ရာ ဇနီးဖြစ်သူက အဆိုပါသားအမိ နေစရာအခက်အခဲဖြစ်နေလျှင် ၎င်းတို့နေအိမ်သို့ ခေါ်လာရန် ပြောသဖြင့် ခေတ္တတည်းခိုရန် နေအိမ်သို့ ခေါ်ဆောင်ခဲ့ကြောင်းသိရသည်။ နိုဝင်ဘာလ ၃ ရက်နေ့တွင် အဆိုပါ သားအမိ ၂ ဦးအား မေးမြန်းရာ အမျိုးသမီးမှာ မသူဇာဖြစ်ပြီး ၎င်း၏ ယောက္ခမဖြစ်သူ အင်းစိန်ဆေးရုံတွင် ဆေးကုသလာရောက်မည်ဖြစ်ကြောင်း၊ မကွေးကားဝန်းနှင့် မျက်နှာချင်းဆိုင်တွင် ခြင်္သေ့နှစ်ကောင်အမည်ဖြင့် ထမင်းဆိုင်ဖွင့်ထားကြောင်း ပြောပြခဲ့သည်ဟု သိရသည်။ 

နိုဝင်ဘာလ ၄ ရက်နေ့တွင် အိမ်ရှင်ဖြစ်သူတို့ အလုပ်သွားနေစဉ် အိမ်ရှင်အမျိုးသမီး၏ အစ်မဖြစ်သူကဖုန်း ဆက်ပြီး အဆိုပါ သားအမိနှစ်ဦး မရှိတော့ကြောင်း ပြောပြသဖြင့် နေအိမ်သို့ ပြန်လာခဲ့ရာ နေအိမ်ဧည့်ခန်း တီဗွီစင်တွင် အားသွင်းထားသော ၎င်း၏ ဖုန်းနှင့်အခန်းကုတင်ပေါ်တွင်တင်ထားသော ပိုက်ဆံအိတ်အတွင်းမှ သံကွင်းဆက်ပုံ ရွှေဆွဲကြိုး ၁ ကုံး၊ ပန်းကပ်ပုံလက်ကောက် ၂ ကွင်း၊ ပယင်း လက်ကောက် ၁ ကွင်း၊ မြန်မာ ငွေစက္ကူရောရာ ၁၄ဝဝဝ ကျပ်၊ စုစုပေါင်း ၂၆၁ဝဝဝဝ ကျပ်ခန့် ပျောက်ဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် ခိုးယူသွားခဲ့သည့် အဆိုပါသားအမိအား ဖော်ထုတ်အရေးယူပေးရန် မင်္ဂလာဒုံမြို့မရဲစခန်းတွင် (ပ) ၁ဝ၆၉/၂ဝ၁၈၊ ရာဇသတ်ကြီးဥပဒေပုဒ်မ- ၃၈ဝ ဖြင့် အမှုဖွင့် တိုင်တန်းခဲ့ခြင်းဖြစ်သည်။ 

ရဲတပ်ဖွဲ့မှ စုံစမ်းရှာဖွေခဲ့ရာ နိုဝင်ဘာလ ၈ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့၊ စျေးပိုင်းရပ်ကွက်၊ သစ်ထုတ်လုပ်ရေးဝန်းတွင် အဆိုပါ သားအမိ နှစ်ဦးအား ဖမ်းဆီးရမိခဲ့သည်။ ခိုးယူသွားသည့် ပစ္စည်းများကို မေးမြန်းခဲ့ရာ သံကွင်းဆက်ပုံ ရွှေဆွဲကြိုး ၁ ကုံးနှင့် ပန်းလက်ကောက် ၂ ကွင်းတို့ အား မြောက် ဥက္ကလာပမြို့နယ်၊ (စျ)ရပ်ကွက်ရှိ အပေါင်ဆိုင်တစ်ဆိုင်တွင် ငွေကျပ်(၁၅)သိန်း၊ ပုလဲတစ်လုံးပါ လိမ်ပြောင် လက်စွပ်(၁)ကွင်းအား မြောက်ဥက္ကလာပ မြို့နယ်၊ (ဌ)ရပ်ကွက်ရှိ အပေါင်ဆိုင်တစ်ဆိုင် ၁ သိန်းဖြင့် လည်းကောင်း ပေါင်ထားခဲ့ကြောင်း ပြောပြခဲ့သည်ဟု ရဲတပ်ဖွဲ့မှတ်တမ်းတွင် ဖော်ပြထားသည်။ 

၎င်းတို့ သားအမိ ၂ ဦးနှင့်အတူ ငွေစက္ကူရောရာ ၈၉၅ဝဝ ကျပ်တို့အား သိမ်းဆည်းရမိခဲ့ပြီး သက်သေခံပစ္စည်း များအား ပေါင်နှံထားသည့် အပေါင်ဆိုင်များတွင်လိုက်လံသိမ်းဆည်းလျက်ရှိကာ လက်ရှိတွင် ပြစ်မှုကျူးလွန်သူ တို့ကို အရေးယူဆောင်ရွက်နေကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required