နယူးယောက်မြို့မှာ မိတ်ကပ်ပညာရှင်အဖြစ် အလုပ်လုပ်ကိုင်လျက်ရှိတဲ့ ဂျပန်ဘုန်းကြီး

နယူးယောက်မြို့မှာ မိတ်ကပ်ပညာရှင်အဖြစ် အလုပ်လုပ်ကိုင်လျက်ရှိတဲ့ ဂျပန်ဘုန်းကြီး

နိုဝင်ဘာ ၈ ။          ။ ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ တိုကျိုဘုန်းကြီးကျောင်းမှာ ကြီးပြင်းခဲ့တဲ့ ကိုတို နီရှီမူရာဟာ ယခုအချိန်မှာတော့ အမေရိကမှာ နာမည်ကြီး မိတ်ကပ်ပညာရှင်တစ်ယောက်ဖြစ်နေပြီလို့ သိရပါတယ်။

ကိုတို နီရှီမူရာဟာ ၎င်းငယ်ငယ်ကတည်းက စိတ်ဝင်စားခဲ့တဲ့ မိတ်ကပ်ပညာကို လေ့လာသင်ယူဖို့ အမေရိကမှာ ပြောင်းရွှေ့နေထိုင်ခဲ့တာဖြစ်ပါတယ်။

“ငယ်ငယ်တုန်းကဆို အမေ့ရဲ့ Chanel အိုင်းရှဲဒိုးလ်ကိုယူပြီး မျက်နှာမှာလျှောက်ခြယ်တာ။ အရူးကျနေတာပဲ။ လူရွှင်တော်နဲ့တူတယ်။ အမေရိကမှာ ကျောင်းလာတက်တော့ သူလိုကိုယ်လို အကြိုက်တူတာလေးတွေတွေ့ရတယ်။ အသက် ၁၈ နှစ်မှာ အိုင်းလိုင်နာနဲ့ မျက်တောင်ကော့တဲ့ဟာ စဝယ်ခဲ့တယ်။”လို့ ကိုတို နီရှီမူရာကပြောပါတယ်။

၀ါသနာအလျောက် နယူးယောက် မိတ်ကပ်ပညာရှင်တစ်ယောက်ဆီမှာ လေ့လာသင်ယူရာကနေ ကိုတို နီရှီမူရာဟာလည်း မိတ်ကပ်ပညာရှင်တစ်ယောက်ဖြစ်လာပါတယ်။ ဂျပန်ပြန်တော့ ၎င်းရဲ့ မိဘတွေက ၎င်းရွေးချယ်ခဲ့တဲ့ အလုပ်အကိုင်နဲ့ ပတ်သက်ပြီး အားပေးခဲ့တယ်လို့ သိရပါတယ်။

“နယူးယောက်မှာ နေဖြစ်တာများတယ်။ ဂျပန်ကို တစ်နှစ် ၂ခေါက်လောက်ပြန်ဖြစ်တယ်။ နယူးယောက်မှာဆိုရင် မိတ်ကပ်ပညာရှင်၊ ဂျပန်မှာတော့ ဘုန်းကြီးပေါ့။ အဖေက တိုကျိုဘုန်းကြီးကျောင်းမှာ ကျောင်းထိုင်ဆရာတော်ဆိုတော့ သူ့ကို ကူစရာရှိတာကူပေးတယ်။ အသုဘချတာမျိုးတွေပေါ့။ ဒီလိုမျိုးလုပ်နေတာက ဘာသာရေးနဲ့ တခြားဘုန်းကြီးတွေကို စော်ကားသလိုများဖြစ်နေလားလို့ အစတုန်းက တွေးမိတယ်။ ဒါပေမယ့် တခြားဂျပန်ဘုန်းကြီးတွေလည်း အပြင်မှာ တခြားအလုပ်လုပ်နေကြတာပဲဆိုတော့ ပြဿနာတော့မရှိပါဘူး။”လို့ ကိုတို နီရှီမူရာကပြောပါတယ်။

“ဗုဒ္ဓဘာသာရဲ့ အဓိကအချက်ကတော့ ပျော်ရွှင်မှုကို ခံစားတတ်ဖို့ပဲလို့ ထင်ပါတယ်။ ကိုယ့်နှလုံးသားထဲမှာ ပျော်ရွှင်မှုကို ရှာတွေ့ပြီး အဲဒီပျော်ရွှင်မှုကို ပြန်မျှဝေပေးတဲ့သဘောမျိုးပါပဲ။ တခြားသူတွေကို ပိုလှသွားအောင် ပြင်ပေးတော့ သူတို့တွေလည်း စိတ်ချမ်းသာတယ်လေ။ အခုချိန်မှာတော့ ကိုယ်လုပ်ချင်တာလုပ်နေတာပဲ။ တစ်နေ့နေ့မှာတော့ အဖေ့ခြေရာလိုက်နင်းမလား။ ဘာဆက်လုပ်မလဲဆိုတာ သေချာဆုံးဖြတ်ရမှာပဲ။”လို့ ၎င်းက ဆက်ပြောပါတယ်။

အသက် ၂၉ နှစ်ရှိပြီဖြစ်တဲ့ ကိုတို နီရှီမူရာဟာ နယူးယောက်မှာ မိတ်ကပ်ပညာရှင်အဖြစ် အလုပ်လုပ်လျက် ရှိသလို ဂျပန်မှာလည်း ဘုန်းတော်ကြီးတစ်ပါးအနေနဲ့ နေထိုင်လျက်ရှိကြောင်း သိရှိရပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required