ပေကျင်းမြို့ ဖိုရမ်တစ်ခုရဲ့ စင်မြင့်ထက်မှာ မစင်ဗူး ပြပြီး ဆွေးနွေးဟောပြောသွားတဲ့ ဘေလ်ဂိတ်

ပေကျင်းမြို့ ဖိုရမ်တစ်ခုရဲ့ စင်မြင့်ထက်မှာ မစင်ဗူး ပြပြီး ဆွေးနွေးဟောပြောသွားတဲ့ ဘေလ်ဂိတ်

နိုဝင်ဘာ ၇ ။            ။ မိုက်ခရိုဆော့ဖ် ကုမ္ပဏီ တည်ထောင်သူ နာမည်ကျော် သူဌေးကြီး ဘေလ်ဂိတ်ကတော့ ပေကျင်းမြို့မှာ ပြုလုပ်တဲ့ ဖိုရမ်တစ်ခုရဲ့ စကားပြော စင်မြင့်ထက်ကို တက်ရောက်လာစဉ် ထူးထူးခြားခြားပဲ မစင်ဗူးတစ်ဗူး ပြပြီး အနာဂတ် အိမ်သာတွေရဲ့ သန့်ရှင်းမှု အရေးကြီးတဲ့အကြောင်း ဆွေးနွေးပြောဆိုသွားခဲ့ပါတယ်။

ကမ္ဘာ့အချမ်းသာဆုံး သူဌေးကြီးတစ်ဦး ဖြစ်သလို တက်ကြွတဲ့ ပရဟိတ အလှူရှင်တစ်ဦးလည်း ဖြစ်တဲ့ သူဌေးကြီး ဘေလ်ဂိတ်ဟာ နိုဝင်ဘာ ၆ ရက်က အဆိုပါ ပေကျင်း ဖိုရမ်မှာ လူ့မစင် ထည့်ထားတဲ့ ဗူးတစ်ဗူးကို ပြပြီး အိမ်သာ တော်လှန်ရေး လုပ်ကြဖို့ ဆော်သြသွားခဲ့ပါတယ်။

ခုလိုမျိုး ဘေလ်ဂိတ် စင်မြင့်ပေါ်မှာ မစင်ဗူး ပြသမှုကတော့ လူအများ အံ့အားသင့်စရာ ဖြစ်ခဲ့ပေမယ့် ဒါဟာ ကမ္ဘာပေါ်က ဖွံ့ဖြိုးဆဲ နိုင်ငံတွေမှာ သန့်ရှင်းတဲ့ အိမ်သာ လုံလုံလောက်လောက် မရှိခြင်းကနေတဆင့် ဖြစ်နေရတဲ့ ကျန်းမာရေး ပြဿနာကို ၎င်းက မီးမောင်းထိုး ပြသခဲ့တာလည်း ဖြစ်ပါတယ်။

“ အိမ်သာ သန့်ရှင်းမှု မရှိတဲ့ ကမ္ဘာ့ နေရာတွေမှာ ဆိုရင် မစင်ကို နည်းလမ်းအမျိုးမျိုး ဖြစ်သလို စွန့်ပစ်နေကြရမှာပါ၊ ဒီတော့ ကလေးတွေ အပြင်တွေ ထွက်ဆော့တဲ့အခါမှာ ဒါတွေနဲ့ အချိန်မရွေး ထိတွေ့နိုင်ပါတယ်၊

ဒီကနေတဆင့် ရောဂါတွေ ကူးစက်ဖြစ်ပွားနိုင်ပါတယ်” ဆိုပြီး ဘေလ်ဂိတ်က ယင်း အခမ်းအနားမှာ တက်ရောက်လာသူတွေကို ပြောသွားပါတယ်။ ဘေလ်ဂိတ်ကတော့ ၎င်းရဲ့ ပိုင်ဆိုင်မှု တစ်ချို့တစ်ဝက်ကိုတော့ သန့်ရှင်းပြီး အဆင်ပြေတဲ့ အိမ်သာတွေ တည်ဆောက်နိုင်ရေး ပ့ံပိုးမှုအပိုင်းမှာ အသုံးပြုထားပါတယ်။

ဘေလ်နဲ့ မယ်လင်ဒါ ဂိတ် ဖောင်ဒေးရှင်းက ကျင်းပတဲ့ အဆိုပါ Reinvented Toilet Expo ပြပွဲမှာ သူဌေးကြီး ဘေလ်ဂိတ်က အထက်ပါအတိုင်း အိမ်သာတော်လှန်ရေး ကိစ္စကို တိုက်တွန်းသွားတာဖြစ်ပါတယ်။

ယင်း ပြပွဲကတော့ ရောဂါပိုးမွှားတွေကို ကာကွယ်နိုင်ပြီး သန့်ရှင်းတဲ့ အိမ်သာ နည်းပညာတွေကို ခင်းကျင်းပြသမိတ်ဆက်တဲ့ ပွဲတစ်ခုလည်း ဖြစ်ပါတယ်။ တပ်ဆင်ရ လွယ်ကူပြီး အဖိုးနှုန်း သက်သာတဲ့ အိမ်သာ နည်းပညာတွေကို ယင်းပွဲမှာ  ပြသထားခဲ့ပါတယ်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly