အောင်ရဲထွေးအား ဝိုင်းရိုက်သူများကို မြင်ခြင်း၊ သိခြင်းမရှိဟု အောင်ရဲထွေး၏ ချစ်သူထွက်ဆို

အောင်ရဲထွေးအား ဝိုင်းရိုက်သူများကို မြင်ခြင်း၊ သိခြင်းမရှိဟု အောင်ရဲထွေး၏ ချစ်သူထွက်ဆို
အောင်ရဲထွေး၏ ချစ်သူ မပွင့်ကေခိုင်အား နိုဝင်ဘာလ ၆ ရက်နေ့၊ ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးရှေ့တွင် တွေ့ရစဉ်၊ ဓာတ်ပုံ - ရဲနိုင်(လောက်ကိုင်)

ရန်ကုန်၊ နိုဝင်ဘာလ ၆ ။            ။ လူမှုကွန်ရက်စာမျက်နှာတွင် ဟာသရုပ်သံများဖြင့် လူသိများခဲ့သည့် သရုပ်ဆောင် အောင်ရဲထွေး သေဆုံးခဲ့မှုနှင့် ပတ်သက်ပြီး အောင်ရဲထွေးအား ဝိုင်းရိုက်သူများကို မြင်ခြင်း၊ သိခြင်းမရှိဟု အောင်ရဲထွေး၏ ချစ်သူဖြစ်သော မပွင့်ကေခိုင်က ထွက်ဆိုခဲ့သည်။

မပွင့်ကေခိုင်မှာ အခင်းဖြစ်သည့်ညတွင် အောင်ရဲထွေးနှင့်အတူရှိနေသည့် မျက်မြင်သက်သေတစ်ဦးဖြစ်ပြီး နိုဝင်ဘာလ ၆ ရက်နေ့၊ ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးတွင် စွပ်စွဲခံရသူသားကြီး(ခ) သန်းထွဋ်အောင် အပါအဝင် ၃ ဦးကို ရုံးထုတ်ခဲ့ကာ မပွင့်ကေခိုင်အပါအဝင် The One Entertainment ဝင်းအတွင်း ပြုလုပ် ခဲ့သည့် ပါတီပွဲကို လုံခြုံရေးယူခဲ့သော လုံခြုံရေးအကြံပေးနှင့် လုံခြုံရေး ဝန်ထမ်းတို့အား စစ်ဆေး ခဲ့ခြင်း ဖြစ်သည်။

မပွင့်ကေခိုင်ထွက်ဆိုချက်အရ အောင်ရဲထွေးနှင့် လွန်ခဲ့သည့် ၂ နှစ်ခန့်မှ စတင်သိကျွမ်းခဲ့ခြင်းဖြစ်ပြီး သိကျွမ်းပြီး ၅ လခန့်အကြာတွင် ချစ်သူရည်စားဖြစ်ခဲ့ခြင်းဖြစ်ကြောင်း၊ ပြီးခဲ့သည့် ၂ဝ၁၇ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်၊ နှစ်သစ်ကူးညတွင် အောင်ရဲထွေးနှင့်အတူ The One Entertainment ဝင်းအတွင်းပြုလုပ်ခဲ့သည့် ပါတီပွဲသို့ သွားခဲ့ကြောင်းထွက်ဆိုခဲ့သည်။

သူ့အနေဖြင့် အဝေးမှုန်သူတစ်ဦးဖြစ်ပြီး ပါဝါမျက်မှန်တပ်နေရသူဖြစ်ကာ ထိုနေ့ညက ပါတီမီးများကြောင့် မျက်လုံးထိခိုက်မည်စိုး၍ နေကာမျက်မှန်တပ်ဆင်သွားခဲ့ကြောင်း၊ အခင်းဖြစ်စဉ်တွင် သူကိုယ်တိုင် အတွန်း ခံခဲ့ရပြီး ၁ဝ ပေခန့်သို့ လွင့်ကျသွားကာ အောင်ရဲထွေးအား ဝိုင်းရိုက်သူများကို လူ၊ နာမည်၊ ပုံဏ္ဍာန်အား ထင်ရှားစွာမတွေ့ရကြောင်း၊ ထွန်းထားသည့် မီးမှာလည်း မှိန်ဖျော့ဖျော့ဖြစ်နေကြောင်း၊ ခရိုင်ဥပဒေအရာရှိ၏ မေးမြန်းမှုကိုလည်းကောင်း၊ စွပ်စွဲခံရသူဘက်မှ ရှေ့နေများ၏ အပြန်အလှန်မေးမြန်းမှုများကိုလည်းကောင်း မပွင့်ကေခိုင်က ထွက်ဆိုခဲ့ခြင်း ဖြစ်သည်။

၎င်းတို့ ထိုင်နေသည့် V.V.I.P စာပွဲဝိုင်းသို့ အောက်ဘက်မှ လူမည်မျှတက်လာသည်ကိုမသိသလို အောင်ရဲ ထွေးကို မည်သို့လုပ်လိုက်ကြောင်းကိုလည်း မသိကြောင်း၊ အောင်ရဲထွေးမှာ လဲကျနေပြီး  ၎င်း၏ မျက်နှာမှာ နီနေကာ သွေးများတွေ့ရသည့်အပြင် အန်ပါအန်ခဲ့ကြောင်း ထွက်ဆိုခဲ့သည်။

မပွင့်ကေခိုင်၏ တရားခွင်အတွင်းထွက်ဆိုချက်များတွင် အောင်ရဲထွေးအား ဝိုင်းဝန်းရိုက်နှက်သူများကို မြင်တွေ့ ခဲ့ခြင်းမရှိသည့်အချက်များကိုသာ အဓိကထွက်ဆိုသွားခဲ့ပြီး သူ၏ ထွက်ဆိုချက်များမှာ ရဲရှေ့ထွက်ဆိုချက်များ နှင့် ကွဲလွဲချက်များရှိနေသဖြင့် ခရိုင်ဥပဒေအရာရှိက သက်သေခံဥပဒေအရ ရဲထွက်ချက်များဖြင့် တိုက်ဆိုင် စစ်ဆေးခဲ့သည်။

လူမှုကွန်ရက်စာမျက်နှာတွင် ဟာသရုပ်သံများဖြင့် လူသိများခဲ့သူ သရုပ်ဆောင် အောင်ရဲထွေး သေဆုံးခဲ့သည့် အမှုနှင့် ပတ်သက်ပြီး ရန်ကုန်အရှေ့ပိုင်းခရိုင်တရား ရုံးမှ တွဲဖက်ခရိုင်တရားသူကြီး(၂) ဦးမြင့်ဟန်က အောက် တိုဘာလ ၁၆ ရက်နေ့မှစပြီး အစမှ ပြန်လည်စစ်ဆေးနေခြင်းဖြစ်သည်။

အဆိုပါအမှုကို  ပြီးခဲ့သည့် ဇူလိုင်လ ၂၅ ရက်နေ့တွင် အမှုစစ်တရားသူကြီးက သက်သေအစုံ စစ်ဆေးပြီးစီးမှု မရှိသေးဘဲ စွဲချက်မတင်မီ အမှုရုပ်သိမ်းခွင့်ပြုခဲ့ခြင်းကြောင့် စွပ်စွဲခံရသူ ၃ ဦး ပြန်၍ လွတ်မြောက်ခဲ့သည်။ သို့သော် လူသတ်မှုအား ထိုသို့ လွှတ်ပေးခဲ့သည့်အတွက် ဝေဖန်မှုများ မြင့်တက်ခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး တိုင်းတရားလွှတ်တော်တွင် ပြန်လည်စစ်ဆေးခဲ့သည်။

စစ်ဆေးနေချိန် စွပ်စွဲခံရသူများအမှုမှ လွတ်မြောက်နိုင်ရန်အတွက် သိန်းပေါင်း ရဝဝ ကျော်စုပေါင်း လာဘ်စား ခဲ့သည့် တိုင်းဥပဒေချုပ် ဦးဟန်ထူး၊ တိုင်းဥပဒေအရာရှိ ဦးသိန်းဇော်၊ ခရိုင်ဥပဒေအရာရှိ ဦးကိုကိုလေး၊ ဒုခရိုင် ဥပဒေအရာရှိ ဒေါ်သစ်သစ်ခင်၊ တရားသူကြီး ဦးအောင်ကြည်နဲ့ ရဲအုပ်ချစ်ကိုကို တို့ကို အဂတိလိုက်စားမှု တိုက် ဖျက်ရေးကော်မရှင်မှ စက်တင်ဘာ ၁၃ ရက်နေ့တွင် အမှုဖွင့်အရေးယူခဲ့သည့် အဆင့်ထိ ဖြစ်ပေါ်ခဲ့သည်။

လက်ရှိ အောင်ရဲထွေးသေဆုံးခဲ့သည့်အမှုနှင့်ပတ်သက်ပြီး စွပ်စွဲခံရသူ ၃ ဦးအားရန်ကုန်အရှေ့ပိုင်းခရိုင်တရား ရုံးတွင် အစမှ ပြန်လည်စစ်ဆေးနေပြီး စုပေါင်းလာဘ်စားမှုဖြင့် ဖမ်းဆီးထားသည့် တိုင်းဥပဒေချုပ် ဦးဟန်ထူး အပါအဝင် ၆ ဦးကိုလည်း တိုင်းတရားလွှတ်တော်တွင်  အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေဖြင့် တရားစွဲထားပြီး အမှုအားစစ်ဆေးလျှက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required