ထရမ့်နဲ့ စကားအခြေအတင် ဖြစ်ပြီးနောက် စီအင်န်အင်န် အိမ်ဖြူတော်သတင်းထောက်ကို အသိအမှတ်ပြုမှု ရုပ်သိမ်း

ထရမ့်နဲ့ စကားအခြေအတင် ဖြစ်ပြီးနောက် စီအင်န်အင်န် အိမ်ဖြူတော်သတင်းထောက်ကို အသိအမှတ်ပြုမှု ရုပ်သိမ်း

၀ါရှင်တန်၊ နိုဝင်ဘာ ၈ ။             ။ အိမ်ဖြူတော် သတင်းစာရှင်းလင်းပွဲတစ်ရပ်မှာ သမ္မတ ဒေါ်နယ်ထရမ့်နဲ့ သူတစ်ပြန်ကိုယ်တစ်ပြန် အခြေအတင်ဖြစ်ခဲ့တဲ့ စီအင်န်အင်န်က သတင်းထောက်ကို အိမ်ဖြူတော်သတင်းထောက်အဖြစ်မှ အသိအမှတ်ပြုထားတာကို ရုပ်သိမ်းလိုက်ပါတယ်။

“ဒီနေ့ဖြစ်တဲ့ ဖြစ်ရပ်ကြောင့် အိမ်ဖြူတော်အနေနဲ့ နောက်ထပ်ကြေညာချက် မထုတ်မချင်း စီအင်န်အင်န်သတင်းဌာနက သတင်းထောက်ကို အိမ်ဖြူတော်သတင်းထောက်အဖြစ် အသိအမှတ်ပြုထားတာကို ဆိုင်းငံ့ထားမှာ ဖြစ်တယ်။”လို့ အိမ်ဖြူတော် ပြောခွင့်ရအမျိုးသမီး ဆာရတ်ဆန်းဒါးစ်က တွစ်တာမှာ ရေးသားပါတယ်။

အိမ်ဖြူတော်ဆိုင်ရာ စီအင်န်အင်န်သတင်းထောက် အက်စကော့တာဟာ အိမ်ဖြူတော်ကနေ ထွက်သွားပြီးနောက်မှာ အထူးအေဂျင့်တစ်ဦးက သတင်းထောက်အသိအမှှတ်ပြု ကတ်ပြား ထားခဲ့ဖို့ တောင်းဆိုတဲ့ ဗီဒီယိုလည်း တွစ်တာပေါ် တင်ခဲ့ပါတယ်။

အိမ်ဖြူတော်အမြဲတမ်းသတင်းထောက်အဖြစ် အသိအမှတ်ပြုခံရတာဟာ သတင်းထောက်တွေထဲက ရွေးချယ်ခွင့်ပြုထားတာဖြစ်ပြီး အဲဒီလို အိမ်ဖြူတော် သတင်းထောက်ဖြစ်ပြီဆို အိမ်ဖြူတော်ထဲ တံခါးမရှိ ဓားမရှိ ဝင်ခွင့်ရပါတယ်။

သမ္မတရဲ့ နေ့စဉ်လုပ်ငန်းဆောင်တာအဝဝကိုလည်း သတင်းရေးသားခွင့် ရတာ ဖြစ်ပါတယ်။

နိုဝင်ဘာ ၆ ရက်မှာ ကျင်းပပြီးစီးတဲ့ သက်တမ်းဝက်ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး သမ္မတရဲ့ ခံယူချက်အပေါ် အဲဒီ သတင်းစာရှင်းလင်းပွဲမှာ စီအင်န်အင်န်သတင်းထောက် အက်စကော့တာက မေးမြန်းရာကနေ အခြေအတင် ဖြစ်လာတာပါ။

အက်စကော့တာရဲ့ မေးခွန်းတွေကို ထရမ့်က ဖြေကြားရင်း “တော်ပြီ။ နောက်လူအလှည့်။”လို့ ပြောဆိုတဲ့ ကြားက အက်စကော့တာဟာ အလျှော့မပေးဘဲ မေးခွန်းတွေ ဆက်လက်မေးမြန်းနေခဲ့တာကြောင့်် အခြေအတင်ဖြစ်ပါတော့တယ်။

အိမ်ဖြူတော် ဝန်ထမ်းအမျိုးသမီးတစ်ဦးက အက်စကော့တာလက်ထဲက မိုက်ကို လှမ်းယူပေမယ့် မပေးဘဲ ဒီသတင်းထောက်က ဆက်လက်မေးမြန်းနေခဲ့တာပါ။

ထရမ့်က အက်စကော့တာကို လူရမ်းကား၊ ကြောက်စရာကောင်းတယ်လူလို့ လက်ညိုးထိုး ပြောဆိုခဲ့ပါတယ်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly