လက်ရွေးစင်အသင်းများအတွက် ဂျာစီစပွန်ဆာအဖြစ် Warrix နှင့် MFF တို့စာချုပ် ချုပ်ဆို

လက်ရွေးစင်အသင်းများအတွက် ဂျာစီစပွန်ဆာအဖြစ် Warrix နှင့် MFF တို့စာချုပ် ချုပ်ဆို
ဓာတ်ပုံ-သူရ/မဇ္ဈိမ

ရန်ကုန်၊ နိုဝင်ဘာ ၆ ။           ။ မြန်မာ့လက်ရွေးစင် ဘောလုံးအသင်းအားလုံး၏ ဂျာစီစပွန်ဆာအတွက် ထိုင်းနိုင်ငံအခြေစိုက် Warrix Sport နှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ဟာ ၆ နှစ်သက်တမ်းရှိ ဒေါ်လာ ၅.၆၇ သန်းတန် စာချုပ်တစ်ခု ချုပ်ဆို ခဲ့ပါတယ်။

 မြန်မာ့လက်ရွေးစင် ဘောလုံးအသင်းတွေကို ယခင်က ထိုင်းအခြေစိုက် FBT ကုမ္ပဏီက စပွန်ဆာ ပေးထားတာ ဖြစ်ပြီး အောက်တိုဘာလထဲမှာ စပွန်ဆာသက်တမ်း ကုန်ဆုံးခဲ့တဲ့အတွက် ထိုင်းအခြေစိုက် Warrix တံဆိပ်နဲ့ အစားထိုးဖို့ စီစဉ်ခဲ့တာဖြစ်ပါတယ်။

  “ မြန်မာ့လက်ရွေးစင်အသင်းတွေဝတ်ဆင်မယ့် အင်္ကျီတွေကိုစပွန်ဆာပေးတာဖြစ်ပါတယ်။ မြန်မာ့လက်ရွေးစင် အသင်းအားလုံး လူကြီး၊ လူငယ်၊ မိန်းကလေးအသင်းတွေပါ အပါအဝင်ဖူဆယ်ရော ထရိန်နင်ဝတ်စုံကအစ ထမင်းစားဝတ်စုံ ခရီးသွားဝတ်စုံနဲ့ ဘောလုံး ကန်ဝတ်စုံ တွေကို ပံ့ပိုးပေးသွားမှာဖြစ်ပါတယ်” လို့မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အမှုဆောင်အရာရှိချုပ် ဦးဘုန်းနိုင်ဇော်ကပြောပါတယ်။

 အဆိုပါ စာချုပ်ချုပ်ဆိုပွဲကို နိုဝင်ဘာ ၆ ရက်နေ့က ရန်ကုန်မြို့ နိုဗိုတယ်ဟိုတယ်မှာ ပြုလုပ်ခဲ့ တာလည်း ဖြစ်ပါ တယ်။ ၆နှစ်သက်တမ်းရှိမယ့် အဆိုပါစာချုပ်သက်တမ်းအတွင်း ပထမနှစ်မှာ အမေရိကန်ဒေါ်လာ ၇ သိန်းနဲ့ ၄သောင်းတန်ဖိုးရှိ အဝတ်အစားနဲ့ ပစ္စည်းတွေကိုရရှိမှာဖြစ်ပြီး ငွေသားအမေရိကန်ဒေါ်လာ ၁ သိန်းခွဲ ရရှိမှာ ဖြစ်ပါတယ်။

 အဆိုပါ စပွန်ဆာကို ဒုတိယနှစ်နဲ့ တတိယနှစ်အထိဆက်လက်ရရှိမှာဖြစ်ပြီး စတုတ္ထနှစ်ကနေ ဆဌမနှစ်အထိ ကာလမှာတော့ အမေရိကန်ဒေါ်လာ ၇ သိန်း ၈ သောင်းတန်ဖိုးရှိတဲ့ ပစ္စည်းတွေရရှိမှာဖြစ်သလို အမေရိကန် ဒေါ်လာ ငွေသားနှစ်သိန်းစီလည်း ရရှိမှာ ဖြစ်ပါတယ်။

 “ တံဆိပ်အမျိုးမျိုးနဲ့ ကျွန်တော်တို့ ဝယ်ပြီးတော့ဝတ်ရတဲ့အနေအထားတွေထိ ကျွန်တော်တို့ကြုံခဲ့ဖူးတယ်။ ကျွန်တော့်ရဲ့ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ သက်တမ်းတစ်လျှောက်မှာ FBT စာချုပ်ကုန်သွားတဲ့အခါ Warrix ကနေပြီး ကျွန်တော်တို့ကို offer လုပ်တယ်။ ကျွန်တော်တို့ ခေါ်ကြည့်တဲ့အခါမှာ ၄၊ ၅ ခုလောက်ရှိတယ်။ ဒါပေမယ့် Warrix လောက်ဘယ်သူမှမပေးနိုင်ဘူး။ ဒါကြောင့် Warrixကနေရှေ့လျှောက် ရင်းနှီးမြုပ်နှံမှုတွေ လုပ်ပြီး ဒါထက်ပိုကောင်းတဲ့ အရည်အသွေးနဲ့တံဆိပ်တစ်ခုဖြစ်အောင်တည်ဆောက်နေတာဖြစ်တဲ့အတွက် အနာဂတ်မှာ Win-Win အနေနဲ့သွားလို့ရမယ်ထင်ပါတယ်” လို့  မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော် ကဆိုပါတယ်။

 မြန်မာ့လက်ရွေးစင်အသင်းများအနေနဲ့ Warrix မှ စပွန်ဆာပေးအပ်မယ့် ဂျာစီအကျင်္ီကို လာမယ့် နိုဝင်ဘာလ အတွင်း စတင်ကျင်းပမယ့် ဆူဇူကီးဖလား ၂၀၁၈ မှ စတင်ဝတ်ဆင်အသုံးပြုသွားမှာဖြစ်ပါတယ်။

 Warrix Sports ကုမ္ပဏီကို ၂၀၁၃ ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပြီး လက်ရှိမှာ ထိုင်းလက်ရွေးစင် ဘောလုံး အသင်းနဲ့ ထိုင်းလိဂ်မှ ကလပ်အသင်းများကို စပွန်ဆာပေးထားတယ်လို့ သိရပါတယ်။  

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly