လိပ်ကျွန်းအမှု၌ ဒုတိယ အတွင်းဝန် အပါအဝင် တရားခံပြသက်သေ သုံးဦးထွက်ဆို

လိပ်ကျွန်းအမှု၌ ဒုတိယ အတွင်းဝန် အပါအဝင် တရားခံပြသက်သေ သုံးဦးထွက်ဆို

ချင်းမိုင်၊ စက်တင်ဘာ ၂၅ ။ ။ ထိုင်းနိုင်ငံတောင်ပိုင်း လိပ်ကျွန်း လူသတ်မှုတွင် တရားခံပြ သက်သေအဖြစ် မြန်မာသံရုံး စုံစမ်းစစ်ဆေးရေး အဖွဲ့မှ  ဒုတိယ အတွင်းဝန် ဦးထွန်းအေး အပါအဝင် ၃ ဦးက မြန်မာအလုပ်သမား နှစ်ဦးအမှုတွင် ညှင်းပန်း နှိပ်စက်၍ ဝန်ခံခဲ့ရမှုနှင့် ရခိုင်နှင့် ဘင်္ဂါလီ ပဋိပက္ခများကို တရားခွင်သို့ တင်သွင်းခဲ့သည်ဟု မြန်မာသံရုံး စုံစမ်းစစ်ဆေးရေး အဖွဲ့မှ ရှေ့နေ ဦးအောင်မျိုးသန့်က ပြောသည်။

စက်တင်ဘာလ ၂၅ ရက် တရားခွင်သို့ မြန်မာသံရုံးအဖွဲ့မှ ဒုတိယသံအမတ် ဦးထွန်းအေး၊ ဘာသာပြန် ဦးအောင်စိုး၊ တက္ကသိုလ် ဆရာမ ဒေါ်သူဇာနွယ်တို့ကို စစ်ဆေးခဲ့ခြင်း ဖြစ်သည်။

၂၀၁၄ ခုနှစ် အောက်တိုဘာလ ၆ ရက်တွင် မြန်မာသံရုံး အထူးစစ်ဆေးရေး အဖွဲ့က မြန်မာအလုပ်သမား ကိုဇော်ထွန်းနှင့် ကိုဇော်လင်းထွန်းတို့အား ကော့စမွေ အကျဉ်းထောင်သို့ သွားရောက် တွေ့ဆုံစဉ် ကြောက်လန့်နေ ပြီး နှိပ်စက်ခံရမှု တွေ့ရသဖြင့် ဖြောင့်ချက်ပေးခဲ့ကြောင်းကို ပေါ်လွင်စေရန် တရားခံပြသက်သေ သုံးဦးက ထွက်ဆို ခဲ့ကြသည်ဟု ရှေ့နေ ဦးအောင်မျိုးသန့်က ပြောသည်။

“သံရုံးအဖွဲ့က တွေ့တဲ့အချိန် ကလေးတွေက ကြောက်လန့်ပြီးတော့ အမှန်ကို မပြောရဲဘူး။ ရင်ဘတ်က ဒဏ်ရာကို လှန်ပြတယ်။ တယောက်က ပြောရင် တယောက်က ပေါင်ကို လှမ်းကိုင်ထားတယ်။ သူတို့ နှစ်ယောက် ကို လူစုခွဲပြီးတော့ စစ်ဆေးကြည့်တဲ့အခါ ညှင်းပန်းနှိပ်စက် ခံရတဲ့အကြောင်း မပြောနိုင်ဘူး။ နောက် အမေကို တွေ့တဲ့အချိန် နှစ်ယောက်စလုံး ငိုပြီးတော့ သူတို့နှစ်ယောက်ကို ညှင်းပန်းနှိပ်စက်လို့ ဝန်ခံခဲ့တယ် ဆိုတာပါ၊ ဖြောင့် ချက်ပေးရတာပါ ဆိုတာတွေ ပြောတယ်ဆိုပြီး ထွက်ဆိုတာပါ” ဟု သူက မဇ္ဈိမကို ပြောသည်။

ထို့ပြင် တက္ကသိုလ်ဆရာမ ဒေါ်သူဇာနွယ်ကလည်း ရခိုင်တိုင်းရင်းသားနှင့် ဘဂါၤလီ ပဋိပက္ခနှင့် ပတ်သက်၍ တရားခွင်သို့ တင်ပြခဲ့ရာ ဖြောင့်ချက်ပေးရာတွင်လည်း ရခိုင်တိုင်းရင်းသား မြန်မာလုပ်သား နှစ်ဦးအမှု၌ လူမျိုးခြား ဘာသာပြန် အစ္စလာမ်လူမျိုး၏ ပြောစကားကို ရယူ၍ အမှုကို ဆောင်ရွက်ခဲ့ခြင်းသည် မှားယွင်းကြောင်း ထွက်ဆိုခဲ့ သည်ဟု သူက ပြောသည်။

“ဖြောင့်ချက်ပေးတာဟာ ဘာကြောင့် ပေးရတယ်ဆိုတာကို ပေါ်စေချင်တာပါ။ နောက်ပြီးတော့ အဲဒီဖြောင့် ချက်ကို ဘာသာပြန်ပေးတဲ့ လူကလည်း လူမျိုးရေး ပဋိပက္ခ ရှိတဲ့လူကို ဘာသာပြန်ခိုင်းတယ်ဆိုတာ ပေါ်အောင်လို့ သက်သေ တင်တာပါ” ဟု သူက ပြောသည်။

ပြီးခဲ့သည့်၂၀၁၄ ခုနှစ် အောက်တိုဘာလ ၅ ရက်က မြန်မာသံအမတ် ဦးဝင်းမောင် ဦးဆောင်ကာ မြန်မာ အထူး စုံစမ်းစစ်ဆေးရေး အဖွဲ့ကို ဖွဲ့စည်း၍ အမှုမှန် ဖော်ထုတ်ရေး စုံစမ်းစစ်ဆေးခဲ့ခြင်း ဖြစ်သည်။

ထိုင်းရဲတပ်ဖွဲ့က တရားလိုပြုလုပ်၍ တရားလိုပြသက်သေ ၃၆ ဦးကို စစ်ဆေးခဲ့ပြီးနောက် တရားခံပြ သက်သေအဖြစ် ယနေ့ထိ ၁၁ ဦး ရှိသွားပြီ ဖြစ်သည်။ လာမည့် အောက်တိုဘာလ ၁၀ ရက်နှင့် ၁၁ ရက်များတွင် ကျန်ရှိသော တရားခံပြ သက်သေများကို စစ်ဆေးရန် ရုံးချိန်း ပေးထားသည်ဟု သိရသည်။ တရားခံပြသက်သေ စုစုပေါင်း ၃၁ ဦးကို တရားခွင့်သို့ တင်သွင်းထားသည်။ လိပ်ကျွန်းကမ်းခြေတွင် ဗြိတိန်နိုင်ငံသား ခရီးသည် ဟန်နာ ဝစ်သာရစ်နှင့် ဒေးဗစ်မေလာတို့ ၂၀၁၄ ခုနှစ် စက်တင်ဘာလ ၁၅ ရက်က အသတ်ခံရမှုတွင် ထိုင်းရဲတပ်ဖွဲ့က တရားလိုပြုလုပ်၍ မြန်မာရွှေ့ပြောင်း လုပ်သား ကိုဇော်လင်းနှင့် ကိုဝင်းဇော်ထွန်းတို့အား တရားခံအဖြစ် ဖမ်းဆီးထားခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required