တစ်ဘာသာကျ၊ တစ်ဘာသာ ပြန်ဖြေခွင့်ကို နယ်ရှိ TU ကျောင်းများတွင် ရရှိနိုင်ရန် မျှော်လင့်ထားဟုဆို

တစ်ဘာသာကျ၊ တစ်ဘာသာ ပြန်ဖြေခွင့်ကို နယ်ရှိ TU ကျောင်းများတွင် ရရှိနိုင်ရန် မျှော်လင့်ထားဟုဆို
အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်း

နေပြည်တော်၊ နိုဝင်ဘာ ၇ ။          ။ နယ်များရှိ နည်းပညာတက္ကသိုလ်ကျောင်းများတွင် တစ်ဘာသာကျရှုံး တစ်ဘာသာ ပြန်လည်ဖြေဆိုခွင့်ကို ရရှိနိုင်ရန် မျှော်လင့်ထားသည်ဟု လားရှိုးနည်းပညာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဥက္ကဌ စိုင်းကျော်ဇောအောင်က ပြောသည်။

“ရနိုင်မယ်လို့တော့ ကျွန်တော်က မျှော်လင့်ထားတယ်။ အကယ်၍ လူကြီးဘက်က မပေးနိုင်တဲ့ အခြေအနေရှိလာခဲ့ရင်လည်း ကျွန်တေ်ာတို့က ရနိုင်အောင် ကြိုးစားသွားမယ်။ပြီးရင် နောက်တစ်ခုက လူထုက ဘာလို့လဲဆို TU အများစုမှာ တက်နေကြတဲ့ လူထုက သာမာန်ဆင်းရဲသား၊ ဒါမှမဟုတ် သာမန်လူလတ်တန်းစား မိဘပြည်သူက ပေါက်ဖွားလာတဲ့ ကျောင်းသားအများစု ဖြစ်နေတယ်။ ဟိုဘက်ကျောင်းတွေမှာ ဒီဝန်ကြီးတွေ ၊ ဒါမှမဟုတ် လူကြီးတွေရဲ့သားသမီးတွေ တက်နေလို့ အခွင့်အရေးပိုပေးနေတာလား။ ဒါဆိုလို့ရှိရင်တော့ ဒီပြသာနာကို ကျွန်တော်တို့ လူထုရှေ့မှာ ဒါချပြသွားမှာ ဖြစ်တယ်။ မိဘပြည်သူတွေသိပေးပြီးတော့ အတူတူ ဆက်လက်တောင်းဆိုရအောင် ဆက်လက်လုပ်ဆောင်သွားမှာ ဖြစ်တယ်”ဟု ၄င်းကပြောသည်။

နိုဝင်ဘာလ ၆ ရက်နေ့က နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာနတွင်  အဆင့်မြင့်ပညာဦးစီးဌာနညွှန်ကြားရေးမှူးချုပ်  ဒေါက်တာသိန်းဝင်း၊ ဒုညွှန်ကြားရေးမှူးချုပ် ဒေါက်တာအောင်အောင်မင်းနှင့် မန္တလေး၊ပခုက္ကူ၊ ပြည်၊ ရမည်းသင်း၊ တောင်ငူ၊ မှော်ဘီ၊ လားရှိုး၊ ထားဝယ်၊ မြိတ် နည်းပညာတက္ကသိုလ်များမှ ကျောင်းသားသမဂ္ဂများမှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးပွဲအပြီးတွင် စိုင်းကျော်ဇောအောင်က ပြောခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် YTU ရန်ကုန်နည်းပညာတက္ကသိုလ်နှင့် MTU မန္တလေးနည်းပညာတက္ကသိုလ်များတွင်သာ အဆိုပါ တစ်ဘာသာကျရှုံး၊တစ်ဘာသာ ပြန်ဖြေရသည့်စနစ်ကို ကျင့်သုံးနေပြီး အခြားကျောင်းများတွင် ၄င်းစနစ်ကို ကျင့်သုံးခြင်း ရှိမနေသည့် အတွက် ဆွေးနွေးပွဲတွင် တောင်းဆိုခဲ့ခြင်းဖြစ်သ၄င်းကပြောကြားသည်။

အဆိုပါပြန်လည်ဖြေဆိုခွင့်နှင့် ပတ်သတ်ပြီး သက်ဆိုင်ရာနည်းပညာတက္ကသိုလ်ကျောင်းများမှ  ပါမောက္ခချုပ်များ၊ ပါမောက္ခများနှင့် ဆွေးနွေးပြီး ပြန်လည်ညှိုနှိုင်းဆောင်ရွက်ပေးသွားမည်ဟု အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်းကပြောသည်။

“စာမေးပွဲတွေ ဖြေတယ်။ ဖြေပြီးသွားရင် ကျလို့ရှိရင် Re Exam ပြန်ဖြေဆိုခွင့်တောင်းတယ်။ အဲ့့အတွက် ကျွန်တော်တို့က ဒီသက်ဆိုင်ရာ BOS ဘာသာရပ် Board of study ပေါ့ ဘာသာရပ် အုပ်ချုပ်ရေး အဖွဲ့တွေနဲ့ ပြန်ဆွေးနွေး၊ ဘာသာရပ်အဖွဲ့တွေက ဒီသက်ဆိုင်ရာ ကျောင်းရဲ့ ပါချုပ်တွေပါမယ်၊ ပါမောက(ခ)တွေပါမယ်။ အဲ့သူတို့ရဲ့ အများသဘောတူ ဆောင်ရွက်ချက်ကို  ကျွန်တော်တို့ဆီ ပြန်တင်ပြရင် ကျွန်တော်တို့က Re Exam ဖြေဆိုခွင့်ကို ဒီအထက် အဖွဲ့အစည်းတွေ အဆင့်ဆင့်ကိုတင်ပြပြီးတော့ ဒီ သူတို့ရဲ့ တောင်းဆိုခွင့်ရမယ် မရဘူးကို ပြန်ညှိနှိုင်းဆောင်ရွက်ပေးမှာ”ဟု ၄င်းကပြောသည်။

လက်ရှိတွင်  နယ်များရှိ နည်းပညာတက္ကသိုလ်ကျောင်းများတွင် တစ်ဘာသာ ကျရှုံးသည့် ကျောင်းသား၊ ကျောင်းသူများသည် အဆိုပါ တစ်ဘာသာအတွက် နောက်ထပ် တစ်နှစ် ပြန်လည် တက်ရောက်ဖြေဆိုရသည့်အတွက် ကျောင်းတက်နှစ် တစ်နှစ် နစ်နာမှုများရှိနေကြာင်း စိုင်းကျော်ဇောအောင်က ဆက်လက်ပြောသည်။

“ ကျွန်တော်မျှော်လင့်တာကတော့ အကုန်လုံးရလေ ကောင်းလေပဲ။ အကုန်လုံး တန်းတူညီမျှမှု တစ်နိုင်ငံလုံးတန်းတူ ညီမျှမှု ကျွန်တော်တို့သွားကြတာဖြစ်တယ်။ အခုဟာက ကျွန်တော်တို့ နည်းပညာကျောင်းတွေပဲ လာတယ်ဆိုပေမယ့် ကျွန်တော်တို့နည်းပညာကျောင်းတွေအတွက်လာတာမဟုတ်ဘူး အကုန်လုံးဖြစ်ချင်တာကတော့ ဒီတစ်နို်င်ငံလုံးရရင် ပိုကောင်းလေပဲ။ အများအတွက်နဲ့ ကျွန်တော်တို့လာကြတာဖြစ်တယ်”ဟု ၄င်းကဆက်လက်ပြောကြားသည်။

နည်းပညာတက္ကသိုလ်ကျောင်းသားများနှင့် ပညာရေးဝန်ကြီးဌာနတွေ့ဆုံရာမှာတော့ တောင်းဆိုချက်များ အတိုင်းစိတ်ကျေနပ်လောက်ထိရရှိခဲ့သည်များရှိသလို၊ စိတ်ကျေနပ်မှုမရှိလောက်သည့် အချက်များလည်းရှိခဲ့ကြောင်း စိုင်းကျော်ဇောအောင်က ပြောသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required