လှိုင်သာယာတွင် ဓားကိုင်ရမ်းကားသူအား ဖမ်းဆီးရာ ခုခံသဖြင့် သေနတ်နှင့် ပစ်ခတ်ဖမ်းဆီး

လှိုင်သာယာတွင် ဓားကိုင်ရမ်းကားသူအား ဖမ်းဆီးရာ ခုခံသဖြင့် သေနတ်နှင့် ပစ်ခတ်ဖမ်းဆီး

ရန်ကုန်၊ နိုဝင်ဘာလ ၆ ။              ။ ရန်ကုန်မြို့လှိုင်သာယာမြို့နယ်၊ (၁)ရပ်ကွက်တွင် ငါးမန်း(ခ)ဝင်းထွေးဆိုသူက ငှက်ကြီးတောင်ဓား ကိုင်ဆောင် ကာ ရမ်းကားနေသဖြင့် ရဲတပ်ဖွဲ့မှ သွားရောက်ဖမ်းဆီးခဲ့ရာ ဖမ်းဆီးသည့်ရဲများအား ဓားဖြင့်ပြေးခုတ်သဖြင့် သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ရကြောင်း သိရသည်။

နိုဝင်ဘာလ ၅ ရက်နေ့၊ ည ၁ဝ နာရီ ၄ဝ မိနစ်အချိန်တွင် တစ်ရပ်ကွက်တည်းနေ ဦးထွန်းဇော်ဆိုသူက အသက် ၃၂ နှစ်အရွယ်ရှိ  ငါးမန်း(ခ) ဝင်းထွေးသည် ဓားဖြင့်ခုတ်သတ်မည်ဟု ခြိမ်းခြောက်ပြောဆိုကာ အသက် ၁၇ နှစ်အရွယ်သမီးဖြစ်သူ၏ မင်္ဂလာဆောင်မဏ္ဍပ်အား ဓားဖြင့်ခုတ်၍ ဖျက်ဆီးနေသဖြင့် လှိုင်သာယာမြို့မ ရဲစခန်း သတင်းပေးအကြောင်းကြားခဲ့ခြင်းဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ နိုဝင်ဘာလ ၆ ရက်နေ့တွင်သတင်း ထုတ်ပြန်ထားသည်။

အဆိုပါ ဓားဖြင့် ရမ်းကားနေသူကို ရဲတပ်ဖွဲ့နှင့် အုပ်ချုပ်ရေးမှူးတို့က သွားရောက်ထိန်းသိမ်းခဲ့ရာ (၁)ရပ်ကွက်၊ ပိတောက်(၃)လမ်းထောင့်တွင်  ငါးမန်း(ခ)ဝင်းထွေးအား အရိုးအသွား ၂၂ လက်မခန့် ငှက်ကြီးတောင်ဓားကို ကိုင်ဆောင်ထားပြီး အရိုးအသွား ၁၂ လက်မခန့်ရှိ ဓားမြှောင် ၁ ချောင်းအား ခါးကြားထိုးလျှက်တွေ့ရှိခဲ့ပြီး ဓားကို အောက်ချ၍ အဖမ်းခံရန်ပြောဆိုစဉ် ရဲတပ်ဖွဲ့ဝင်များအား ဓားဖြင့်ပြေးခုတ်သောကြောင့် သတိပေးပစ် ခတ်ခဲ့ရာ ငါးမန်း(ခ) ဝင်းထွေး၏ လည်ပင်းယာဘက်တွင် ဒဏ်ရာတစ်ချက်ရရှိခဲ့၍ အင်းစိန်ဆေးရုံသို့ ပို့ဆောင်ကုသခဲ့သည်ဟု ပြန်ကြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ပါရှိခဲ့သည်။

လက်ရှိတွင် ဓားကိုင်ရမ်းကားခဲ့သူ ငါးမန်း(ခ) ဝင်းထွေးဆိုသူအား နိုဝင်ဘာလ ၆ ရက်၊ မွန်းလွဲ ၁၂ နာရီခွဲတွင် လှိုင်သာယာမြို့မရဲစခန်းမှ အမှုဖွင့်စစ်ဆေးလျှက်ရှိကြောင်း သက်ဆိုင်ရာရဲတပ်ဖွဲ့မှ သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly