မုံရွာမြို့နယ်တွင် ရေနံချက်ဖိုတစ်ခု ပေါက်ကွဲမှု ဖြစ်ပွား၊တစ်ဦးသေဆုံး

မုံရွာမြို့နယ်တွင် ရေနံချက်ဖိုတစ်ခု ပေါက်ကွဲမှု ဖြစ်ပွား၊တစ်ဦးသေဆုံး

မုံရွာ ၊နိုဝင်ဘာ ၈ ။                  ။ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ် ၊ ကျောက္ကာမြောက်ရွာရှိ ရေနံချက်ဖိုတစ်ခုတွင် နိုဝင်ဘာ ၈ ရက် နံနက် ၉ နာရီခွဲအချိန်က သံဂဟေလုပ်သား(၃)ဦးမှ ရေနံဖိုချက်ဖိုအဟောင်း အောက်ခြေအား ဂတ်(စ်)မီးဖြင့် ဖြတ်တောက်စဉ် ဆီငွေ့များနှင့် ဂက်(စ်)မီးတို့ တွေ့ရှိပြီး ပေါက်ကွဲမှု ဖြစ်ပွား၍ သံဂဟေလုပ်သား တစ်ဦး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

 ရေနံချက်ဖိုအဟောင်း အောက်ခြေအား (၃)ပေခန့် ဖြတ်တောက်ပြီးစဉ် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး သေဆုံးခဲ့သည့် သံဂဟေလုပ်သားမှာ ပေါက်ကွဲမှုကြောင့် လူနှင့်အဝတ်အစားများအား မီးလောင်ကာ အနောက်ဖက်သို့ ပေ(၃၀) အကွာအဝေးကျော်အထိ လွင့်စင်သွားပြီး ပြန်အကျတွင် ယူဖိုးအိုင်သံဘင့်တန်းနှင့် ဆောက်မိ၍ ဦးခေါင်း နောက်စိ ပေါက်ပြဲ နဖူး/တံတောင်/ ခြေသလုံးစုတ်ပြဲ မီးလောင်ဒဏ်ရာများရရှိခဲ့ကာ ဆေးရုံသို့ပို့ဆောင်စဉ် လမ်းတွင် သေဆုံးခဲ့ကြောင်း သိရသည်။

 သေဆုံးသည့် အမျိုးသားမှာ ရန်ကုန်တိုင်းဒေသကြီး ဒေါပုံမြို့နယ်နေ အသက် (၃၁)ရွယ် ကိုဇေယျာမင်း ဆိုသူဖြစ်ပြီး သေဆုံးမှုနှင့် ပတ်သက်၍ ဓမ္မတာတိုင်းသေဆုံးခြင်း ဟုတ် မဟုတ် သိရှိနိုင်ရန် မုံရွာနယ်မြေ ရဲစခန်းတွင် သေမှုသေခင်းဖွင့်လှစ်ရန် စီစဉ်ထားကြောင်း သိရသည်။

အလားတူ နိုဝင်ဘာလ ၈ရက် နံနက် ၁၀ နာရီအချိန်က ကျောက္ကာရှိ ရေနံချက်ဖိုတစ်ခုတွင်လည်း ဆီချက်ကန် ပလပ်ပေါက်အဖုံးမှ ရေနံစိမ့်လျှံကျပြီး ချက်လုပ်သည့်မီးနှင့်တွေ့ဆုံ၍ မီးလောင်ကျွမ်းမှု တစ်ခုဖြစ်ပွားကာ မုံရွာမြို့နယ်မီးသတ်တပ်ဖွဲ့မှ ၅ မိနစ်ကြာ ငြိမ်းသတ်ခဲ့ရကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required