ရော်နယ်လ်ဒို၊ မက်ဆီတို့ အကောင်းဆုံးဖြစ်နေဆဲဖြစ်ပေမယ့် Ballon d'Or ဆု မရနိုင်ဘူးလို့ ပြောဆိုလိုက်တဲ့ အမ်ဘာပေ

ရော်နယ်လ်ဒို၊ မက်ဆီတို့ အကောင်းဆုံးဖြစ်နေဆဲဖြစ်ပေမယ့် Ballon d'Or ဆု မရနိုင်ဘူးလို့ ပြောဆိုလိုက်တဲ့ အမ်ဘာပေ
Photo: AFP

ဆယ်ကျော်သက် တိုက်စစ်မှူး အမ်ဘာပေက ခရစ္စတီယာနို ရော်နယ်လ်ဒိုနဲ့ မက်ဆီတို့ဟာ ဘောလုံးလောကရဲ့ ကြီးကျယ်တဲ့ ကစားသမားများအနေနဲ့ ရှိနေပေမယ့် သူ့ရဲ့ ကမ္ဘာ့ဖလားအောင်မြင်မှုက ၂၀၁၈ Ballon d'Or ဆုကို ဆွတ်ခူးဖို့ အကူအညီဖြစ်ဖွယ်ရှိတယ်လို့ ကြာသပတေးနေ့က AFP နဲ့ အင်တာဗျူးတစ်ခုမှာ ပြောဆိုခဲ့ပါတယ်။ 

အသက် ၁၉ နှစ်အရွယ် အမ်ဘာပေဟာ ရုရှားကမ္ဘာ့ဖလားပြိုင်ပွဲမှာ ၄ ဂိုးသွင်းယူနိုင်ခဲ့ပြီး ပြင်သစ်အသင်းနှင့်အတူ ကမ္ဘာ့ဖလားဆုဆွတ်ခူးခဲ့ပါတယ်။

ပြင်သစ်အသင်းက ၄-၂ ဂိုးနဲ့ ခရိုအေးရှားအသင်းကို အနိုင်ရခဲ့တဲ့ ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ အမ်ဘတ်ပီဟာ ဂိုးသွင်းယူနိုင်ခဲ့တာကြောင့် ၁၉၅၈ ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ ဂိုးသွင်းတဲ့ ပီလီနောက်ပိုင်း ဗိုလ်လုပွဲ ဂိုးသွင်းယူနိုင်တဲ့ ဒုတိယမြောက် ဆယ်ကျော်သက်ကစားသမားဖြစ်လာခဲ့ပါတယ်။

သူဟာ ပြိုင်ပွဲရဲ့ အကောင်းဆုံးလူငယ်ကစားသမားဆုကိုလည်း ရရှိခဲ့ပြီး ပီအက်စ်ဂျီအသင်းနဲ့အတူ ပြင်သစ် ပြည်တွင်းဖလား ၃ ခုစလုံး သိမ်းပိုက်နိုင်ခဲ့သလို စုစုပေါင်း သွင်းဂိုး ၂၁ ဂိုးအထိ သွင်းယူပေးခဲ့ပါတယ်။

မက်ဆီနဲ့ ရော်နယ်လ်ဒိုတို့ဟာ နောက်ဆုံး Ballon d'Or ဆု ၁၀ ကြိမ်မှာ ၅ ကြိမ်စီ ဆွတ်ခူးရရှိခဲ့ပြီး အမ်ဘာပေကတော့ သူတို့ဟာ ဘောလုံးလောကရဲ့ ထိပ်ဆုံးအဆင့်မှာ ရှိနေဆဲဖြစ်တယ်လို့ ယုံကြည်ထားပါတယ်။

“အခုချိန်မှာ သူတို့ထက် ပိုကောင်းအောင် လုပ်ပြနိုင်တဲ့လူ မရှိသေးပါဘူး။ သူတို့ရဲ့ ခေတ်အဆုံးသတ်တော့မလားဆိုကတော့ မပြောနိုင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ တစ်ဦးတစ်ယောက်က သူတို့ထက် ပိုကောင်းအောင် လုပ်ပြနိုင်မှ သူတို့ခေတ် ကုန်ဆုံးပါလိမ့်မယ်။”လို့ အမ်ဘာပေက AFP ကို ပြောပါတယ်။

ဒါပေမယ့် လူငယ်တိုက်စစ်မှူးက “ဒီနှစ်အတွက် Ballon d’Or ဆုကို သူတို့ထဲက တစ်ယောက် ဆွတ်ခူးမလားဆိုတာကိုတော့ မပြောတတ်ပါဘူး။ ဒီနှစ်က ကမ္ဘာ့ဖလားပြိုင်ပွဲနှစ်ဖြစ်တော့ ဒီပြိုင်ပွဲက အရေးပါနေလို့ပါ။”

အမ်ဘာပေဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ထွန်းတောက်ခဲ့ပေမယ့် မက်ဆီရဲ့ အာဂျင်တီးနားနဲ့ ရော်နယ်လ်ဒိုရဲ့ ပေါ်တူဂီအသင်းတို့ဟာ ရှုံထွက် ၁၆ သင်းအဆင့်ကနေ ထွက်ခွာသွားခဲ့ရပါတယ်။

“ဒါပေမယ့် ဒီနှစ်မှာလည်း သူတို့နှစ်ဦးဟာ အကောင်းဆုံးဖြစ်နေပြန်ပါတယ်။ မက်ဆီက ဥရောပမှာ ဂိုးသွင်းအများဆုံးကစားသမားဖြစ်ခဲ့ပြီး ရော်နယ်လ်ဒိုကလည်း ချန်ပီယံလိဂ်မှာ ဂိုးသွင်းအများဆုံးကစားသမားဖြစ်ခဲ့ပါတယ်။”လို့ သူက ထည့်သွင်းပြောခဲ့ပါတယ်။

ရွှေဘောလုံးဆု Ballon d'Or ကို ပြင်သစ်ကစားသမားထဲမှာ နောက်ဆုံးရရှိသူကတော့ အသင်းနဲ့အတူ ၁၉၉၈ ကမ္ဘာ့ဖလားဆု ဆွတ်ခူးခဲ့တဲ့ ဇီဒန်းပဲဖြစ်ပါတယ်။

“ပွင့်ပွင့်လင်းလင်းပြောရရင် ဒီဆိုကို ရဖို့ မျှော်လင့်မိပါတယ်။ ကျနော်တို့ ကြီးမားတဲ့အောင်မြင်မှုမျိုး ရရှိခဲ့ပါတယ်။ ဒီဆုကို ဆွတ်ခူးဖို့အတွက် ကိုယ့်ဘက်က အကောင်းဆုံးကြိုးစားခဲ့ပြီးပါပြီ။ ကျနော် လုပ်နိုင်သလောက် အရာအားလုံး လုပ်ဆောင်ခဲ့ပြီးဖြစ်ပါတယ်။ ဒါပေမယ့် ပြင်သစ်ကစားသမားတစ်ယောက်က Ballon d'Or ဆုကို မဆွတ်ခူးဘူးဆိုရင် ဒါဟာ အရှက်ရစရာဖြစ်ပါလိမ့်မယ်။ ကျနော်တို့ သမိုင်းသစ်ရေးထိုးခဲ့ပြီး ဒီအတွက် ဆုပေးအပ်ခံရမယ်ဆိုရင် ကျေနပ်စရာကောင်းပါလိမ့်မယ်။”

၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အကောင်းဆုံးကစားသမားဆုကို ရရှိခဲ့တဲ့ ခရိုအေးရှားကွင်းလယ်လူ မိုဒရစ်ဟာ Ballon d'Or ဆုအတွက် ရေပန်းအစားဆုံးဖြစ်ပါတယ်။

Ref; AFP

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required