၆နှစ်ကျော်ကြာထွက်ပြေးနေသော မုံရွာမြို့မှ မူးယစ်တရားခံပြေးကို ဖမ်းမိ

၆နှစ်ကျော်ကြာထွက်ပြေးနေသော မုံရွာမြို့မှ မူးယစ်တရားခံပြေးကို ဖမ်းမိ

မုံရွာ ၊ နိုဝင်ဘာ ၆ ။             ။ ၆ နှစ်ကျော်ကြာထွက်ပြေးတိမ်းရှောင်နေသော မုံရွာမြို့မှ မူးယစ်တရားခံပြေးတစ်ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံမူးယစ်ဆေးဝါး နှိမ်နှင်းရေးနှင့်ထိန်းချုပ်ရေးဗဟိုကော်မတီ၏ တရားဝင်သတင်းထုတ်ပြန်ချက်အရ သိရသည်။

 မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု(၈)မုံရွာမှ တပ်ဖွဲ့ဝင်များသည် ပူးပေါင်းအဖွဲ့နှင့်အတူ မူးယစ်ဆေးဝါး တားဆီး နှိမ်နင်းရေးဆောင်ရွက်စဉ် ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးအမှုမှ တရားခံအား စစ်ဆေး ဆောင်ရွက် ရာမှ မူးယစ်ဆေးဝါးမှု၊ လက်နက်မှုတို့ဖြင့် ထွက်ပြေးတိမ်းရှောင်နေသော တရားခံပြေးအား ဖမ်းဆီးရမိပြီး ပစ္စတို သေနတ် ၁ လက်နှင့် ကျည် ၄ တောင့် ဖော်ထုတ်သိမ်းဆည်းရမိခဲ့ခြင်းဖြစ်သည်။

 ဖြစ်စဉ်မှာ အောက်တိုဘာလ ၂၈ ရက်နေ့ ၁ဝနာရီ ၃ဝ အချိန်တွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်  ဖွဲ့စု(၈)မုံရွာမှ တပ်ဖွဲ့ဝင်များသည် နယ်မြေခံရဲတပ်ဖွဲ့ဝင်များ၊ စစ်ဘက်ရေးရာ လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်း၍ မူးယစ်ဆေးဝါး သတင်းအရ သက်သေများနှင့်အတူ မြင်းမူမြို့၊ ညောင်ဦးဖီးရပ်ကွက်၊ ရေနံမြေ လမ်းတွင် ဆိုင်ကယ်မောင်းနှင်လာသူ အောင်ကိုဝင်း(ခ)လေအိုး ၃၁ နှစ်အား 88/1 စာတန်းပါ စိတ်ကြွရူးသွပ် ဆေးပြား ၁၆၁ ပြား (ဒေသကာလပေါက်စျေးတန်ဖိုး ငွေ ၈ဝ၅ဝဝဝ ကျပ်)နှင့် လက်ကိုင်ဖုန်း ၁ လုံးတွေ့ရှိ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

 ထို့နောက် ကွင်းဆက်ဖော်ထုတ်ချက်အရ မူးယစ်ဆေးဝါး ရောင်းချခိုင်းသူ ကျော်မိုးဦး ၃၅ နှစ် ဖမ်းဆီးရမိိပြီး အမှုဖြင့်စစ်ဆေးနေစဉ် အောင်ကိုဝင်း(ခ)လေအိုးထံသို့ မူးယစ်ဆေးဝါး ဝယ်ယူလိုကြောင်း ဖုန်းဖြင့် ဆက်သွယ် လာသူ နိုင်ထွန်း(ခ)အောင်နိုင်ထွန်း ၅ဝ နှစ်အား စိစစ်အတည်ပြုခဲ့ရာ ၎င်းမှာ မုံရွာနယ်မြေရဲစခန်းမှ မူးယစ် ဆေးဝါး အမှုဖြင့်လည်းကောင်း၊ ဘားအံမြို့မရဲစခန်းမှ တရားမဝင် လက်နက်သယ်ဆောင် ရောင်းဝယ် မှုဖြင့် လည်းကောင်း၊ ထွက်ပြေးတိမ်းရှောင်နေသော တရားခံပြေးတစ်ဦး ဖြစ်ကြောင်း သိရသဖြင့် ရှာဖွေဖမ်းဆီးရာ နိုင်ထွန်း(ခ)အောင်နိုင်ထွန်းအား မြင်းမူမြို့အဝင်တိုးဂိတ်အနီးတွင် ယာဉ်အမှတ် ၃ခ/----- နှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။

 ဆက်လက်၍ နိုင်ထွန်း(ခ)အောင်နိုင်ထွန်းမှ ၎င်းဝယ်ယူထားသည့် လက်နက်ခဲယမ်းများအား တပည့် ဖြစ်သူ အိုက်စိုင်း ၃ဝ နှစ်ထံ အပ်နှံထားကြောင်း သိရှိရသဖြင့် အောက်တိုဘာလ ၃၁ ရက်နေ့ ၄ နာရီ တွင် အိုက်စိုင်း ထံမှ အီတလီနိုင်ငံထုတ် BERETTA အမျိုး အစား ပစ္စတိုသေနတ် ၁ လက်၊ 7.65 Br ကျည် ၄ တောင့်၊ ကျည်အိမ် ၁ ခု၊ ဆိုင်ကယ် ၁ စီး၊ လက်ကိုင်ဖုန်း ၁ လုံးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး မုံရွာ နယ်မြေ ရဲစခန်းတွင် လက်နက်အက်ဥပဒေဖြင့် အမှုဖွင့်အရေးယူပြီး ကွင်းဆက်များ ဖော်ထုတ်စစ်ဆေးလျှက်ရှိကြောင်း သိရသည်။

တရားမဝင်လက်နက်ကိုင်ဆောင်သူ၊ မူးယစ်တရားခံပြေး ဖမ်းဆီးရမိမှုအတွက် မူးယစ်တပ်ဖွဲ့စု(၈)မုံရွာ စခန်းသို့ အကြိမ်ကြိမ် သွားရောက်မေးမြန်သော်လည်း ပြန်လည်ဖြေကြားခြင်းမရှိခဲ့ပေ။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly