သြစတြေးလျမှာ ရထားတစ်စင်း စက်ခေါင်းမောင်းသူ ပါမသွားဘဲ ကီလိုမီတာ ၉၀ အကွာအထိ ခုတ်မောင်းသွားတဲ့ ဖြစ်စဉ် ဖြစ်ပွား

သြစတြေးလျမှာ ရထားတစ်စင်း စက်ခေါင်းမောင်းသူ ပါမသွားဘဲ ကီလိုမီတာ ၉၀ အကွာအထိ ခုတ်မောင်းသွားတဲ့ ဖြစ်စဉ် ဖြစ်ပွား

နိုဝင်ဘာ ၇ ။           ။ သြစတြေးလျနိုင်ငံက သတ္တုတူးဖော်ရေး လုပ်ငန်းသုံး ရထားတစ်စင်း စက်ခေါင်းမောင်းသူ ပါမသွားဘဲ ကီလိုမီတာ ၉၀ အကွာအဝေးအထိ မောင်းနှင်လိမ့်ဆင်းသွားမှု ဖြစ်စဉ်တစ်ခု ဖြစ်ခဲ့လို့ ရထားကို ရပ်တန့်သွားအောင် အားချင်း ကြိုးပမ်းထိန်းချုပ်ခဲ့ရတယ်လို့ သိရပါတယ်။

သံထည် သတ္ထုအရိုင်းတွေ တနင့်တစ်ပိုး တင်ဆောင်ထားတဲ့ အဆိုပါ ရထားကြီးဟာ သြစတြေးလျ ကုန်းခေါင်ရေဝေး အရပ်မှာ စက်ခေါင်းမောင်း မပါဘဲနဲ့ တစ်နာရီ သာသာလောက် အရှိန်နဲ့ မောင်းနှင်သွားနေခဲ့ပြီးနောက် ယင်းကို လမ်းချော် ရပ်တန့်သွားအောင် တာဝန်ရှိသူတွေ ကြိုးပမ်းဆောင်ရွက်ခဲ့ရပါတယ်။

ကုန်တွဲပေါင်း ၂၆၈ ခု ပါတဲ့ ယင်းရထားရဲ့ ရထားစက်ခေါင်းမောင်းသူဟာ ရထားကို စစ်ဆေးဖို့ စက်ခေါင်းခန်းထဲကနေ အောက်ကိုဆင်းသွားချိန်မှာပဲ ရထားက
ရပ်မသွားဘဲနဲ့ သူ့အလိုလို  ဆက်သွားပြီး ယင်းနောက် တစ်နာရီကို ၆၈ မိုင်အထိယ အရှိန်တက်ပြီး ခုတ်မောင်းသွားနေခဲ့တာဖြစ်ပါတယ်။

ယင်းနောက် ယင်း ရထားကို ပိုင်တဲ့ သတ္ထုကုမ္ပဏီ BHP က ယင်းရထား Port Hedland မြို့ဆီ မရောက်ခင် လမ်းချော်သွားအောင် လုပ်ဖို့ ဆုံးဖြတ်ခဲ့ရပါတယ်။
ယင်းအတွက်ကြောင့် ရထားဟာ သံလမ်းတွေကို အရှိန်နဲ့  ပွတ်တိုက်ပြီး ရပ်ဆိုင်းသွားခဲ့တယ်လို့့ သိရပါတယ်။ ယင်းအတွက်ကြောင့် သံလမ်းအရှည် မီတာ
၁,၅၀၀ လောက်လည်း ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။

ယင်းဖြစ်စဉ်မှာ ထိခိုက်ဒဏ်ရာရသူတော့ မရှိခဲ့ဘူးလို့ သိရပါတယ်။ ယခုအခါ ယင်းဖြစ်စဉ်နဲ့ပတ်သက်လို့ သက်ဆိုင်ရာ အာဏာပိုင်တွေက စုံစမ်းစစ်ဆေးလျက် ရှိတယ်လို့ သိရပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly