စားသောက်ကုန်များ ဘေးကင်းလုံခြုံရေးအတွက် Food Safety Professional Institute ထူထောင်မည်

စားသောက်ကုန်များ ဘေးကင်းလုံခြုံရေးအတွက် Food Safety Professional Institute ထူထောင်မည်

ရန်ကုန်၊ နိုဝင်ဘာ ၉ ။         ။ မြန်မာနိုင်ငံတွင် စားသောက်ကုန်များဘေးကင်းလုံခြုံရေးနှင့် ပတ်သက်၍ ပရော်ဖက်ရှင်နယ်အဖွဲ့များဖွဲ့စည်းရန် ပြင်ဆင်နေသည်ဟု ကုန်သည်စက်မှုအသင်းချုပ်မှ ဒုတိယဥက္ကဋ္ဌ ဦးရဲမင်းအောင်က ပြောသည်။

"မြန်မာနိုင်ငံမှာ Food Safety Professional Institute တစ်ခုကိုလည်း ကျွန်တော်တို့ထူထောင်ဖို့ စီစဉ်နေတဲ့ အနေအထားဖြစ်ပါတယ်။ ကျွန်တော်တို့တိုင်းပြည်က ကိုယ့်ပြည်တွင်းစားသုံးမှုအတွက်လည်း Food Safety က အရေးကြီးသလို နိုင်ငံတကာစျေးကွက်တွေကို ယှဉ်ပြိုင်ပြီးတော့ တင်ပို့ရောင်းချမယ်။ တစ်ဖက်ကလည်း ပို့ကုန် ကနေ ဦးဆောင်တဲ့ဖွ့ံဖြိုးမှုပေါ့" ဟု ဦးရဲမင်းအောင်က ပြောသည်။

နိုင်ငံတော်အဆင့် စားသောက်ကုန် ဘေးကင်းလုံခြုံရေးဆိုင်ရာဆွေးနွေးပွဲကို UMFCCI တွင် နိုဝင်ဘာ ၉ ရက် နေ့က ကျင်းပခဲ့ရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် စားသောက်ကုန် ဘေးကင်းလုံခြုံရေးအတွက်  အစားအသောက်ထုတ်လုပ်ရာတွင် ကြီးကြပ် နိုင်မှု အားနည်းချက်များရှိနေခြင်းကြောင့် ၎င်းနှင့် ပတ်သက်သည့် အဆောက်အအုံများ၊ ကျောင်းများပေါ် ပေါက်လာရန် တွန်းအားပေးလုပ်ဆောင်သင့်ကြောင်း မြန်မာနိုင်ငံစားသုံးသူများသမဂ္ဂမှ အတွင်းရေးမှူး ဦးမောင် မောင်က ပြောသည်။

"Food Safety နဲ့ပတ်သက်ရင် ကျွန်တော်တို့နိုင်ငံက အစားသောက်ထုတ်လုပ်တဲ့ကိစ္စတွေမှာ ကြီးကြပ်နိုင်တဲ့ ပညာရှင်တွေကောင်းကောင်းမရှိဘူး။ ကျွန်တော်တို့နိုင်ငံမှာ အစာအာဟာရနဲ့ ပတ်သက်တဲ့နည်းပညာတွေ သိပ္ပံ ပညာတွေနဲ့ ပတ်သက်ပြီး ဒီဂရီနဲ့ပတ်သက်တဲ့ ပရိုဂရမ်တွေမရှိဘူး။ အဲဒါတွေကို အခုအများကြီးတွန်းဖို့လိုတယ်။ အဲဒီသင်ကြားတဲ့စနစ်တွေကောင်လာဖို့လိုတယ်" ဟု ဦးမောင်မောင်က ပြောသည်။

၂၀၁၁ ခုနှစ်တွင် စားသောက်ကုန် ဓါတ်ခွဲခန်းကို ဂျပန်နိုင်ငံအကူအညီဖြင့်လုပ်ဆောင်ခဲ့ပြီး စားသောက်ကုန်အ ရည်အသွေးများကို စစ်ဆေးမှုများလုပ်ဆောင်နေကြောင်း စားသောက်ကုန်များ အရည်အသွေးမီစေရန်နှင့် အန္တရာယ်ကင်းအောင် ထုတ်လုပ်နိုင်ရန်ရည်ရွယ်ချက်ဖြင့် ဓါတ်ခွဲခန်းကို ထူထောင်ခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ စားသောက်ကုန် ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း ဒုတိယဥက္ကဋ္ဌ ဦးစိန်သောင်းဦး ကပြောသည်။

ကုန်စည်များတွင် သုံးစွဲပုံအညွှန်း၊ ထားသိုသိမ်းဆည်းပုံအညွှန်း၊ ဓာတ်မတည့်ကြောင်း ဖော်ပြချက်နှင့် ကြိုတင် သတိပေးချက်၊ ဘေးထွက်ဆိုးကျိုးများကို မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာနှင့် နိုင်ငံခြားဘာသာစကားတွဲလျက် ဖြစ်စေ ဖော်ပြရန်လိုအပ်ကြောင်း စားသုံးသူအကာအကွယ်ပေးရေး ဗဟို ကော်မတီက ၂၀၁၈ခုနှစ် အောက်တိုဘာ ၂၆ရက် နေ့စွဲဖြင့် ထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required