၁၃ နှစ်အရွယ်အိမ်အကူအား မီးပူနှင့်ကပ်၊ ဓားဖြင့်မွှန်းကာ နှိပ်စက်ခဲ့သည့်အိမ်ရှင်ကို အမှုဖွင့်

၁၃ နှစ်အရွယ်အိမ်အကူအား မီးပူနှင့်ကပ်၊ ဓားဖြင့်မွှန်းကာ နှိပ်စက်ခဲ့သည့်အိမ်ရှင်ကို အမှုဖွင့်
ဓာတ်ပုံ-MOI

ရန်ကုန်၊ နိုဝင်ဘာလ ၆ ။           ။ ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ ၂ ရပ်ကွက်၊ ချယ်ရီလမ်း၊ အမှတ် ၁၃ဝ၊ ဒုတိယထပ်တွင် အိမ်အကူလုပ်ကိုင်နေ သည့် အသက် ၁၃ နှစ်အရွယ် မိန်းကလေးအား မီးပူနှင့်ကပ်၊ ဓားဖြင့်မွှန်းကာ နှိပ်စက်ခဲ့သော အိမ်ရှင်ဖြစ်သူကို အမှုဖွင့်အရေးယူထားပြီဖြစ်ကြောင်း သိရသည်။

အိမ်အကူ မိန်းကလေးငယ်အား ညှင်းပန်းနှိပ်စက်သူမှာ အသက် ၃၃ နှစ်အရွယ်ရှိသည့် အိမ်ရှင်ဖြစ်သူ မသိင်္ဂီ ထွန်းဖြစ်ပြီး နိုဝင်ဘာလ ၅ ရက်၊  မွန်းလွဲ ၁ နာရီ၊ ၄၅ မိနစ်အချိန်တွင် မရမ်းကုန်းမြို့နယ်၊ ၂ ရပ်ကွက်မှ ရာအိမ်မှူး ဦးဆန်းကိုကိုက သတင်းအရ သွားရောက်စစ်ဆေးခဲ့ရာမှ ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။

မေးမြန်းချက်အရ နှိပ်စက်ခြင်းခံထားရသည့် အိမ်အကူမိန်းကလေးငယ်၏ မျက်နှာရှိ ဖူးရောင်ဒဏ်ရာမှာ နိုဝင်ဘာ လ ၅ ရက်နေ့က မသိင်္ဂီထွန်းက ခြေထောက်ဖြင့်ကန်၍ ရရှိခဲ့သည့် ဒဏ်ရာဖြစ်ပြီး ယာဒူးတွင် ရရှိထားသော ညိုမဲဒဏ်ရာဟောင်းမှာ လွန်ခဲ့သော ၁ နှစ်ခန့်က မသိင်္ဂီထွန်းက မီးပူနှင့်ကပ်၍ ရရှိထားသော ဒဏ်ရာဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်တွင်ပါရှိသည်။

မိန်းကလေးငယ်၏ ဝဲ/ယာလက်မောင်းနှင့် ဝဲယာလက်ကောက်ဝတ်များအနီး ရရှိထားသော ပြတ်ရှဒဏ်ရာ အဟောင်းမှာ လွန်ခဲ့သော ၂ လခန့်က ဓားဖြင့်မွှန်း၍ ရရှိသောဒဏ်ရာဖြစ်ပြီး ကျောတွင်ရရှိထားသော ညိုမဲ ဒဏ်ရာအဟောင်းမှာလည်း ရေနွေးပူဖြင့်လောင်း၍ ရရှိခဲ့သောဒဏ်ရာဖြစ်ကြောင်းသိရသည်။ထို့အပြင် ဦးခေါင်းဝဲ/ယာ ချိုစောင်းတွင် ရရှိထားသောပြတ်ရှဒဏ်ရာ အမာရွတ်ဟောင်းမှာ ဓားဖြင့်ခုတ်၍ ရရှိခဲ့သည့် ဒဏ်ရာဟောင်းဖြစ်ကြောင်း မိန်းကလေးငယ်ပြောပြချက်အရ သိရသည်။

လက်ရှိတွင် နှိပ်စက်ခံထားရသည့် အိမ်အကူမိန်းကလေးသည် အင်းစိန်ဆေးရုံတွင် အတွင်းလူနာအဖြစ် ဆေးကုသမှု ခံယူလျှက်ရှိပြီး စိုးရိမ်ရသည့်အနေအထားရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ ဖြစ်စဉ်တွင် အိမ်အကူမိန်းကလေးငယ်ကို နှိပ်စက်ခဲ့သော အိမ်ရှင်ဖြစ်သူ မသိင်္ဂီထွန်းအား တိုင်တန်း ချက်အရ ဘုရင့်နောင် နယ်မြေရဲစခန်း၌ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly