ဖခင်ဖြစ်သူရဲ့သီချင်းတွေနဲ့ နဂါးနီ တေးစီးရီးကို တေးသံရှင် ဖိုးသောကြာ မိတ်ဆက်

ဖခင်ဖြစ်သူရဲ့သီချင်းတွေနဲ့ နဂါးနီ တေးစီးရီးကို တေးသံရှင် ဖိုးသောကြာ မိတ်ဆက်

ရန်ကုန်    အောက်တိုဘာ   ၆ ။              ။ မြန်မာသံစဉ်တေးသီချင်းတွေကို ပရိသတ်သိအောင် ချပြနေတဲ့တေးသံရှင် ဖိုးသောကြာက ဖခင်ဖြစ်သူ ဦးသုမောင်သီဆိုခဲ့တဲ့ သီချင်းတွေကိုပြန်ဆိုခဲ့ပြီး နဂါးနီလို့ အမည်ပေးထားတဲ့ တေးစီးရီးကို  မိတ်ဆက် လိုက်ပါတယ်။

တေးသံရှင် ဖိုးသောကြာက ရန်ကုန်မြို့၊ Orchid Hotel မှာ နိုဝင်ဘာလ ၅ ရက်နေ့က နဂါးနီ တေးစီးရီး မိတ်ဆက်ပွဲကိုပြုလုပ်ခဲ့ပြီး ဒီတေးစီးရီးဟာ ခေတ်ဟောင်း မြန်မာဂန္ထဝင်တေးသီချင်းတွေဖြစ်တဲ့အတွက် သီချင်း တွေပြန်ဆိုဖို့ တာဝန်ကြီးတယ်လို့လည်း တေးသံရှင် ဖိုးသောကြာက ပြောပါတယ်။

“ကျွန်တော် ပြန်ဆိုရမယ့်အချိန်မှာ အရမ်းတာဝန်ကြီးပါတယ်။ တလုံးတလေမှလည်း အတိမ်းအစောင်း အမှား အယွင်း မဖြစ်အောင် ကြိုးစားထားတာပါ။ ကျွန်တော် ဒီသီချင်းတွေ ပြန်ဆိုတဲ့ရည်ရွယ်ချက်က မြန်မာသီချင်းဟာ ဒါမျိုးပါဆိုတာကို ပြချင်တဲ့ ရည်ရွယ်ချက်ပါတယ်” လို့ ဖိုးသောကြာက ပြောပါတယ်။

ဒါအပြင် ဘယ်ပွဲပဲရောက်ရောက် ဖခင်ဖြစ်သူလည်း သီဆိုခဲ့ဖူးတဲ့ နဂါးနီသီချင်းကို ပြန်လည်သီဆိုဖို့ အမြဲ တောင်းဆိုခံရတဲ့အတွက် နဂါးနီသီချင်းကို ပြန်လည်သီဆိုပြီး စီးရီးခေါင်းစဉ်ကိုလည်း နဂါးနီလို့ပဲ ပေးခဲ့တာလို့ ဖိုးသောကြာက ဆိုပါတယ်။

ဒီတေးအယ်လဘမ်ထဲမှာ ဂန္ထဝင်မြန်မာတေးသီချင်းတွေဖြစ်ကြတဲ့ စစ်ကိုင်းတောင်၊ နဂါးနီ၊ လှမဥ္ဇူ၊ ကိုယ့်ဒူး ကိုယ်ချွန်၊ ရွှေပုပ္ပါး၊ ကသစ်ပန်းနဲ့ လူချွန်လူကောင်း စတဲ့ တေးသီချင်း သီချင်း ၇ ပုဒ်ကို ပြန်လည်သီဆိုထားပြီး၊ တေးရေးတွေအဖြစ် အလင်္ကာကျော်စွာ မြို့မငြိမ်း၊ ရွှေတိုင်ညွန့်နဲ့ ရွှေညာမောင်တို့က ရေးသားထားတာဖြစ်ပါ တယ်။ တေးသံရှင် ဖိုးသောကြာရဲ့ “နဂါးနီ” တေးအယ်လဘမ်ကို Natural Music Band ဖြစ်တဲ့ ဖိုးသောကြာ၊ ဂီတမှူးဇေယျာမင်း၊ ဖိုးသင်္ကြန်တို့ ၃ ဦးဖွဲ့ထားတဲ့ Band နဲ့ တီးခတ်ထားတယ်လို့ သိရပါတယ်။

''ကျွန်တော့်သမီးကို ကျွန်တော် သီချင်းတွေ အကုန်ပေးနားထောင်ခိုင်းတယ်။ အင်္ဂလိပ်သီချင်းရော၊ အခု မြန်မာ ခေတ်ပေါ်သီချင်းတွေရော၊ သူနားထောင်ချင်တာမှန်သမျှ အကုန်ပေးနားထောင်ခိုင်းတယ်။ ဒါက ဘယ်သူဆို တာဘာအဓိပ္ပါယ်ဆိုတာ ရှင်းပြတယ်။ ကျွန်တော်ဖြစ်စေချင်တာက လူငယ်တွေလည်း ကိုယ့်ရဲ့သားသမီးတွေ ကို အနည်းဆုံး တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ် ဖွင့်ပြပေးစေချင်တယ်။ မြန်မာလူမျိုးတွေရဲ့သီချင်းဆိုတာ ဘယ် လိုမျိုးလဲဆိုတာ သိစေချင်တယ်။" လို့ တေးသံရှင် ဖိုးသောကြာက ပြောပါတယ်။

တေးသံရှင်ဖိုးသောကြာဟာ ရုပ်ရှင်ရိုက်ကူးခြင်းတွေကို လတ်တလောနားထားပြီး ဂီတအလုပ်ကိုသာ လက်ရှိ အချိန်ပေးဖြစ်တယ်လို့ ဆိုပါတယ်။ သူရဲ့တေးသီချင်းတွေကို အွန်လိုင်းကနေလည်း တင်ပေးသွားဖို့ အစီ အစဉ်လည်း ရှိနေတယ်လို့ ဖိုးသောကြာက ပြောပါတယ်။

တေးသံရှင်ဖိုးသောကြာဟာ ဖခင်ဖြစ်သူ အဆိုတော်၊ ရုပ်ရှင်မင်းသား၊ စာရေးဆရာ သုမောင်ရဲ့သားဖြစ်ပြီး ဖခင်ဖြစ်သူနဲ့တူတယ်လို့ မှတ်ချက်ပြုခံရတဲ့အပေါ်ဂုဏ်ယူတယ်လို့လည်း တေးစီးရီးမိတ်ဆက်ပွဲမှာ ပြောကြားခဲ့ ပါတယ်။ ဖိုးသောကြာဟာ ပထမဆုံးတေးစီးရီးအဖြစ် “အချစ်လား သူဖျားနေတယ်”  နဲ့ စုံတွဲခွေတွေလည်း ထွက်ရှိထားပါတယ်။ ယခုမိတ်ဆက်လိုက်တဲ့ “နဂါးနီ”  တေးအယ်လ်ဘမ်ကိုတော့ နိုဝင်ဘာလ ၅ ရက်နေ့ ကစပြီး မန်းသီရိတေးသံသွင်းကနေ မြန်မာတစ်နိုင်ငံလုံးကို ဖြန့်ချိသွားမှာဖြစ်တယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly