ရွေးကောက်ပွဲ သတင်းယူခွင့် ဂဏန်းမငြိမ်သေး

By အောင်ငြိမ်းချမ်း၊ ထိုက်နန္ဒာဝင်း/Myanmar Now
08 November 2018
ရွေးကောက်ပွဲ သတင်းယူခွင့် ဂဏန်းမငြိမ်သေး
၂ဝ၁၈ကြားဖြတ်ရွေးကောက်ပွဲနေ့ကတွေ့ရသောရန်ကုန်ဆိပ်ကမ်းမြို့နယ်မဲရုံတစ်ခုအတွင်းပိုင်း မြင်ကွင်း (ဓာတ်ပုံ - အောင်ငြိမ်းချမ်း/Myanmar Now)

 ကြားဖြတ်ရွှေးကောက်ပွဲနေ့ သတင်းရယူနိုင်မှုမှာရန်ကုန်တွင် လွတ်လပ်သော်လည်း မြို့ကြီးတချို့တွင် ကန့်သတ်မှုနှင့် ရင်ဆိုင်ရကြောင်းသတင်းသမားတို့ကဖောက်သည်ချထားသည် (ဘလော့ ဆောင်းပါး)

ဝင်ပေါက်ရှေ့ တံခါးဝအနီးရှိသံဆန်ကာပေါ်တွွင် ဓာတ်ပုံ၊ ဗီဒီယိုမရိုက်ရန်၊အသံမဖမ်းရန် သတိပေးဆိုင်းဘုတ်တစ်ခုချိတ်ဆွဲထားသော်လည်း သတင်းထောက်များကမူ စိတ်ကြိုက်လွတ်လပ်စွာ ရိုက်ကူူးနေကြသည်။စောင့်ကြပ်နေသည့် တာဝန်ရှိသူများက တစ်စုံတစ်ရာတားမြစ်နှောက်ယှက်ခြင်း မလုပ်ပေ။

ထိုမြင်ကွင်းကတော့ ပြီးခဲ့သည့် ရက်ပိုင်းအတွင်း(နို်ဝင်ဘာ ၃ ရက်နေ့)က ပြီးဆုံးခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲကျင်းပရာရန်ကုန်၊ဆိပ်ကမ်းမြို့နယ်ရိပ်သာရပ်ကွက်မဲရုံ(၁)ရှေ့တွင်ဖြစ်သည်။
မဲရုံအပေါက်ဝရှေ့တည့်တည့်တွင် မဲပေးမည့်သူတချိဳ႕ မှတ်ပုံတင်ကိုင်ဆောင်ရင်းစောင့်ဆိုင်းနေကြသကဲ့သို့ အမတ်လောင်းတချို့၊ရွေးကောက်ပွဲစောင့်ကြည့်သူများနှင့် မီဒီယာအသီးသီးမှ သတင်းသမားများပါရောက်ရှိနေကြသည်။

မဲပေးသည့် လုပ်ငန်းစဉ်တစ်ခုလုံးအဆင်ပြေပြေပင် ဆက်လက်လုပ်ဆောင်ကြပြီးမဲရုံစဖွင့်ပြီး တစ်နာရီကျော်အကြာတွင်မဲရုံလုပ်ငန်းစဉ်တချို့နှင့်ပတ်သက်ပြီး အမတ်လောင်းတစ်ဦးက ဝေဖန်ခဲ့သည်။
မဲပေးသည့်လုပ်ငန်းစဉ်ကို စောင့်ကြည့်ရာတွင် အဆင်ပြေမှုမရှိကြောင်း ကန့်ကွက်သော်လည်း တိုင်းကော်မရှင်ရုံးက အဆင်ပြေစေရန် ဆောင်ရွက်ပေးခြင်း မရှိကြောင်းလည်း ၄င်းကပြောသည်။
သည့်နောက်ပိုင်း အချိန်များတွင်တော့ မဲပေးသည့်လုပ်ငန်းများ အဆင်ပြေပြေပင် ဆက်လက်လည်ပတ်နေသည်။

၈ နှစ်အတွင်းရွေးကောက်ပွဲ အရေအတွက် အတန်အသင့် ရှိလာပြီ ဖြစ်သော်လည်းမဲပေးသည့်နေ့ သတင်းယူနိုင်ခွင့် အခြေအနေမှာဂဏန်းမငြိမ်သေးပေ။

မဲပေးမည့် သမ္မတကိုမျှော်ကြသည်

၂ဝ၁ဝ မှစတင်ပြီးအထွေထွေရွေးကောက်ပွဲ ၂ ကြိမ်၊ ကြားဖြတ်ရွေးကောက်ပွဲ ၃ ကြိမ်ပြုလုပ်ခဲ့ပြီးဖြစ်သည်။

၂ဝ၁၈ ကြားဖြတ်ရွေးကောက်ပွဲကိုပြည်သူ့လွှတ်တော် ၄ နေရာ၊ အမျိုးသားလွှတ်တော် ၁ နေရာ၊ တိုင်းဒေသကြီးလွှတ်တော် ၇ နေရာနှင့် ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး ၁ နေရာအတွက် ကျင်းပခဲ့ခြင်းဖြစ်သည်။

အဆိုပါ လစ်လပ်မဲဆန္ဒနယ်၁၃ နေရာအတွက် တစ်သီးပုဂ္ဂလ နှင့် ပါတီ ၂၄ ခုမှ အမတ်လောင်း၆၉ ဦးဝင်ရောက်ယှဉ်ပြိုင်ကြသည်။
တာမွေ မဲဆန္ဒနယ်၊မဲရုံအမှတ်၃သည် အရောင်အသွေးစုံလင်သောကိစ္စများလည်းဖြစ်ပေါ်ခဲ့သည်။

ရန်ကုန်မှမဲရုံတစ်ခု၏မဲရေတွက်ချိန် မြင်ကွင်းတစ်ခု (ဓာတ်ပုံ - ဖြိုးသီဟချို/Myanmar Now)

မိုးလင်းကတည်းကသတင်းသမားများနှင့်ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူများသာမကဒေသခံတို့သည် “အခုလာနိုး၊ခဏနေရောက်နိုး”နှင့် လာမည်ဆိုသောသမ္မတကိုမျှော်နေကြသည်မှာမနက်စောစောမဲရုံဖွင့်ကတည်းက ဖြစ်သည်။တဖြည်းဖြည်း မြင့်တက်လာသောနေပူရှိန်အောက်တွင် လူအုပ်သည် ပိုပို၊ များများလာကာမောပန်းပူလောင်နေခြင်းကိုမေ့လျော့နေကြပုံပင်။

လူအုပ်ကြီးထဲရှိ အများစုမှာမဲပေးရန် စုဝေးနေခြင်းမဟုတ်ေပေ။ သမ္မတကိုမြင်လိုသဖြင့် ရောက်လာကြသူတချို့ ရှိသကဲ့သို့ အနယ်နယ် အရပ်ရပ်မိမိတို့ကြုံနေရသည်များကို စာရေးသားအသိပေးလိုကြသူများလည်း ရှိသည်။

သမ္မတလာရောက် မဲထည့်သည့် မိနစ်ပိုင်းအချိန်အတွင်းမိမိတို့ ဘဝအမောနာကျင်ခံစားရသည် များကိုတိုင်ကြားစာအဖြစ်ပေးလိုသူများနှင့် လှုပ်လှုပ်ရှားရှားပိုမိုအသက်ဝင်လာသည်။ စာအိတ်ပေါင်းရာဂဏန်းနီးပါးကိုတစ်ယောက်တည်းသယ်ယူလာသူများရှိလည်းရှိခဲ့သည်။မဲရုံအနီးရောက်ရှိနေသောမီဒီယာသမားများကလည်းသမ္မတကိုစောင့်စားရင်းသတင်းလုပ်ငန်းအတွက် အမေးအဖြေ ပြုလုပ်နေကြသဖြင့် ဆူညံနေကြတော့သည်။

ထိုသို့ စောင့်စားနေကြစဉ် တိုင်ကြားစာလက်ခံသည့် ယာယီဌာနတစ်ခုကိုမဲရုံအနီးဖွင့်လှစ်ပေးခဲ့သည်။  မွန်းလွဲနှစ်နာရီထိုးခါနီးအချိန်တွင်တော့ ကျားကွက်သစ်ရပ်ကွက်ရှိမဲရုံသို့ သမ္မတရောက်လာရာစောင့်စားနေသူအားလုံးလှုပ်လှုပ်ရှားရှား ဖြစ်သွားသည်။

သမ္မတမဲပေးမည့်မဲရုံအနီးအရေးပေါ်ဖွင့်လိုက်ရသည့်တိုင်ကြားစာလက်ခံရေးဌာန (ထိုက်နန္ဒာဝင်း/Myanmar Now)

ဆိပ်ကမ်းမြို့နယ်မှမဲရုံများနှင့် တာမွေရှိမဲရုံများကိုဝင်ရောက်လေ့လာသော အမေရိကန်သံအမတ် စကော့မာစီရယ်လ်ကရွေးကောက်ပွဲလုပ်ငန်းစဉ်များနှင့်ပတ်သက်ပြီးချီးကျူးခဲ့သည်။

လွတ်လပ်စွာမဲပေးနိုင်ခြင်း၊ မဲပေးသူစာရင်းတိကျကောင်းမွန်စွာလုပ်ဆောင်နိုင်ခြင်း၊ မီဒီယာသမားများလွတ်လပ်စွာလေ့လာနိုင်ခြင်းတို့ ရှိကြောင်း ၎င်းက မှတ်ချက်ပေးသည်။

ကန့်သတ်ခံရခြင်း

ရန်ကုန်အခြေစိုက်သတင်းထောက်တချို့ကဤရွေးကောက်ပွဲသည် ယခင်ရွေးကောက်ပွဲများထက် သတင်းရယူရာတွင် အနည်းအဆင်ပြေလာသည်ဟုသုံးသပ်သည်။
သို့သော် တခြားမြို့များတွင်မူလွတ်လပ်စွာသတင်းရယူခွင့်အတွက် အကြိတ်အနယ်တောင်းဆိုနေရဆဲဖြစ်သည်။အထူးသဖြင့် လက်နက်ကိုင်မဋိပက္ခ ရှိနေသောနယ်မြေများတွင် ထိုအခက်အခဲကိုရင်ဆိုင်နေရသည်။

အမျိုးသားလွှတ်တော်မဲဆန္ဒနယ်အတွက် ၂ဝ၁၈ ကြားဖြတ်ရွေးကောက်ပွဲ ပြုလုပ်သည့် မြစ်ကြီးနားမြို့နယ်တွင် သတင်းရယူခွင့်အတွက် ကန့်သတ်ချက်များရှိနေဆဲဖြစ်ကြောင်းမြစ်ကြီးနားအခြေစိုက် သတင်းထောက်တချို့က မှတ်ချက်ပေးသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်လာရောက်မဲထည့်မည့် မြစ်ကြီးနားမြို့နယ် ဧရာရပ်ကွက်ရှိမဲရုံ(၁)တွင် ဓာတ်ပုံနှင့်် ဗွီဒီယိုရိုက်ကူးခွင့်ရရှိရန်အတွက် အခြေအတင်ပြောခဲ့ရသည်ဟု၄င်းတို့က ရှင်းပြသည်။

ကြားဖြတ်ရွေးကောက်ပွဲများကို၂ဝ၁၂၊ ၂ဝ၁၇ တို့တွင်လည်းတွေ့ခဲ့ရပြီးယခုရွေးကောက်ပွဲသည် လစ်လပ် မဲဆန္ဒနယ်အနည်းဆုံး၊မဲပေးရန် ပျက်ကွက်သူအရေအတွက်အများဆုံးဖြစ်သည့် ရွေးကောက်ပွဲဖြစ်ကြောင်းစောင့်ကြည့့်သူများကခန့်မှန်းထားကြသည်။

ကော်မရှင်ကရွေးကောက်ပွဲသတင်းယူခြင်းဆိုင်ရာစည်းကမ်းများကိုထုတ်ပြန်ထားပြီးမဲရုံဝန်းကျင် သတင်းရယူခွင့်သည်မဲရုံတစ်ခုချင်းစီမှ မဲရုံမှူးတို့၏ ခွင့်ပြုချက်အပေါ်မူတည်နေသည်ဟုသတင်းသမားအများစုကမှတ်ချက်ပြုသည်။

ရှမ်းပြည်နယ်တောင်ပိုင်းလဲချားမြို့တွင်မဲရုံမှူးတို့၏ တားမြစ်ချက်ကြောင့်မဲရေသည်ကိုပင် ကြည့်ရှု့ခွင့်မရကြောင်းလားရှိုးအခြေစိုက် သတင်းသမားမမြတ်မိုးသူကပြောသည်။
“တိုင််းရင်းသားဒေသတွေမှာပွင့်လင်းမှုအားနည်းနေသေးတာတော့ အမှန်ပဲ” ဟု ၄င်းကပြောသည်။  

၄င်းတွေ့ခဲ့ရသည့် မဲရုံမှူးတချို့သည် မဲပေးခြင်းလုပ်ငန်းစဉ်များနှင့်ပတ်သက်ပြီး နှစ်ရက်ကြာသာလေ့လာခွင့်ရခဲ့ကြောင်းသိရသည်။

မြစ်ကြီးနားအခြေစိုက်သတင်းထောက်တစ်ယောက်ကမဲရုံမှူးတာဝန် ယူရမည့်သူတို့ကိုယခုထက်ပိုမို၍သင်တန်းပေးသင့်ပြီးမီဒီယာများနှင့်ပတ်သက်၍ တိကျသည့် လမ်းညွှန်မှုများချပေးထားသင့်ကြောင်း မှတ်ချက်ပေးသည်။

“အဓိကကမဲရုံမှူးတွေပဲဗျ။သူတို့ခွင့်ပြုရင် ဝင်ထွက်ခွင့်ရပြီး၊ သူတို့ခွင့်မပြုရင်မရဘူးဆိုတော့အဆင်မပြေဘူးလေ”ဟုမြစ်ကြီးနားအခြေစိုက်သတင်းထောက် ကိုဝေဖြိုးအောင်ကပြောသည်။
ရန်ကုန်၊ တာမွေတွင်မူယခင်ရွေးကောက်ပွဲများထက်သတင်းလွတ်လပ်ခွင့်ပိုမိုရရှိလာပြီးရွေးကောက်ပွဲကော်မရှင်မှ တာဝန်ရှိသူများ၊ မဲရုံမှူးများ၏ ပွင့်လင်းမြင်သာမှုမှာပိုမိုအားကောင်းလာသည်ဟုသတင်းယူကြသူတချို့ကယူဆကြသည်။

စောင့်ကြည့်သူများ

ရွေးကောက်ပွဲစောင့်ကြည့်သည့်အဖွဲ့များတွင်ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှုအဖွဲ့(PACE) နှင့် ဖန်တီးအိ်မ် တို့ကစောင့်ကြည့်သူ ၅၇၉ ဦးကိုမဲဆန္ဒနယ် အများအပြားတွင် တာဝန်ချထားခဲ့သည်။ စောင့်ကြည့်မှုများကိုအစီအရင်ခံစာထုတ်ပြန်ပြီးရွေးကောက်ပွဲစီမံခန့်ခွဲမှုတွင် အားနည်းချက်များရှိနေခြင်း၊ မသန်စွမ်းသူတို့ မဲပေးရာတွင် ပြေလည်စေရေးအတွက် ဆောင်ရွက်ထားမှု မရှိခြင်း၊ မဲပေးခြင်းအဆင့်တွင် လုပ်ထုံးလုပ်နည်းများအတိုင်းဆောင်ရွက်မှုမရှိခြင်းစသည်တို့ကိုထောက်ပြထားသည်။ မဲရုံတာဝန်ရှိသူတို့ကိုတိကျခိုင်မာသည့် လမ်းညွှန်ချက်များ၊ထိရောက်သည့်သင်ကြားမှုများပေးသင့်ကြောင်းလည်းထောက်ပြခဲ့သည်။

ယခုရွေးကောက်ပွဲ၏လွတ်လပ်မှုသည်ရာနှုန်းပြည့် မဟုတ်သော်လည်း၉ဝရာခိုင်နှုန်းကျော်ရှိသည်ဟုရွေးကောက်ပွဲပညာပေးရေးနှင့် စောင့်ကြည့်လေ့လာရေးမဟာမိတ်များအဖွဲ့(EEOP) ၏ အကြံပေးဒါရိုက်တာဒေါ်မြနန္ဒာသင်းကပြောသည်။

“ခြုံပြီးပြောရမယ်ဆိုရင်တော့ ၂ဝ၁၈ ကြားဖြတ်ရွေးကောက်ပွဲကလွတ်လပ်ပြီးတော့ တရားမျှတမှုရှိတဲ့ ရွေးကောက်ပွဲလို့တော့ ပြောလို့ရပါတယ်” ဟု ၄င်းက ဆိုသည်။
ရွေးကောက်ပွဲအလွန်ကာလကိုစောင့်ကြည့်ပြီးအစီအရင်ခံစာထုတ်ပြန်ဦးမည်ဟုသိရသည်။

ဆိပ်ကမ်းမြို့နယ်မဲဆန္ဒနယ်မြေတွင် လတ်တလောရလဒ်များအရပွင့်လင်းမှုရှိသည်ဟုဆိုနိုင်သည်။

မဲပေးခြင်းလုပ်ငန်းစဉ်များတစ်နေကုန်လုပ်ဆောင်ပြီးသည့်နောက် ညနေ ၄ နာရီထိုးသည်နှင့် ဆိပ်ကမ်းရိပ်သာ(၁) မဲရုံမှူးကမဲရုံပိတ်သိမ်းကြောင်းလက်ကိုင်အသံချဲ့စက်ဖြင့် ကြေညာသည်။
မဲရေတွက်ချိန်တွင် မီဒီယာများ၊ စောင့်ကြည့်လေလာသူများ၊ အမတ်လောင်းတို့၏ ကိုယ်စားလှယ်များဝင်ရောက်လေ့လာစောင့်ကြည့်နိုင်ခဲ့ပြီးဓာတ်ပုံ၊ ရုပ်သံရိုက်ကူးသူ သတင်းသမားအများအပြားက အွန်လိုင်းလူမှုကွန်ယက် Facebook တွင် တိုက်ရိုက်ထုတ်လွှင့််ကြကိုတွေ့ရသည်။

မဲရေတွက်မှုကိုအများမြင်သာအောင်လည်းအတတ်နိုင်ဆုံးဆောင်ရွက်ကြသည်။ မဲရလဒ်ကိုသက်ဆိုင်ရာအမတ်လောင်းတို့၏ အမည်အောက်တွင်  တစ်ပြိုင်တည်းရေးမှတ်ကြသည်။
မဲရေတွက်နေစဉ်ကာလအတွင်း စောင့်ကြည့်သူများ၏ မေးမြန်းမှုများနှင့် စောဒကတက်မှုများကိုလည်း မဲရုံမှူးကကြေလည်အောင် ညှိနိုင်းသွားသည်။

လေ့လာသူတို့ မဲရုံတံခါးမပိတ်ခင် မဲရုံအတွင်းသို့ဝင်ခွင့်ရောက်သည့်အချိိန်တွင် အမတ်လောင်းတစ်ဦး၏ ကိုယ်စားလှယ်ဟုယူဆရသူတစ်ယောက်ကမဲရုံအတွင်းမှ မီဒီယာသမားများနှင့် အခြားမသက်ဆိုင်သူများကို အပြင်ထွက်ခိုင်းရန် တောင်းဆိုသည်။

ပြဿနာတစ်စုံတစ်ခု ဖြစ်ခဲ့လျှင်မည်သူတာဝန်ယူမည်နည်းဟုမေးမြန်းရာတွင် မဲရုံမှူးဖြစ်သူဒေါ်ဥမ္မာ၏ အဖြေမှာ“ ကျွန်မတာဝန်ယူတယ် ” ဟူ၍ပင်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly