ဂရိတ်ဗြိတိန်ကျွန်းစုကြီးတစ်ခုလုံးကို ဖြတ်ကူးနိုင်ခဲ့တဲ့ ဗြိတိသျှရေကူးချန်ပီယံ

ဂရိတ်ဗြိတိန်ကျွန်းစုကြီးတစ်ခုလုံးကို ဖြတ်ကူးနိုင်ခဲ့တဲ့ ဗြိတိသျှရေကူးချန်ပီယံ

နိုဝင်ဘာ ၆ ။          ။ ပြီးခဲ့တဲ့ ဇွန်လ၊ ၁ ရက်နေ့က ဂရိတ်ဗြိတိန်ကျွန်းစု၊ အင်္ဂလန်တောင်ဘက်ကမ်းရိုးတန်းဒေသ၊ ခန့်မြို့၊ မာကိတ်ဆိပ်ကမ်းကနေ ရေကူးပြီး ထွက်ခွာသွားခဲ့တဲ့ ဗြိတိသျှလူမျိုး ရေကူးချန်ပီယံ ရော့စ် အက်ဂျ်ကလေဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၅ ရက်နေ့က အဆိုပါ မာကိတ်ဆိပ်ကမ်းကို ပြန်လည်ရောက်ရှိလာခဲ့ကြောင်း သိရှိရပါတယ်။

ရေကူးချန်ပီယံ ရော့စ် အက်ဂျ်ကလေဟာ မိုင်ပေါင်း ၁၇၉၁ မိုင် (၂၈၈၂ မီတာ) ရှိတဲ့ ရေကြောင်းခရီးအတွက် ၅လကြာ ရေကူးလာခဲ့တာဖြစ်ပါတယ်။

“တစ်ရက်ကို ၁၂ နာရီရေကူးတယ်။ လှိုင်းပုတ်တာခံရတယ်။ ဂျယ်လီငါးတွေက မျက်နှာလာကိုက်တော့ မျက်နှာဖုံးတပ်ရတယ်။ ကျွန်တော့်ဘေးမှာ ငါးမန်းတစ်ကောင်လိုက်ကူးလာတဲ့အချိန်တွေရှိတယ်။ အစတုန်းကတော့ ရက် ၁၀၀ ကြာမယ်လို့ မှန်းထားတာ။ ဒါပေမယ့် ၁၅၇ ရက်ကြာသွားတယ်။ လူတွေကတော့ ကျွန်တော်မလုပ်နိုင်ဘူးလို့ ပြောခဲ့ကြတာပေါ့။ ရေကူးနေတုန်းကတော့ ပခုံးတွေတော်တော်နာတယ်။ အစားအစာအတွက်ကတော့ လှေတစ်စင်းပါလာတယ်လေ။ အဲ့ပေါ်မှာအိပ်တယ်။ အဲ့မှာပဲစားတယ်။ ခရီးတစ်လျှောက်မှာ အားဖြည့်ဖို့အတွက် ဌက်ပျောသီးအလုံး ၅၀၀ ကျော်စားခဲ့တယ်။”လို့ လှိုင်းဒဏ်တွေကို အံတုရင်း အေးစိမ့်နေတဲ့ ပင်လယ်ပြင်မှာ ၁၅၇ ရက်ကြာ ရေကူးခဲ့တဲ့ ရော့စ် အက်ဂျ်ကလေက ပြောပါတယ်။

အသက် ၃၃ နှစ်ရှိပြီဖြစ်တဲ့ ရေကူးချန်ပီယံ ရော့စ် အက်ဂျ်ကလေဟာ ကမ္ဘာ့စံချိန်လေးခုကို စံချိန်တင်နိုင်ခဲ့တဲ့ ချန်ပီယံတစ်ဦးဖြစ်ကြောင်း ၎င်းကို စပွန်ဆာပေးထားတဲ့ ကျွဲရိုင်းအားဖြည့်အချိုရည် ကုမ္ပဏီတာဝန်ခံက ပြောပါတယ်။

ရော့စ် အက်ဂျ်ကလေဟာ အင်္ဂလန်ရဲ့ တောင်ဘက်ကမ်းရိုးတန်းဒေသတစ်လျှောက်မှာ ပထမဆုံးရေကူးတဲ့ ချန်ပီယံတစ်ယောက်အဖြစ် ပြီးခဲ့တဲ့ ဇူလိုင်လမှာ သတ်မှတ်ခံခဲ့ရတာဖြစ်ပါတယ်။

ဒါအပြင် ကမ္ဘာ့အရှည်ဆုံးရေကြောင်းခရီးကို ဖြတ်ကူးနိုင်တဲ့ ရေကူးချန်ပီယံအဖြစ် သြဂုတ်လမှာ ဂုဏ်ပြုချီးမြင့်ခံခဲ့ရတယ်လို့ သိရပါတယ်။

ရော့စ် အက်ဂျ်ကလေဟာ အင်္ဂလန်အနောက်တောင်ဘက်ကနေ စကော့တလန်မြောက်ဖျားပိုင်းဘက်ကို အမြန်ဆုံးရောက်အောင်ကူးနိုင်တဲ့ ကမ္ဘာ့ရေကူးအမြန်ဆုံး ချန်ပီယံတစ်ဦးလည်း ဖြစ်ပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly