ကောင်ကင်စတီးကြိုးစီးနိုင်မည့် ကစားကွင်းသစ် ရန်ကုန်တိရစ္ဆာန်ဥယျာဉ်တွင် တည်ဆောက်နေ

ကောင်ကင်စတီးကြိုးစီးနိုင်မည့် ကစားကွင်းသစ် ရန်ကုန်တိရစ္ဆာန်ဥယျာဉ်တွင် တည်ဆောက်နေ
ဓာတ်ပုံ- ရဲနိုင်(လောက်ကိုင်)

ရန်ကုန်၊ နိုဝင်ဘာလ ၇ ။            ။ ရန်ကုန်တိရစ္ဆာန်ဥယျာဉ်အတွင်း အများပြည်သူ အပန်းဖြေကစားနိုင်ရန် ကောင်ကင်စတီးကြိုးဖြင့် နှစ်ယောက် စီးနိုင်သည့် ကစားနည်း၊ အမြင့်ခုန်ကစားနည်းနှင့် တောင်တက်ကစားနည်းများ ပါဝင်သော ကစားကွင်းအသစ် တစ်ခုအား စတင် တည်ဆောက်လျက်ရှိသည်။

" ကျွန်တော်တို့က တိရစ္ဆာန်ရုံမဟုတ်ပါဘူး။ တိရစ္ဆာန်ဥယျာဉ် ဖြစ်တဲ့အတွက်ကြောင့်မို့လို့ တိရစ္ဆာန်တွေကို မွေးမြူ ပြသထားသလို နိုင်ငံတကာအဆင့်မီ နိုင်ငံတကာ ဥယျာဉ်တွေထဲမှာ ရှိတယ်ဆိုတဲ့ဟာလေးတွေကိုလည်း ကျွန်တော်တို့ ဒီအထဲမှာထပ်ပြီး ဖြည့်စွက်တဲ့သဘောပါ။  လာရောက်လည်ပတ်သူတွေ စိတ်ကျေနပ်မှုရှိစေဖို့ အပန်းဖြေနိုင်ဖို့အတွက် ကျွန်တော်တို့ ဆောင်ရွက်ချင်တဲ့ အစိတ်အပိုင်းလေးတစ်ခုပါ"ဟု ရန်ကုန်တိရစ္ဆာန် ဥယျာဉ်မှ အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင်က မဇ္စျိမသို့ ပြောသည်။

အဆိုပါ ကစားနည်းများပါဝင်သည့် ကစားကွင်းအသစ်အား ပြီးခဲ့သည့် အောက်တိုဘာလအတွင်း စတင် အကောင်အထည်ဖော် တည်ဆောက်နေခြင်းဖြစ်သည်။

" လုံခြုံမှုပိုင်းနဲ့ ပတ်သက်လို့ Zip Line (ကောင်ကင်စတီးကြိုးဖြင့် နှစ်ယောက် စီးနိုင်သည့် ကစားနည်း) ပြီးသွား ရင် မူးလဲတတ်တဲ့သူတွေ၊ ဝက်ရူးပြန်ရောဂါဖြစ်တတ်တဲ့သူတွေစသဖြင့် နောက် ကိုယ်ဝန်ဆောင်တွေ အဲ့ဒီလို လူတွေကို မစီးဖို့အတွက် တားမြစ်တဲ့ သတိပေးဆိုင်းဘုတ်တွေ တပ်ထားမယ်။ နောက်သူတို့ (ကစားမည့် သူများ) ကို ကျွမ်းကျင်သူတွေနဲ့ တာဝါထဲမှာပဲ လေ့ကျင့်ပေးဦးမယ်။ လေ့ကျင့်ပြီးတော့မှ ဝတ်စုံပြည့်နဲ့ အဆင်သင့်ဖြစ်ပြီးဆိုတော့မှ ဒီကစားစင်ပေါ်တင်ပေးလိုက်မှာ ဖြစ်ပါတယ်"ဟု ရန်ကုန်တိရစ္ဆာန်ဥယျာဉ်မှ အထွေထွေ မန်နေဂျာ ဦးသန်းစိုးအေးက ပြောသည်။

ထို့အပြင် အရက်သေစာသောက်စားထားသူများ၊ မူးယစ်စေသည့်အရာ သုံးစွဲထားသူများ၊ စိတ်ကျန်းမာရေးချို့တဲ့သူများနှင့် နှလုံး၊ သွေးတိုး၊ ဆီးချို၊ နာတာရှည်၊ အရိုးအသစ်ရောဂါရှိသူများအား အဆိုပါ ကစားနည်းသုံး မျိုးတွင်  ကစားခွင့်ပြုမည် မဟုတ်ဘဲ ကစားမည့်သူများကိုလည်း ကိုယ်အလေးချိန်  ၇၅ ပေါင်မှ ပေါင် ၂၄ဝ အတွင်းသာ ခွင့်ပြုသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကစားကွင်းအသစ်အား လာမည့် ၂ဝ၁၉ ခုနှစ်၊ ဇန်နဝါရီလ၊ ဒုတိယအပတ်တွင် စတင်ဖွင့်လှစ်နိုင်ရန် မျှော်မှန်းထားကြောင်း ဦးသန်းစိုးအောင် ပြောပြချက်အရ သိရသည်။

မြေနေရာ  ၅၇ ဧကကျော် ကျယ်ဝန်းသည့် ရန်ကုန်တိရစ္ဆာန်ဥယျာဉ်အတွင်း မွေးမြူပြသထားသည့် တိရစ္ဆာန်မျိုး စိတ်ပေါင်း ၁၃၃ မျိုးနှင့်  အကောင်ရေ  စုစုပေါင်း ၁၄ဝဝ ကျော်ရှိကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly