"ဘာသာရေးကို ရောင်းဖို့ကြိုးစားရင် ပြဿနာတက်မယ်" (အင်တာဗျူး)

"ဘာသာရေးကို ရောင်းဖို့ကြိုးစားရင် ပြဿနာတက်မယ်" (အင်တာဗျူး)

ပြဿနာဖြစ်စေသည့် လုပ်ရပ်ကိုရှောင်ရှားကြရန် ဟိန္ဒူခေါင်းဆောင်တစ်ဦးဖြစ်သည့် ဒေါက်တာလှထွန်းက တိုက်တွန်းလိုက်သည်

နိုင်ငံတော် ပရိယတ္တိသာသနတက္ကသိုလ်၊ ပါမောက္ခ တွဲဘက် တာဝန်မှူး ဒေါက်တာလှထွန်းသည် ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးလှုပ်ရှားမှုတွင် ပါဝင် ဆောင်ရွက်နေသူလည်းဖြစ်သည်။
မကြာသေးမီက Myanmar Now နှင့် တွေ့ဆုံစဉ် သနန္တနဓမ္မပါလ (ဟိန္ဒူ)အဖွဲ့ချုပ်၏ သာသနာပြု အကျိုးတော်ဆောင်ဒေါက်တာလှထွန်းကဘာသာရေး၊ သဟဇာတဖြစ်မှုတို့အကြောင်း ပြောပြထားသည်။

မေး - ဘာသာရေးပဋိပက္ခ ပေါ်ပေါက်မလာရေးအတွက် ဘာတွေ  ဆောင်ရွက်သင့်သလဲ

ဖြေ - ဗုဒ္ဓဘာသာသည် ဒီတိုင်းပြည်ရဲ့ ဘာသာဖြစ်တယ်။ လူဦးရေအရလည်းများတယ်။ တိုင်းပြည်မှာသဟဇာတ ဖြစ်ပြီးသွားနေရင်တော့ ဘာပြဿနာမှမရှိဘူး။ သဟဇာတရှိရှိနဲ့ နေလာခဲ့လို့ပဲဒီလောက် ဘာသာရေးအဆောက်အဦတွေရှိတယ်။ လူမျိုးအနေနဲ့ တစ်ခါတလေအခွင့်အရေးတွေလိုလာတယ်၊ပြောလာတယ်၊တိုက်တွန်းလာတဲ့ အခါမှာအဲဒီအပေါ်မှာပြဿနာဖြစ်တာများတယ်၊ဘာသာရေးအနေနဲ့ ဘာမှ ပြဿနာမရှိဘူး။
မြန်မာနိုင်ငံမှာခရစ်ယာန် Church တွေ (ဘုရားကျောင်းတွေ) က အများကြီး။ဒီဘုရားကျောင်းတွေကကိုလိုနီခေတ်မှ ဖြစ်သွားတာများတယ်။ ဗလီတွေ၊ဘာတွေလည်းဆောက်လာတာပဲ။ မြို့တိုင်းမှာဗလီတွေရှိတယ်။ သဟဇာတမဖြစ်ဘူးဆိုရင် ဘယ်သူမှ ပေးမဆောက်ဘူး။ တစ်ယောက်နဲ့တစ်ယောက် ရိုသေလို့ လေးစားလို့ အပြန်အလှန်လေးစားမှုရှိလို့ ဘာပြဿနာမှ မရှိခဲ့ဘူး။ ခုခေတ်မှာတော့ ဒါကိုအကြောင်းပြပြီးတော့ စကားများလာတာတို့၊အနိုင်ကျင့်လာတာတို့ဖြစ်လာတာ။ ဘာသာရေးကအဓိကမဟုတ်ဘူး။ စိတ်ချမ်းသာဖို့၊ကိုယ်ယုံကြည်မှုအရဘဝရဲ့ပန်းတိုင်ကိုသွားဖို့ လူတိုင်းသူ့ဘာသာနဲ့ သူသွားနေကြတာပဲ။ သွားလည်းသွားသင့်တယ်။ ကိုယ့်ရဲ့ယုံကြည်မှုနဲ့ ဆိုင်တယ်။ သို့သော်လည်းဘာသာကိုခုတုံးလုပ်ပြီးလုပ်တာတော့ မကောင်းဘူးပေါ့။

စစ်အစိုးရအုပ်ချုပ်နေတဲ့ အချိန်မှာအားလုံးကသူ့ဟာနဲ့ သူသွားနေကြတာကိုဘာမှ ပြဿနာမရှိသေးဘူး။ ခုမှ ဒီမိုကရေစီခေတ်ရောက်လာတဲ့ အခါမှာ နိုင်ငံတကာကလည်းလူ့အခွင့်အရေးတို့ ဘာတို့ ညာတို့ အဲဒီလိုလုပ်ပြီးတော့ တွန်းအားပေးလာတော့ အဲဒီအပေါ်မှာနည်းနည်းလေးပေါ့၊နဂိုပုံစံလိုမဟုတ်တော့ဘူးပေါ့၊အဲဒီလိုတော့ ကျွန်တော်မြင်တယ်။

မေး - ကိုယ့်ရဲ့ ကိုးကွယ်ယုံကြည်မှုဟာကိုယ်နေထိုင်တဲ့ နိုင်ငံပေါ် ဘယ်လိုလွှမ်းမိုးမှုတွေရှိသလဲ။
ဖြေ - ဒီနိုင်ငံမှာနေတယ်။ ကျွန်တော်လည်းဒီနိုင်ငံမှာပဲမွေးတယ်။ ကျွန်တော့် ဘိုးစဉ်ဘောင်ဆက်ကလည်းဒီမှာမွေးခဲ့တာပဲ။ ကျွန်တော့် သာရေး၊နာရေးသည် ဒီတိုင်းပြည်နဲ့ ဆိုင်သလိုတိုင်းပြည်ရဲ့သာရေးနာရေးသည်လည်း ကျွန်တော်နဲ့ဆိုင်တယ်။ တစ်နိုင်တစ်ပိုင် အဲဒီထဲမှာ ကျွန်တော်သည် တိုင်းသူပြည်သားတစ်ယောက် အနေနဲ့ မဖြစ်မနေပါဝင်ရမယ်။ နို်င်ငံတော်ရဲ့ အထင်ကရဖြစ်တဲ့ လေးစားရမယ့်၊ရိုသေရမယ့် နိုင်ငံတော် အလံရှိတယ်။ နိုင်ငံတော် သီချင်းရှိတယ်။ အားလုံးကိုလေးစားရမယ်။ ဒါကိုအသက်ပေးပြီးတော့ ကာကွယ်ရမယ်ဆိုရင်လည်း ကာကွယ်ရမယ်၊ဒီတိုင်းပြည်မှာမွေးဖွားလာတဲ့ လူတိုင်းနိုင်ငံတော် ကိစ္စကိုတော့ လုပ်ရမယ်။
ဘာသာတရားသည် ကိုယ့်ရဲ့စိတ်ချမ်းသာမှုနဲ့ ဆိုင်တယ်။

မေး - ဘာသာရေးပဋိပက္ခတွေဟာလှုံ့ဆော်မှုတွေကြောင့်လို့ ယူဆနိုင်သလား။
ဖြေ - နိုင်ငံတကာကပြောသွားတဲ့ အပေါ်ကို ကျွန်တော်တို့ လိုက်လုပ်နေရမယ်ဆိုရင် မလုပ်သင့်ဘူး။ တိုင်းပြည်မှာကိုယ့်ရဲ့ တိုင်းပြည်အစဉ်အလာ၊လုပ်ထုံးလုပ်နည်းတွေရှိတယ်၊အဲဒီဘောင်ထဲကပဲသွားရမယ်။ ကျွန်တော်တို့ ရဟန်း၊သံဃာတွေကိုဆွမ်းကပ်တယ်။ ကျွန်တော်တို့ နှစ်စဉ် နှစ်တိုင်းဝါဆိုသင်္ကန်းကပ်တယ်။ ဟိုဘက်ကလာပြောလို့မဟုတ်ဘူး၊ကျွန်တော်တို့ ရိုးရာလေ၊ကျွန်တော်တို့ ယဉ်ကျေးမှုလေ။အစ္စလာမ်ဘာသာမှာလည်းရှိတာပဲ။ ဒီလိုုလုပ်ခြင်းသည် ကျွန်တော်တို့ အချင်းချင်းမှာသဟဇာတဖြစ်တယ်။
ကျွန်တော်တို့ တိုင်းပြည်မှာသမိုင်းကိုကြည့်ရင် ဘာသာရေးပဋိပက္ခဆိုတာမရှိခဲ့ဘူး။ လူမျိုးရေးတစ်နေရာမှာဖြစ်ရင် ဖြစ်သွားလိမ့်မယ်။ စီးပွားရေးကြောင့် ဖြစ်ရင် ဖြစ်သွားလိမ့်မယ်။

