ခွေးတွေကို အင်ဥရှာတတ်အောင် လေ့ကျင့်သင်ကြားပေးနေတဲ့ အီတလီနည်းပြ

ခွေးတွေကို အင်ဥရှာတတ်အောင် လေ့ကျင့်သင်ကြားပေးနေတဲ့ အီတလီနည်းပြ

နိုဝင်ဘာ ၈ ။          ။ အီတလီနိုင်ငံအနောက်မြောက်ဘက်ခြမ်း၊ ရော့ဒ်တီပြည်နယ်မှာ ခွေးတွေကို အင်ဥရှာတတ်အောင် လေ့ကျင့်ပေးနေတဲ့ University of Truffle Dogs ဆိုတဲ့ ကျောင်းတစ်ကျောင်းရှိတယ်လို့ သိရပါတယ်။

ဂျိုဗာနီမွန်ချေရိုဟာ အဆိုပါကျောင်းကိုစီမံပြီး ခွေးတွေကို လေ့ကျင့်သင်ကြားပေးနေတဲ့ မန်နေဂျာ ဖြစ်ပါတယ်။

“ခွေးတွေကိုချစ်တတ်ရင် ခွေးတွေပိုတော်လာအောင် သင်ပေးတာမျိုးပေါ့။ ကျင်းလေးတစ်ကျင်းတူးပြီး အင်ဥထည့်ထားလိုက်မယ်။ စစချင်းမှာတော့ အဲဒီကျင်းရှိတဲ့နေရာကို ခွေးကိုပြထားရမှာပေါ့။ ပြီးရင် ခွေးကို ကျင်းတူးခိုင်း။ အချိန်ယူပြီးတော့ သင်ပေးရမယ်။”လို့ ဂျိုဗာနီမွန်ချေရိုက ပြောပါတယ်။

“ဆရာမွန်ချေရိုက ကျွန်တော့်ခွေးတွေကို လေ့ကျင့်ပေးနေတာ ဒီခွေးနဲ့ဆို ၃ကောင်မြောက်ရှိပြီ။ ခွေးဆီကနေ အစာလုပြီး ပြန်လိုက်ယူခိုင်းတာမဟုတ်ဘူး။ အင်ဥရှာတဲ့နည်းကို သင်ပေးတယ်။ ပြီးရင် ခွေးကို ဘီစကစ်မုန့် ပြန်ကျွေးတယ်။ ကျွန်တော့်ခွေးတွေဆို ၁၀၊ ၁၅၊ ၂၀ မီတာအကွာကနေပြီး အင်ဥကို အနံ့ခံတတ်နေပြီ။”လို့ ခွေးလေးရော်ကီရဲ့ ပိုင်ရှင်ဖြစ်သူ ဒေဂိုဂွါရယ်တိုက ပြောပါတယ်။

“ခွေးကို အင်ဥနဲ့ အရင်ဆုံးပေးဆော့တယ်။ အင်ဥမရှိရင်လည်း ဘောလုံးသေးသေးလေးတစ်လုံးပေါ်မှာ အင်ဥအနံ့ရှိတဲ့ ဆီလိမ်းလိုက်လို့ရတယ်။ ကျွန်တော်က အဲဒါကိုပစ်လိုက်ရင် ခွေးကလိုက်ဖမ်းပြီး ပြန်ယူလာမယ်။ ကျွန်တော်က သူ့ကိုဘီစကစ်တွေကျွေးတယ်။ နောက်ပြီးတော့ အင်ဥကို မြက်တွေကြားထဲ ပစ်ထည့်လိုက်ပြီး ခွေးကိုလိုက်ရှာခိုင်းတယ်။ သင်တန်းကြေးကတော့ ယူရိုငွေ ၄၀၀ ပါ။ တစ်ရက်ကို သုံးချိန်သင်ပေးတယ်။ သူတို့လေးတွေမောလာရင်တော့ တစ်နာရီ၊ နှစ်နာရီနဲ့ ပေးနားလိုက်တယ်။ သင်တန်းကာလက သုံးပတ်ကြာမြင့်ပါတယ်။”လို့ ဂျိုဗာနီမွန်ချေရိုက ၎င်းရဲ့ သင်ကြားနည်းကို ပြောပြပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required