မေး - ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးအတွက် ဘာတွေ ဆောင်ရွက်ဖို့ လိုမယ်ထင်ပါသလဲ။
ဖြေ - မြန်မာပြည်မှာတော့ ဘာသာပေါင်းစုံအချင်းချင်းတွေ့ဆုံတာတို့၊ဟောပြောပွဲလုပ်တာတို့၊ဘာသာပေါင်းစုံနဲ့ ပတ်သက်ပြီးသင်ကြားပို့ချတာတို့ ရှိရင်ပိုကောင်းမယ်။ မြန်မာနိုင်ငံမှာဘာဖြစ်နေသလဲဆိုတော့ ဟိန္ဒူက ဟိန္ဒူအကြောင်းပဲသိတယ်။ အစ္စလာမ်အကြောင်းကိုမသိဘူး။ အစ္စလာမ်ကလည်းအစ္စလာမ်အကြောင်းပဲသိတယ်။
ဗုဒ္ဓဘာသာကလည်းဗုဒ္ဓဘာသာအကြောင်းပဲသိတယ်။ ခရစ်ယာန်ဘာသာအကြောင်းကိုမသိဘူး။ ဘာသာပေါင်းစုံရှိနေတယ်။ လူတိုင်းကဘာသာပေါင်းစုံနဲ့ ပတ်သက်ပြီးတော့ အနည်းငယ် သိကိုသိရမယ်၊အခြေခံတော့ သိထားသင့်တယ်။ သိမှသာလျှင် တစ်ယောက်နဲ့တစ်ယောက် ဆက်ဆံတဲ့ အခါမှာ၊ သွားလာတဲ့ အချိန်မှာအဆင်ပြေမယ်။ (စာသင်ကျောင်းမှာ) မူလတန်းအဆင့်ကနေနည်းနည်းချင်းသင်သွားသင့်တယ်။

မေး - ဘာသာပေါင်းစုံညီညွတ်ရေးအတွက် ဘယ်လိုအခြေခံတွေ လိုအပ်ပါသလဲ။
ဖြေ - ဘာသာတရားဆိုတာရောင်းလို့ရတာမဟုတ်ဘူး။ ဘာသာရေးကိုရောင်းဖို့ ကြိုးစားရင်ပြဿနာတက်မယ်၊ဒါကပြဿနာကိုဖြစ်စေတဲ့ လုပ်ရပ်တွေ၊အဲဒါကိုရှောင်ရမယ်။ ဥပမာပေါ့ဗျာကျွန်တော့် ပစ္စည်းကောင်းတယ်လို့ ပြောလာပြီဆိုရင် ခင်ဗျားပစ္စည်းကမကောင်းဘူးလို့ ဆိုလိုရာရောက်နေပြီ၊ ငါ့ဘာသာပဲကောင်းတယ်၊မင်းဘာသာမကောင်းဘူးပေါ့။ ဒါဟာပြဿနာကိုဖန်တီးတာ။ ကိုယ့်ဘာသာတရားနဲ့ ကိုယ်ရပ်တည်နေတာကဘာပြဿနာမှ မဖြစ်ဘူး။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly